ရွေးကောက်ပွဲ မကျင်းပရသေးသည့် မြို့နယ်များတွင် ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ ကြားဖြတ် ရွေးကောက်ပွဲ ပြန်လည် ကျင်းပ ပေးရန်အတွက် ရက္ခိုင်စစ်တပ် (AA) က ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက် ထုတ်ကာ တိုက်တွန်းလိုက်သည်။
ထို ထုတ်ပြန်ချက်၌ ရခိုင်ပြည်နယ် မြို့နယ်အများစုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သောကြောင့် ယင်းဒေသအတွင်း နေ ထိုင်သူများအနေဖြင့် မဲပေးခွင့် မရရှိခဲ့ကြဘဲ ပြည်သူ့အသံ ကိုယ်စားပြုနိုင်သော ရွေးကောက်ခံ ကိုယ်စားလှယ်များကို ဆုံးရှုံးခဲ့ရသကဲ့သို့ နိုင်ငံသား အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးများ နစ်နာခဲ့ကြောင်း ဖော်ပြထားသည်။
AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ က “အဓိကကတော့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ အခွင့်အရေးတွေ မဆုံးရှုံးရအောင် ရွေးကောက်ပွဲကို စောနိုင်သမျှ စောအောင် အမြန်ဆုံး ကျင်းပနိုင်လေ ကောင်းလေပေါ့ဗျာ။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် မတိုင်ခင် ကျင်းပရင် ကောင်းတယ်လို့ ကျနော်တို့က အကြံပြုတာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ ထုတ်ပြန်သော AA ၏ ထုတ်ပြန်ချက်ထဲတွင် ရွေးကောက်ပွဲ မကျင်းပရသေးသော မြို့နယ်များ၌ ကြားဖြတ်ရွေးကောက်ပွဲအား၂၀၂၀ ဒီဇင်ဘာလ ၃ ရက် မတိုင်မီ ကျင်းပနိုင်ရန် NLD အစိုးရနှင့် တပ်မတော်တို့အား မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်ဟု ရေးသားထားသည်။
သို့သော်လည်း ဦးခိုင်သုခက ၎င်း၏ Facebook စာမျက်နှာထက်တွင် ရွေးကောက်ပွဲကျင်းပသည့် နိုင်ဝင်ဘာ ၈ ရက်နေ့က ရွေးကောက်ပွဲ အနိုင်အရှူံးသည် ရခိုင်းတိုင်းရင်းသားများဘဝ အပြောင်း အလဲမဟုတ်ဘဲ ရခိုင်နိုင်ငံပြန်ရရေး တိုက်ပွဲဝင်ခြင်းကသာ မှန်ကန်သည့် နည်းလမ်းဖြစ်ကြောင်း လူမျိုးရေးကို တည်၍ လှုံ့ဆော် ရေးသား လွှင့်တင်ခဲ့သည်။
ထိုစာထဲတွင် “ဗမာရွေးကောက်ပွဲမှာ နိုင်ခြင်း၊ ရှူံးခြင်းသည် ရခိုင်တို့ဘဝ အပြောင်း အလဲမဟုတ်၊ ကျွန်ဘဝသက်တမ်း Update ထပ်လုပ်ခြင်းသာဖြစ်တယ်။ ရက္ခိုင်နိုင်ငံပြန်ရအောင် တိုက်ပွဲဝင်းခြင်းကသာ မှန်ကန်တဲ့ ရက္ခိုင့် အနာဂါတ် အပြောင်းအလဲကို အာမခံနိုင်ပါတယ်” လို့ ရေးသား ဖော်ပြထားပါတယ်။
အဆိုပါနေရာများ၌ ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရန် မိမိတို့သည့် တဖက်သတ် အပစ်ရပ်စဲခြင်းအား နိုဝင်ဘာ ၁၁ ရက် မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ထပ်မံ သက်တမ်းတိုးမြှင့်ခဲ့ပြီး ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော် အနေဖြင့်လည်း ရခိုင်ပြည် နယ်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်နေမှုများကို ရပ်တန့်ပြီး တနိုင်ငံလုံး အတိုင်းအတာ လွှမ်းခြုံသော အပစ်အခတ် ရပ်စဲ ရေးကို ကြေညာကာ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပနိုင်ရေး NLD အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း လည်း ပါရှိသည်။
