သတင်း

ငြိမ်းချမ်းရေးဆွေးနွေးရန် ဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့်ကော်မတီဖွဲ့စည်း

တနိုင်ငံလုံးရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အားလုံးနှင့် ငြိမ်းချမ်းရေးရရှိသည်အထိ ဆွေးနွေးရန် ဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့် အမြဲတမ်းကော်မတီ ၁ ခုကို တပ်မတော်က နိုဝင်ဘာ ၉ ရက်နေ့က ဖွဲ့စည်းလိုက်သည်ဟု သတင်းရရှိသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံး သည်အထိ လိုအပ်လျှင် လိုအပ်လို့ တပ်မတော်နဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် ဖွဲ့လိုက်တဲ့ Permanent (အမြဲတမ်း) အဖွဲ့အစည်းဖြစ်တယ်။ အဲဒီလုပ်ငန်းကိုပဲ အာရုံစိုက်လုပ်နိုင်အောင်လို့ Permanent ဖွဲ့လိုက်တာ ဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ ကော်မတီ၏အမည်မှာ တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ ဖြစ်ပြီး ဥက္ကဋ္ဌ အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးတို့ ဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယ ဗိုလ်ချုုပ်ကြီး တင်မောင်ဝင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်တို့မှာ ကော်မတီ၏ အဖွဲ့ဝင်များ ဖြစ်သည်။

ထိုအမြဲတမ်းကော်မတီတွင် ပါဝင်သည့် ဗိုလ်ချုပ်ကြီးများမှာ အစိုးရ ဦးဆောင်နေသည့် အမျိုးသား ပြန်လည် သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၊ ငြိမ်းချမ်းရေးကော်မရှင်(PC) တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု များတွင်လည်း တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ်များအနေဖြင့် ပါဝင်ဆွေးနွေး နေကြသူများ ဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း က “သူက ၃ ခုလုပ်ဆောင်မှာ ဖြစ်တယ်။ NCA လမ်းကြောင်းအတိုင်းနဲ့ NCA လက်မှတ်ရေးထိုး ပြီးသား တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် လုပ်မယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေလည်း NCA လက်မှတ်ရေးထိုးပြီး ဆက်လက် ဆွေးနွေးနိုင်အောင်လို့လည်း ထာဝရငြိမ်းချမ်းရေး ပြီးဆုံးသည်အထိ ဆွေးနွေးသွားမယ့် Permanent အဖွဲ့အစည်း ဖြစ်ပါတယ်”ဟုလည်း ပြောသည်။

တပ်မတော်နှင့် စစ်ရေးတင်းမာနေဆဲဖြစ်သည့် ရက္ခိုင်စစ်တပ် (AA) ကို ဆွေးနွေးညှိနှိုင်းရန် စဉ်းစားချက် ရှိ၊ မရှိ မေးမြန်းရာ ဗိုလ်ချုပ်ဇော်မင်းထွန်းက အားလုံးအကျုံးဝင်ပါကြောင်း၊ အားလုံးနှင့် ဆွေးနွေးမည် ဖြစ်ပါသည်ဟု ဖြေဆိုသည်။

ဆက်လက်ပြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက တပ်မတော်၏ အမြဲတမ်းကော်မတီနှင့် ဆွေးနွေးခြင်း၊ မဆွေးနွေးခြင်းမှာ တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့များအပေါ်တွင် မူတည်ပြီး၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဘက်မှ လိုအပ်လာပါက ဆွေးနွေးနိုင်ရန် တပ်မတော်က ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်ဟုလည်း ပြောသည်။

နိုဝင်ဘာ ၉ ရက်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် ကော်မတီဖွဲ့စည်းကြောင်း ပါဝင်သည့်အပြင် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ဆွေးနွေးနေဆဲ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြန်ဆုံး ဆက်လက်ဆွေးနွေးရန် လိုအပ်လျက် ရှိပါသည်ဟုလည်း ထည့်သွင်း ရေးသားထားသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA) ၊ ရက္ခိုင်စစ်တပ်(AA) နှင့် အစိုးရ၊တပ်မတော်ကြား ပဏာမအပစ်ရပ် စာချုပ်တစောင် (Bilateral) ချုပ်ဆိုနိုင်ရန် ညှိနှိုင်းရာတွင် ကြားဝင်ချိတ်ဆက်ညှိနှိုင်းပေးနေသည့် ငြိမ်းချမ်းရေး အကျိုး တော်ဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက တပ်မတော်က အမြဲတမ်းကော်မတီ ဖွဲ့ခြင်းနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ကောင်းသည့် လက္ခဏာဟု သုံးသပ်ကြောင်း ပြောသည်။

