သတင်း

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေး AA တောင်းဆိုချက်ကို တပ်မတော် လက်ခံ

Want create site? Find Free WordPress Themes and plugins.

ဒီဇင်ဘာလ မကုန်ခင် ကြားဖြတ် ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေးအတွက် ရက္ခိုင်စစ်တပ် (AA) ၏ တောင်းဆိုချက် ကို တပ်မတော်ဘက်က လက်ခံကြိုဆိုပြီး သဘောတူပါသည် ဟု ဧရာဝတီကို ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း ယနေ့ည တွင် ထုတ်ပြန်ချက်တစောင် ထုတ်ကာ AA ဘက်မှ မေတ္တာရပ်ခံချက်ကို ကြိုဆိုပါသည်ဟု ပြောပြီး ရွေးကောက်ပွဲပြုလုပ်ရန် ကျန်ရှိသည့် နေရာများ၌ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်နိုင်ရန် အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားပါမည်ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

တပ်မတော် သတင်းပြန်ကြားရေး အဖွဲ့မှ  ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက “ULA/ AA ဟာနဲ့ ပတ်သက်ပြီးတော့ တပ် မတော် အနေနဲ့ ကြိုဆိုတယ်။ သဘောတူတယ်။ ပြီးရင် အဲဒါတင် မကဘူး။ ရှမ်းပြည်နယ်မှာ လုပ်ဖို့ ကျန်နေတဲ့ မိုင်းကိုင်နဲ့ ပတ်သက်ပြီးတော့လည်း လုပ်နိုင်ဖို့အတွက် ဆွေးနွေး ညှိနှိုင်းကြဖို့ သဘောတူတယ်” ဟု ပြောသည်။

AA က ယနေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်ချက် တစောင် ထုတ်ခဲ့ပြီး ထိုထဲတွင် နိုဝင်ဘာ ၈ ရက်က အထွေထွေ ရွေး ကောက်ပွဲတွင် ပါဝင် မကျင်းပခဲ့ရသည့် နယ်မြေများကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ ကြားဖြတ် ရွေးကောက်ပွဲ ပြန် လည် ကျင်းပပေးရန် NLD အစိုးရနှင့် မြန်မာ့ တပ်မတော်တို့အား မေတ္တာရပ်ခံ တိုက်တွန်းပါသည်ဟု ရေးသားထားသည်။

ကြားဖြတ် ရွေးကောက်ပွဲ ကျင်းနိုင်ရန်အတွက် လိုအပ်သည့် ဒေသတည်ငြိမ်ရေးနှင့် တည်ငြိမ်သည့် အခင်းအကျင်း အခြေ အနေ တခုကို ဖန်တီးရန်အတွက်လည်း နိုင်ငံတော် အစိုးရ၊ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနှင့်အတူ သင့်တော်သလို ပံ့ပိုး ကူညီသွားရန်လည်း ဆန္ဒရှိပါသည်ဟု AA က ထုတ်ပြန်ချက်တွင် ထည့်သွင်း ရေးသားထားသည်။

ရခိုင်ပြည်နယ်၏ မြို့နယ် အများစုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သဖြင့် ဒေသခံလူထုများက မဲပေးခွင့် ဆုံးရှုံးခဲ့ပြီး ပြည် သူ့အသံကို ကိုယ်စားပြုမည့် ရွေးကောက်ခံ ကိုယ်စားလှယ်လည်း ဆုံးရှုံးခဲ့ရသဖြင့် ဒေသခံများက နိုင်ငံသား အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးနှင့် ဒီမိုကရေစီ အခွင့်အရေးများလည်း ဆုံးရှုံး နစ်နာရပါသည် ဟုလည်း AA က ထုတ်ပြန်ချက် တွင် ရေးသားထားသည်။

AA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “နိုင်ငံရေး အခင်းအကျင်း ဒီမိုကရေစီအခင်းအကျင်းတွေ မရှိတော့ ဘူးဆိုရင် အခြေအနေတွေက ပိုဆိုးဝါးသွားနိုင်တဲ့ အနေအထားတွေ ရှိပါတယ်။ ဒီထက် ပြင်းထန်တဲ့ စစ်ပွဲတွေကို ရှောင် ရှားနိုင်ဖို့အတွက်ဆိုရင် တဖက်နဲ့တဖက် တွေ့ဆုံဆွေးနွေး အဖြေရှာတာက အကောင်းဆုံးပါ။ ဒါကြောင့် ကျနော်တို့ဘက်က နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးမှာပဲ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ်။ ဒီထက်ကြီးတဲ့ စစ်ပွဲတွေကို ရှောင်ရှားနိုင် မှာ ဖြစ်လို့ ကျနော်တို့ ဘက်က အကောင်းဆုံး ကြိုးစားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကြားဖြတ် ရွေးကောက်ပွဲအတွက် ဒေသတည်ငြိမ်အေးချမ်းရေး အပြင် တပ်မတော်နှင့် AA ကြား စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ် နိုင်ရန်အတွက် အစိုးရနှင့် တပ်မတော်ဘက်မှ ပိတ်ပင်ထားသည့် အတားအဆီးများကို ဖြေလျှော့ပေးရန် လိုအပ်ပြီး တပ် မတော်ကလည်း AA အပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေသည်များကို ရပ်တန့်ပေးစေလိုပါသည် ဟုလည်း ဦးခိုင်သုခက ပြော သည်။