ထိုသို့ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် လိုအပ်သည့် တည်ငြိမ်သော အခင်းအကျင်း အခြေအနေတခုကို ဖန်တီးရန်အတွက် နိုင်ငံတော် အစိုးရ၊ သက်ဆိုင်ရာ အဖွဲ့ အစည်း အသီးသီးတို့နှင့် သင့်တော်သလို ပံ့ပိုးကူညီလုပ်ဆောင်သွားရန် ဆန္ဒရှိ ကြောင်းကို AA ၏ သဘောထားကို ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြုလုပ်ပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် စစ်ရေး ပဋိပက္ခရှိရာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြို့နယ် ၉ ခုနှင့် ရှမ်းပြည်နယ်မှ မြို့နယ် ၆ ခု အပါဝင် ကချင်၊ ချင်း ပလက်ဝဒေသ၊ မွန်နှင့် အခြား တိုင်းဒေသကြီးနှင့် ကျေးရွာအုပ်စုတို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် နေရာများ ရှိခဲ့သည်။
ယင်းအထဲက ရခိုင်တောင်ပိုင်းမြို့များ ဖြစ်သော သံတွဲ၊ ဂွ၊ မာန်အောင်၊ ရမ်းဗြဲ မြို့နယ် ၄ ခုသာ ရွေးကောက်ပွဲ အပြည့်အဝ ကျင်းပခွင့် ရရှိခဲ့ပြီး အမ်း၊ စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူ မြို့နယ်ရှိ ကျေးရွာအုပ်စုနှင့် မြို့ပေါ် ရပ်ကွက်အချို့တို့တွင် တစိတ်တပိုင်း ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်။
မြန်မာနိုင်ငံအတွင်း ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို အကြောင်းအမျိုးမျိုးကြောင့် မကျင်းပနိုင်ခဲ့သည့် ဒေသများ၌ ကြား ဖြတ် ရွေးကောက်ပွဲ တတ်နိုင်သမျှ အမြန် ကျင်းပနိုင်ရေးကို ဥရောပ သမဂ္ဂ (EU) ကလည်း နိုဝင်ဘာလ ၉ ရက်က ရက်စွဲ ဖြင့် ထုတ်ပြန် တိုက်တွန်းထားသည်။
ဥရောပ သမဂ္ဂ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒ ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်က “ရွေးကောက်ပွဲတွင် နိုင်ငံအတွင်းမှ တိုင်းရင်းသား၊ လူနည်းစု ပြည်သူအားလုံးအနေဖြင့် ခံစားရယူခွင့် ရှိသော နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးအား မပျက် မကွက် ခံစားရရှိခြင်းကို အလေးထား ဆောင်ရွက်ရန်နှင့် နိုဝင်ဘာလ ၈ ရက်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မဲဆန္ဒ နယ်မြေများတွင် ကြားဖြတ် ရွေးကောက်ပွဲကို တတ်နိုင်သမျှ ဆောလျင်စွာ ကျင်းပနိုင်ရေးကိုလည်း စောင့်စားလျက် ရှိ ကြောင်း” ပါရှိသည်။
ယင်းပြင် ပြီးခဲ့ရက်ပိုင်းက ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်း ခရီး စဉ်တွင် အရေးပါသော သမိုင်းမှတ်တိုင်တခုဖြစ်ခဲ့ပြီး ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီ ဖြစ်သော်လည်း လက်ရှိ ရွေးကောက်ပွဲ ဥပဒေမူဘောင်အား နိုင်ငံတကာ စံချိန်စံညွှန်းများ၊ အကောင်းဆုံး အလေ့အထများနှင့်အညီ မွမ်းမံ ပြင်ဆင် သင့်ကြောင်းလည်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းထားသည်။
ရခိုင်ပြည်နယ်တွင် မြောက်ပိုင်းတွင် စစ်ရေးပဋိပက္ခ ရှိနေသည်မှာ မှန်ကန်သော်လည်း ပေါက်တော၊ မောင်တော အပါဝင် တချို့မြို့နယ်ရှိ မြို့ပေါ် ရပ်ကွက်တို့တွင် တည်ငြိမ်မှု ရှိနေသည့်အတွက် ရွေးကောက်ပွဲ ကျင်းပနိုင်သော်လည်း ရခိုင်ပါတီ များ အားကောင်းသည့် ဒေသဖြစ်ရာ အစိုးရဘက်မှ ချန်လှပ်ထားခဲ့ခြင်း ဖြစ်ကြောင်းလည်း နိုင်ငံရေးသမားများက ဝေဖန် မှုများ ရှိခဲ့သည်။