ဦးလမိုင်ဂွမ်ဂျာက “ဘာပဲ ဖြစ်ဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ကြန့်ကြာ သွားရခြင်း ကိစ္စက ကိုဗစ်-၁၉ ကိစ္စရယ်၊ ရွေးကောက်ပွဲ ကိစ္စရယ်ကြောင့်ပေါ့။ အခုက ရွေးကောက်ပွဲလည်း ပြီးပြီ ကိုဗစ် -၁၉ လည်း ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာထိ ရောက်ပြီဆိုတော့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေလည်း ဆက်ဆွေးနွေးဖို့ လိုအပ်လာလို့ရှိရင် ဆိုတဲ့ ပုံစံနဲ့ အရာရှိကြီးတွေနဲ့ တပ်မတော်ကလည်း ဖွဲ့စည်းထားပြီဆိုတာက ကောင်းတဲ့ လက္ခဏာပါ” ဟု ပြောသည်။

Bilateral ဆွေးနွေးနေသည့်အစိုးရ၊ တပ်မတော်နှင့် KIA၊ TNLA၊ MNDAA၊ AA တို့ကြား ဆွေးနွေးမှုသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာတွင် ကျိုင်းတုံမြို့၌ နောက်ဆုံး တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင်း ပြန်တွေ့ဆုံရန် ညှိနှိုင်းထားရာ ကိုဗစ်-၁၉ ရောဂါကြောင့် ပြန်တွေ့နိုင်ခြင်း မရှိဘဲ ဆွေးနွေးမှုများလည်း ရပ်တန့်နေသည်။

အွန်လိုင်းမှတဆင့် ဆွေးနွေးရန် အစိုးရဘက်မှ ကမ်းလှမ်းသော်လည်း မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သည့် KIA၊ TNLA ၊MNDAAနှင့် AA တို့သည် ခေါင်းဆောင်များ အတူတကွ တနေရာတည်းတွင် မရှိပါက ဆွေးနွေးရန် အဆင်မပြေကြောင်း ပြောဆိုပြီး အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့်လည်း လူချင်းတွေ့ဆုံလိုသဖြင့် ကိုဗစ်-၁၉ ရောဂါ မစိုးရိမ်ရသည့် အခြေအနေမှသာ ပြန်တွေ့ဆုံကြရန် ပြောဆိုထားသည်။

Bilateral စာချုပ် ချုပ်ဆိုပါက အပစ်ရပ်ရုံတခုတည်း မဟုတ်ပဲ နှစ်ဖက်တပ်နေရာချထားရေးများကို တပါတည်း အသိ အမှတ်ပြု ထည့်သွင်း သဘောတူရန်၊ အပစ်ရပ်ထားချိန်တွင် နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင်သည့် စောင့်ကြည့်သည့် ယန္တရားတခုကို ထားရှိရန် တို့ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့များဘက်မှ အဆိုပြုထားပြီး နောက်ဆုံး တွေ့ဆုံခဲ့သည့် ကျိုင်းတုံ ဆွေးနွေးပွဲတွင် ထိုအချက်များကို အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွင် ပါလာသည့် တပ်မတော် ကိုယ်စားလှယ်များက လက်မခံကြောင်း ပြောဆိုထားသည်ဟု TNLA က ဧရာဝတီကို ပြောဆိုထားသည်။

ဦးလမိုင်ဂွမ်ဂျာက “ပြန်ဆွေးနွေးဖို့ လောလောဆယ်တော့မရှိသေးဘူး။ အခုက ကိုဗစ်-၁၉ ကိစ္စရော ရွေးကောက်ပွဲ ကိစ္စ ရောနဲ့ ရှုပ်နေတော့ အစိုးရလည်း အလုပ်ရှုပ်နေမယ်ထင်တယ်။ ဘာမှ ပြောတာ မရှိသေးဘူး။ နောက်တော့ ဆက်သွယ် လာမယ်လို့ ထင်ပါတယ်”ဟုလည်း ပြောသည်။

NCA လက်မှတ်ရေးထိုးထားသည့် ၁၀ ဖွ့ဲထဲမှ ၁ ဖွဲ့ဖြစ်သည့် ရခိုင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ALP) ၏ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက တပ်မတော်၏ အမြဲတမ်း ကော်မတီဝင်များထဲမှ ဗိုလ်ချုပ်ကြီးအချို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တလျှောက်တွင် ပါဝင်ဆွေးနွေးနေသူများ ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်လည်း အတွေ့အကြုံရှိသူများဖြစ်သဖြင့် ထိုကော်မတီကို အကောင်းဘက်မှ ရှုမြင်ပါသည်ဟု ပြောသည်။