AA ၏ ထုတ်ပြန်ချက် မထုတ်ခင် နာရီပိုင်း အလိုကလည်း AA ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ မဟာမိတ် ၃ ဖွဲ့က ၇ ကြိမ်မြောက်အဖြစ် နိုဝင် ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ တဖတ်သတ် အပစ်အခတ် ရပ်စဲရေး ကာလကို ထပ်မံတိုးမြှင့်လိုက်ပါသည် ဟု ကြေညာချက် တစောင် ထုတ်ထားသည်။

ထိုထဲတွင် အစိုးရ၊ တပ်မတော်နှင့် ၎င်းတို့ ၃ ဖွဲ့ကြား ဆွေးနွေးမှုများတွင် ယုံကြည်မှု တိုးတက်စေရန်နှင့် ချောမွေ့လွယ်ကူ စေရန် အကြမ်းဖက် အဖွဲ့အစည်း၊ မတရားအသင်း အဖြစ် ကြေညာထားသည်များကို ပြန်ရုပ်သိမ်းပေးပါဟုလည်း ထည့် သွင်း တောင်းဆိုထားသည်။

ဦးခိုင်သုခက “အဓိကကတော့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး အတွက်ပဲဖြစ်ဖြစ်၊ ကြားဖြတ်ရွေးကောက်ပွဲတွေ အတွက်ပဲ ဖြစ်ဖြစ် အဓိက အတားအဆီး ဖြစ်နေတဲ့ကိစ္စတွေကို အတားအဆီး လုပ်ထားတဲ့ သူတွေက ဖြေလျှော့ပေးလို့ လိုပါတယ်။ အထူးသဖြင့် ရခိုင်ဒေသမှာ စစ်ဆင်ရေးတွေ ထိုးစစ်တွေ လုပ်နေတဲ့ မြန်မာစစ်တပ်ကနေ ထိုးစစ်တွေကို ရပ်တန့်ပေးဖို့ လိုပါ တယ်။ တဖက်နဲ့တဖက် တွေ့ဆုံဆွေးနွေးနိုင်အောင် မြန်မာစစ်တပ်နဲ့ အစိုးရဘက်က လုပ်ထားတဲ့ ပိတ်ပင်ကန့်သတ်မှုနဲ့ အတားအဆီးတွေကို ဖြေလျှော့ပေးဖို့တော့ လိုတာပေါ့ဗျာ” ဟုလည်း ပြောသည်။

AA အနေဖြင့်လည်း တဖက်သတ် အပစ်အခတ် ရပ်စဲရေး ကြေညာထားသဖြင့် တပ်မတော်ကို တိုက်ခိုက်ခြင်း လုံးဝ မရှိပါ ဟု ပြောပြီး တပ်မတော်ဘက်မှ တိုက်ခိုက်မှုများကို ရပ်တန့်ပေးပါက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ အား လုံး ရပ်တန့် သွားပါမည် ဟုလည်း ဦးခိုင်သုခက ပြောသည်။

သို့သော်လည်း ဦးခိုင်သုခက ၎င်း၏ Facebook စာမျက်နှာထက်တွင် ရွေးကောက်ပွဲကျင်းပသည့် နိုင်ဝင်ဘာ ၈ ရက်နေ့က ရွေးကောက်ပွဲ အနိုင်အရှူံးသည် ရခိုင်တိုင်းရင်းသားများဘဝ အပြောင်း အလဲမဟုတ်ဘဲ ရခိုင်နိုင်ငံပြန်ရရေး တိုက်ပွဲဝင်ခြင်းကသာ မှန်ကန်သည့် နည်းလမ်းဖြစ်ကြောင်း လူမျိုးရေးကို တည်၍ လှုံ့ဆော် ရေးသား လွှင့်တင်ခဲ့သည်။