ရခိုင်အမျိုးသား ပါတီ မူဝါဒရေးရာ ဗဟို ကော်မတီဝင်လည်းဖြစ်၊ မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးဖေသန်းက “အဓိက အစိုးရက လုပ်ပေးချင်ရင် ရခိုင်မှာလည်း ကြားဖြတ် လုပ်ပေးလို့ ရတယ်။ စစ်ရေး ပဋိပက္ခ တွေ ဖြစ်နေတဲ့ ပလက်ဝကိုတောင် ဖြစ်အောင် လုပ်ခဲ့တာပဲ။ နဂိုကတည်းက ရခိုင် မြောက်ပိုင်းက မြို့ပေါ်တွေမှာ ရွေး ကောက်ပွဲ လုပ်လို့ရတဲ့ နေရာတွေ ဖြစ်တယ်” ဟု ဆိုသည်။
အလားတူ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲပေးခွင့် ဆုံးရှုံးခဲ့သည့် ပြည်သူများအတွက် နိုင်ငံသား အခွင့်အရေး မဲထည့်ခွင့်ကို ကြားဖြတ် ရွေးကောက်ပွဲတွင် ပြန်လည် ရရှိမည် ဖြစ်သည့်အတွက် ရခိုင်ပါတီများက ကြိုဆိုနေကြသည်။
ရခိုင့် ဦးဆောင်ပါတီ (AFP) ၏ ထိပ်ပိုင်းခေါင်းဆောင်လည်းဖြစ် ကျောက်ဖြူ မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လည်း ဖြစ်သူ ဦးကျော်လွင်က “ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်ပေးမယ်ဆိုရင်တော့ အကောင်း မြင်ပါတယ်။ မဲထည့်ခွင့် ဆုံးရှုံးလိုက်ရတဲ့ ပြည်သူတွေအတွက် မဲထည့်ခွင့်ရတော့ နိုင်ငံသားအခွင့်အရေး ရရှိတာ ကိုတော့ AFP အနေနဲ့ ပြောစရာ မရှိဘူးလေ” ဟု ပြောသည်။
သို့သော်လည်း ရခိုင်တွင်ကြားဖြတ် ရွေးကောက်ပွဲပြုလုပ်မည်ဆိုလျှင် နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့များနှင့် ညှိနှိုင်းပေးမှ အောင်မြင်မှု ရရှိမည် ဖြစ်ကြောင်းလည်း၎င်းက သုံးသပ်ထားသည်။
ဦးကျော်လွင် က “အခုကတော့ စစ်ရေး ပဋိပက္ခတွေက တောင်ပိုင်းကို ကူးလာတယ်။ ရမ်းဗြဲ၊ ကျောက်ဖြူတို့မှာ ရွာတွေကို ဝင်ရောက် စစ်ဆေးတာတွေကြောင့် ရွာသားတွေက ထွက်ပြေးနေရတာတွေ စစ်ဘေးရှောင်တွေ ကြားဖြတ် ရွေးကောက်ပွဲ လုပ်ဖို့အတွက် လက်ရှိ တပ်မတော်နဲ့ AA တို့ တခုခု ညှိနှိုင်းမှု၊ နားလည်မှု မယူဘဲ လုပ်ဖို့တော့ ခက်ခဲလိမ့်မယ်။ ဒါကြောင့် ကြားဖြတ် ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် လက်နက်ကိုင် အဖွဲ့တွေကို နှစ်ဖက် ယုံကြည်မှု ရှိတဲ့ အများ လေးစားရတဲ့ ပုဂ္ဂိုလ် တွေက ကြားဝင် ညှိနှိုင်းပေးရမယ်။ ဒါမှ ကြားဖြတ် ရွေးကောက်ပွဲလုပ်ဖို့အတွက် အဆင်ပြေမယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပေးရန်အတွက် ရခိုင် အရပ်ဘက် အဖွဲ့အစည်းများနှင့် ရခိုင်နိုင်ငံရေး ပါတီများ တညီတညွတ်တည်း တင်ပြ တောင်းဆိုသင့်ကြောင်း ထောက်ပြမှုတို့လည်း ရှိနေသည်။
ရခိုင်ပြည်နယ် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့မှ ခေါင်းဆောင် ခိုင်ကောင်းစံက “ရခိုင်မှာ ကျန်ခဲ့တဲ့ ၉ မြို့နယ် ကို ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖို့ လိုအပ်တယ်လို့ ကျနော်တို့ အရပ်ဘက် အဖွဲ့အစည်းတွေဘက်က တင်ပြထားတာ ရှိတယ်။ UEC အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ဒီ နိုဝင်ဘာ နောက်ပိုင်းမှာ ပြုလုပ်ပေးဖို့ အကြံပေးတယ်။ ဒါတွေကို ပါတီ တွေရော ရခိုင်အရပ်ဘက် အဖွဲ့အစည်းတွေရော ညီညီညွတ်ညွတ်နဲ့ ပြည်ထောင်စု ရွေးကော်ကို တင်ပြမယ် ဆိုရင် သူတို့ လည်း ပြန်စဉ်းစားပေးရမယ်” ဟု ဆိုသည်။