ဒေါ်စောမြရာဇာလင်းက “ကျမ နားလည်သလောက်ကတော့ တပ်က ပြောချင်တာ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို ညွှန်း ဆိုတယ်လို့ နားလည်ပါတယ်။ ကျမတို့ မူဘောင်ထဲမှာ ဆိုရင် အပိုဒ် ၃၀ နှင့်အညီ ဆွေးနွေးမယ်ဆိုတာက ရှိနှင့်တယ်။ ဆိုတာတော့ တပ်ကိစ္စကို တပ်နဲ့ပဲ ဆွေးနွေးစေချင်တဲ့သဘောလို့ကျမ သဘောပေါက်ပါတယ်။ တဖွဲ့ရဲ့ ကိစ္စကို တဖွဲ့က ဝင်ပြောလို့ မရဘူး။ ဘယ်အဖွဲ့မဆို လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို စကားပြောမယ်ဆိုရင် ဒီခေါင်းဆောင်တွေနဲ့ပဲ စကားပြော ပါလို့ ချပြလိုက်တာလို့ပဲ သဘောရပါတယ်”ဟု ပြောသည်။

အပစ်ရပ် ၁၀ ဖွဲ့သည် လက်ရှိအစိုးရလက်ထက်တွင် အစိုးရက ဦးဆောင်ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံအစည်းအဝေးများတွင် ပါဝင်ဆွေးနွေးနေပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ခုကို ချုပ်ဆို နိုင်ခဲ့သည်။

နောက်ဆုံး သဘောတူချုပ်ဆိုနိုင်ခဲ့သည့် အစိတ်အပိုင်း (၃)တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည် ထောင်စုကို တည်ဆောက်ရန် အခြေခံမူ ၅ ချက်ကို သဘောတူညီနိုင်ခဲ့သည်။

သို့သော် ဖက်ဒရယ်စနစ် တည်ဆောက်ရာတွင် အရေးကြီးဆုံး အချက်တချက်ဖြစ်သည့် ပြည်နယ်အတွက် ဥပဒေရေးဆွဲ ရေးကို ဆွေးနွေးရာတွင် အပစ်ရပ် ၁၀ဖွဲ့ဘက်မှ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဟု သုံးနှုန်းလိုပြီး တပ်မတော်ဘက်က ကန့်ကွက်ခဲ့သည်။

ထို့နောက် အစိုးရနှင့် တပ်မတော်တို့က ပြည်နယ်အခြေခံဥပဒေ ဟုသာ လက်ခံကြောင်း ပြောဆိုပြီး အပစ်ရပ် ၁၀ ဖွဲ့ဘက်မှ
အပစ်ရပ် ၁၀ ဖွဲ့အနေဖြင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဟုသာ သုံးနှုန်းရန် ရပ်ခံထားသဖြင့် ညှိနှိုင်းမရပဲ ထိုအချက်မှာ ဆက်လက်ဆွေးနွေးရမည့် အချက်ဖြစ်သည်။

ထို့ပြင် အပစ်ရပ် ၁၀ ဖွဲ့အနက် နယ်မြေနှင့် လက်နက်ကိုင်တပ်ဖွဲ့ အင်အား တောင့်တင်းသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် တပ်မတော်သည် တပ်နေရာချထားရေး၊ နှစ်ဖက်တပ်များ နယ်မြေသတ်မှတ်ရေးကို ယနေ့ထိ လုပ်ဆောင် နိုင်ခြင်း မရှိသဖြင့် ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ပဋိပက္ခပြန်လည် ဖြစ်ပွားခြင်းများလည်း ရှိသည်။

တပ်မတော်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်ကလည်း အပစ်ရပ်ကြောင်းကြေငြာပေးပြီး အပစ်ရပ်ရေး ဆွေးနွေးနေ သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လိုအပ်ပါက တပ်မတော်နှင့် ညှိနှိုင်းနိုင်ရန်ဟုဆိုကာ ညှိနှိုင်း ရေး အဖွဲ့ ၁ ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ထိုအဖွဲ့တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ကာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ တြိဂံတိုင်း စစ်ဌာနချုပ်နယ်မြေတို့မှ တိုင်းမှူးများ ပါဝင်သည်။

NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့အနေဖြင့်လည်း လိုအပ်လာပါက တပ်မတော်၏ ညှိနှိုင်း ရေးအဖွဲ့က NCA သဘောတူစာချုပ်ပါ အချက်များအတိုင်း ၁ ဖွဲ့ချင်း ဆွေးနွေးပေးမည်ဟု ထုတ်ပြန်ထားသည်။

ယခုအခါ အမြဲတမ်းကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ပြီဖြစ်သဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်က ဖွဲ့စည်းထားသည့် အဖွဲ့မှာ ပျက်ပြယ်သွားပြီဟုလည်း တပ်မတော်ထံမှ သိရသည်။

You may also like these stories:

ကချင်ပြည်နယ်တွင် NLD ပါတီ ၇၄ ရာခိုင်နှုန်းကျော် အနိုင်ရ

ကချင်နှင့် ရှမ်းပြည်နယ်၏ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာကို LNDP အနိုင်ရ

စစ်ဆေးရန် တားမြစ်မှုကို မရပ်သဖြင့် မြေပုံ ဒေသခံ ၂ ဦး အပစ်ခံရ

Loading