ထိုစာထဲတွင် “ဗမာရွေးကောက်ပွဲမှာ နိုင်ခြင်း၊ ရှူံးခြင်းသည် ရခိုင်တို့ဘဝ အပြောင်း အလဲမဟုတ်၊ ကျွန်ဘဝသက်တမ်း Update ထပ်လုပ်ခြင်းသာဖြစ်တယ်။ ရက္ခိုင်နိုင်ငံပြန်ရအောင် တိုက်ပွဲဝင်းခြင်းကသာ မှန်ကန်တဲ့ ရက္ခိုင့် အနာဂါတ် အပြောင်းအလဲကို အာမခံနိုင်ပါတယ်” လို့ ရေးသား ဖော်ပြထားပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပခင် အောက်တိုဘာ ၁၆ ရက်က လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသဖြင့် ရွေးကောက်ပွဲ မကျင်းပတော့မည့် နယ်မြေ စာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော် မရှင်က ကြေညာရာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦး မြို့နယ်တို့ရှိ နယ်မြေအားလုံး ပါဝင်ခဲ့သည်။

အဆိုပါ မြို့နယ်များမှာ တပ်မတော်နှင့် AA တို့ကြား လက်နက်ကိုင် ပဋိပက္ခများကြောင့် လုံခြုံတည်ငြိမ်သည့် အခြေအနေ မရှိခြင်းကြောင့်ဟုဆိုကာ UEC က ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများစာရင်းတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်သည်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိပါ။

မိုင်းကိုင်မြို့နယ်သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) လှုပ်ရှားကြီးစိုးသည့် နယ်မြေ ဖြစ်ပြီး ရွေး ကောက်ပွဲ မဲဆွယ်စည်းရုံးစဉ် ကာလက တအန်းအမျိုးသားပါတီ (TNP) ကို ရွေးကောက်ပွဲ ဝင်မပြိုင်ရန် ခြိမ်းခြောက်ခြင်း၊ TNP မဲဆွယ်စည်းရုံးသည်ကို လက်ခံပါက ရွာသူကြီးများ ဒဏ်ငွေ ၁၀ သိန်းပေးရမည် ဟု ခြိမ်းခြောက် ခြင်းများကြောင့် ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်ထံ တိုင်ကြားမှုများ ရှိသည်။

ထို့ကြောင့် မိုင်းကိုင်မြို့နယ်သည်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေညာသည့် စာရင်းတွင် ပါဝင်ခဲ့ရာ ရှမ်း အမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(SNLD) က ပြန်လည် သုံးသပ်ပေးရန်၊ ရွေးကောက်ပွဲ ကျင်းပခွင့် ပေးရန် ဒေသခံ လူဦးရေ တသောင်းကျော်၏ လက်မှတ်ဖြင့် တင်ပြခဲ့သော်လည်း UEC က လက်ခံခဲ့ခြင်း မရှိသဖြင့် မိုင်းကိုင်သည်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါ။

ယခုအခါ တပ်မတော်က မိုင်းကိုင်မြို့နယ်ကိုလည်း ဒီဇင်ဘာ ၃၁ ရက် မတိုင်ခင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရန် အတွက် ဒေသရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်ပါမည် ဟုလည်း ဗိုလ်ချုပ် ဇော်မင်း ထွန်းက ပြောသည်။

တပ်မတော်ဘက်မှ ကြားဖြတ်ရွေးကောက်ပွဲကို ဆောလျင်စွာ ကျင်းပပေးရန် ပြောဆိုထားသော်လည်း လက်ရှိအချိန်ထိ ကြားဖြတ် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရေး၊ မကျင်းပရေးနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးမှ တစုံတရာပြောဆိုခြင်း မရှိသေးပါ။

သို့သော် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန်အတွက် လုပ်ပိုင်ခွင့် ရှိသည်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ၏ တာဝန် ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ ပုဒ်မ ၁၀ တွင်လည်း UEC က ရွေးကောက်ပွဲများ ကျင်းပခြင်းကို လုပ်ပိုင်ခွင့် ရှိကြောင်း ပြဋ္ဌာန်းထားသည်။

လွှတ်တော် ကိုယ်စားလှယ် မရှိသည့် လစ်လပ် မဲဆန္ဒနယ်များကို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန်အတွက်လည်း UEC က သက်ဆိုင်ရာ နယ်မြေ၊ အစိုးရ အဖွဲ့များ၊ အုပ်ချုပ်ရေး အာဏာပိုင်များ၊ ပြည်ထဲရေးနှင့် ကာကွယ်ရေးပိုင်းမှ တာဝန်ရှိ သူများ၏ သဘောထားမှတ်ချက်များ၊ နယ်မြေလုံခြုံရေး အခြေအနေများကို ရယူသုံးသပ်ပြီး ရွေးကောက်ပွဲ ကျင်းပမည့် နယ်မြေများကို သတ်မှတ်ပြီး ကြေညာပိုင်ခွင့် ရှိသည်။

You may also like these stories:

ကြားဖြတ်ရွေးကောက်ပွဲ ဒီဇင်ဘာ မတိုင်မီ ကျင်းပပေးရန် AA တိုက်တွန်း

Did you find apk for android? You can find new Free Android Games and apps.
Loading