လက်ရှိ ရွေးကောက်ပွဲ မကျင်းပခဲ့သည့် နယ်မြေများတွင် ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်မည်၊ မပြုလုပ်မည်မှာ ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့်သာ သက်ဆိုင်ကြောင်း နိုင်ငံရေးပါတီတို့မှ ပြောဆိုနေကြခြင်းလည်း ဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) အနေဖြင့် ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့သည့် နယ်မြေများကို လုံခြုံပါက ဥပဒေနှင့် အညီ အမြန်ဆုံး ကျင်းပပေးသွားမည် ဖြစ်ကြောင်း ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်က နေပြည်တော်တွင် ပြု လုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုမှုများ ရှိခဲ့သည်။
UEC အဖွဲ့ဝင်တဦး ဖြစ်သည့် ဦးမြင့်နိုင်က “ကျနော်တို့ကတော့ ဥပဒေနဲ့ အညီ လွတ်လပ်မျှတတဲ့ အခြေအနေမျိုးရှိရင် ကျင်းပသွားမှာ ဖြစ်တယ်။ ဒီအခြေအနေမျိုး ရှိသလား၊ မရှိသလား ဆိုတာလည်း သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့သဘောထားမှတ်ချက်ကို အမြဲ တောင်းခံနေတယ်။ သူတို့က ဒီနေရာတွေမှာ ကျင်းပနိုင်ပြီ ဆိုရင် ကျင်းပသွားမှာပဲ ” ဟု သတင်းထောက်များကို ပြောဆိုခဲ့သည်။
အောက်တိုဘာလ ၁၄ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စားလှယ်လောင်း ၃ ဦးဖြစ်သည့် ပြည် နယ်လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးမင်းအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် လောင်း ဒေါ်ချစ်ချစ်ချောတို့ ဖောင်းခါးကျေးရွာအတွင်း မဲဆွယ်စည်းရုံးရေး သွားရောက်စဉ် AA တပ်ဖွဲ့ဝင်များက ဝင်ရောက် ရိုက်နှက် ဖမ်းဆီးသွားကာ ယနေ့အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။
ထိုသို့ ဖမ်းဆီးထားမှု အပေါ် AA က အဆိုပါ ကိုယ်စားလှယ်လောင်း ၃ ဦးကို စစ်ဆေးမေးမြန်းရန် ခေါ်ခဲ့ပြီး လိုအပ်ချက်အရ ကာလ အတိုင်းအတာတခုအထိ ထိန်းသိမ်း စစ်ဆေးမည်ဖြစ်ကာ အစိုးရက ဖမ်းဆီးထားသော ရခိုင်နိုင်ငံရေးသမားများ၊ ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက် တောင်းဆိုနေသော ကျောင်းသားများအား ပြန်လည် လွှတ်ပေးမည် ဆိုပါက ကိုယ် စားလှယ်လောင်း ၃ ဦးအားလည်း ပြန်လွှတ်ပေးမည် ဖြစ်ကြောင်းကို အောက်တိုဘာ ၁၉ ရက်တွင် ကြေညာချက် ထုတ် ထားသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်အတွင်းကျင်းပခဲ့သော မြို့နယ်တို့တွင် ရခိုင်မျိုးသားပါတီ (ANP) မှ လွှတ်တော် ၁၅ နေရာ၊ NLD မှ လွှတ်တော် ၈ နေရာ၊ AFP မှ ၃ နေရာနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ၂ နေ ရာ အသီးသီး အနိုင်ရရှိထားကြောင်း သိရသည်။
ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့် ပူးပေါင်းရေးသားသည်။
You may also like these stories:
တောင်ကုတ်မှာ NLD ပါတီ ဘာကြောင့် ရွေးကောက်ပွဲရှုံးသလဲ
ဂွနှင့် သံတွဲမြို့နယ်များတွင် NLD မဲပြတ်နိုင်
ရခိုင်တွင် ANP ပါတီက ၁၅ နေရာ အနိုင်ရနေ