ရွေးကောက်ပွဲအပြီး လူစုလူဝေးပြုလုပ်ခဲ့မှုများတွင် ပါဝင်သူများ အနေဖြင့် နေအိမ်တွင် အနည်းဆုံး ၁၀ ရက်မှ ၁၄ ရက်အထိ သီးခြားနေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး တိုက်တွန်းသည်။
“ပြည်သူပြည်သားထဲက မည်သူ့မှာ မဆိုရှိနိုင်တယ်။ အုပ်စုလိုက်တွေ စုရုံးတယ်။ စည်းဝေးတယ်။ Mask မတပ်ဘူး။ ၁ ယောက်နဲ့ ၁ ယောက် ၆ ပေမခွာဘူးဆိုတော့ WHO ရဲ့ သတ်မှတ်ချက်အရ Very High Risk ဖြစ်ပါတယ်။ ဒါကြောင့်မို့ အိမ်မှာပဲ အနည်းဆုံး ၁၀ ရက်ကနေ ၁၄ ရက် သီးခြားနေဖို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်ကို ကျော်ဖြတ်ကာ မဲပေးခဲ့သူ ၄,၀၀၀ ကျော်ကို စစ်ဆေးရာတွင်လည်း မည်သည့် ကိုဗစ်ရောဂါလက္ခဏာ မပြဘဲ ပိုး တွေ့သူ ၂၀၀ ကျော်ရှိခဲ့ပြီး ရွေးကောက်ပွဲနောက်ပိုင်း ရန်ကုန်ဆေးရုံကြီးသို့ ရောက်လာသည့် မတော်တဆမှုမှ လူနာအချို့တွင်လည်း ကိုဗစ်ပိုးတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။
ဒေါက်တာခင်ခင်ကြီးက “၉ ရက်၊ ၁၀ ရက်မှာဆိုရင်လည်း ရန်ကုန်ဆေးရုံကြီးမှာ Accident တွေ၊ တခုခု အချင်းများလို့၊ ခိုက်ရန်ဖြစ်လို့ ရောက်လာတာရှိတယ်။ ခွဲစိတ်ခန်း ဝင်ရတဲ့အခါမှာ စစ်လိုက်တယ်။ စစ်လိုက်တဲ့အခါမှာ ၃ ယောက်မှာ ပိုးတွေ့တယ်။ ၃ ယောက်ထက်လည်း များရင်များနိုင်မှာ ဖြစ်ပါတယ်။ ဒီထက်ပိုလည်း ရှိနိုင်ပါတယ်။ သူတို့နဲ့ ထိတွေ့ခဲ့တဲ့ သူတွေလည်း ရှိနိုင်ပါတယ်” ဟု ရှင်းပြသည်။
ရွေးကာက်ပွဲကျင်းပသည့် နိုဝင်ဘာ ၈ ရက်နေ့ ညမှစတင်ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးလမ်းညွှန်ချက်များကို လုံးဝ လိုက်နာခြင်းမရှိဘဲ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့အချို့တွင် လူဦးရေရာချီပြီး လူစုလူဝေးနှင့် လှည့်လည်အောင်ပွဲခံခြင်း၊ ရပ်ကွက်များတွင် စတုဒီသာကျွေးမွေးခြင်း၊ အောင်ပွဲခံခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
ထိုဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်အမှတ် ၁၄၇ ဖြင့် နိုဝင်ဘာလ ၁၀ ရက်နေ့ညက လူ ၃၀ ထက်ပိုမိုစုဝေးခြင်း မပြုရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲ စည်းမျဉ်းစည်းကမ်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု သတိပေးချက်ထုတ်ပြန်ထားသည်။
ထိုနည်းတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကလည်း ရွေးကောက်ပွဲ အလွန်ရောဂါကူးစက်မှု တိုးတက်လာခြင်း အပါအဝင် ပြဿနာများ မဖြစ်ပွားစေရန် ထိန်းသိမ်းရန်လိုအပ်မည်ဖြစ်ပါသဖြင့် လူစုလူဝေးဖြင့် အောင်ပွဲခံမှုများကို ထိန်းသိမ်းကြရမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “ကျနော်တို့ကတော့ ပြည်သူလူထု ပျော်နေတာကို ကျနော်တို့ လည်း ပျော်ပါတယ်။ ဒါပေမယ့် ကိုဗစ်ကာလဖြစ်တဲ့အတွက် မလုပ်သင့်ဘူးပေါ့နော်။ တတ်နိုင်တဲ့ ဘက်ကနေ ဆောင်ရွက် သွားမှာပါ။ သတိပေးတာတော့ မဟုတ်ဘူး။ မေတ္တာရပ်ခံရမှာပေါ့”ဟု ပြောသည်။
ရွေးကောက်ပွဲအလွန်ကာလအတွင်း လူစုလူဝေးဆောင်ရွက်မှုများကြောင့် လာမည့် တပတ်အတွင်း ကိုဗစ်ရောဂါပိုး တွေ့ရှိသူ မြင့်လာနိုင်ခြေရှိကြောင်းလည်း ဒေါက်တာခင်ခင်ကြီးက ပြောသည်။
“ကူးစက်ပြီဆိုရင်လည်း ရောဂါလက္ခဏာ ၅ ရက်ကနေ ၇ ရက်အတွင်း ပေါ်တတ်တာမို့ ရှေ့လာမယ့် တပတ်အတွင်းမှာ ရောဂါပိုးလက္ခဏာ ပြတဲ့သူတွေ တိုးလာနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။
မတ်လ၂၃ ရက်မှ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၆၃,၂၄၁ ဦး ရှိနေပြီ ဖြစ်ကာ သေဆုံးသူ ၁,၄၆၁ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၄၇,၄၁၁ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
Pfizer အမေရိကန် ကိုဗစ်ကာကွယ်ဆေးအကြောင်း သိကောင်းစရာ
အမေရိကန်မှာ COVID-19 ကူးစက်ခံရသူ ၁၀ သန်းကျော်ပြီ