ကိုဗစ်ကာကွယ်ဆေး ရရှိလာပါက ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေးအဆင့်အလိုက် ဆေးထိုးနိုင်ရန်အတွက် ပြင်ဆင် မှုများ ပြုလုပ်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “ဆေးရ တာနဲ့ တပြိုင်နက်တည်း ထိုးနိုင်အောင်လို့ ကြိုတင်ပြင်ဆင်ထားတာပေါ့။ ကျန်းမာရေးဝန်ထမ်းတွေ အားလုံးကို စာရင်း ကောက်ထားတာ။ ဆေးရရှိတဲ့ပေါ် မူတည်ပြီးတော့ ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေး အစီအစဉ်နဲ့ ထိုးနှံနိုင်ဖို့ပေါ့” ဟု ပြောသည်။
COVID-19 ကာကွယ်ဆေး ရရှိလာပါက ရရှိသည့် အရေအတွက်ပမာဏ၊ ကာကွယ်ဆေး၏ ရောဂါကာကွယ် ပေးနိုင်သည့် အချိန်ကာလ အတိုင်းအတာ၊ ကာကွယ်ဆေးများ ထားသိုနိုင်ရန်အတွက် အအေးလမ်းကြောင်း စနစ်များ စသည့် အခြေ အနေပေါ် မူတည်ပြီး ဦးစားပေးထိုးနှံရမည့် အုပ်စုများ သတ်မှတ်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ထံမှ သိရသည်။
လူနာများကို ကိုင်တွယ်ကုသနေရသည့် ကျန်းမာရေး ဝန်ထမ်းများကဲ့သို့ ရောဂါ ကူးစက်နိုင်ချေများပြားသူများ၊ အသက် အရွယ်ကြီးပြီး ရောဂါအခံရှိသူများ၊ နေရာဒေသအလိုက် ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေ အပါအဝင် အခြေအနေ အရပ်ရပ်ကို ဘက်စုံခြုံငုံစဉ်းစားကာ သတ်မှတ်မည်ဖြစ်ပြီး ကာကွယ်ဆေး အရေအတွက် ပိုမိုရရှိလာပါက အဆင့်ဆင့် တိုးချဲ့ ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်ရောဂါကာကွယ်ဆေးသည် ၂၀၂၁ ခုနှစ် ပထမလေးလပတ်အတွင်း ထွက်ရှိမည်ဟု မျှော်လင့်ထားပြီး ဆေးရ ရှိသည်နှင့် ကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက် တနိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများ စာရင်းကို စတင် ကောက်ခံလျက် ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။
“ကျန်းမာရေး ဝန်ထမ်းတွေက ထိတွေ့မှုကလည်း အများဆုံး ဖြစ်နေတာပေါ့။ ကျန်းမာရေးဝန်ထမ်း ဆိုတာကလည်း နိုင်ငံတကာမှာ ဦးစားပေး အုပ်စုထဲမှာ ပါတယ်ပေါ့။ ဘယ်သူတွေကို ဦးစားပေးရမယ် ဆိုတာကို WHO က ထုတ်ထားတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ထားတဲ့ လမ်းညွှန်ချက်တွေကိုပဲ ကျနော်တို့က သုံးပါတယ်” ဟု ဒေါက်တာသန်းနိုင်စိုးက ပြောသည်။
ကိုဗစ်ကာကွယ်ဆေးများ ရရှိရန် ရန်ပုံငွေများ အဓိကထောက်ပံ့ပေးနေသည့် Gavi, The Vaccine Alliance အဖွဲ့ အနေဖြင့် ကိုဗစ်ကာကွယ်ဆေးကို ဆင်းရဲချမ်းသာမရွေး ရရှိနိုင်ရန်အတွက် ကမ္ဘာ့ထိပ်တန်း ဝင်ငွေမြင့်နိုင်ငံများ ပေါင်းစည်း ထားသည့် COVAX Facility မှ တဆင့် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် COVID-19 ကာကွယ်ဆေး ရရှိ စေရေး ပံ့ပိုးမည့်အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပြုလုပ်သည့် COVID-19 ကာကွယ်ဆေး ပေါ်ပေါက် ရရှိပါကစနစ်တကျ ထိုးနှံပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု ဗဟိုအဆင့်အစည်းအဝေးတွင် ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ၎င်းက Gavi, The Vaccine Alliance အဖွဲ့၏ အရှေ့တောင်အာရှဒေသနှင့် အရှေ့ပစိဖိတ်ဒေသဆိုင်ရာ ဘုတ် အဖွဲ့ဝင် အဖြစ် ဆောင်ရွက်နေပြီး ဘုတ်အဖွဲ့ဝင်များအစည်းအဝေးတွင် မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ် ဆေးများ ရရှိနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း ထပ်လောင်း ပြောသည်။
Pfizer နှင့် BioNTech မှ ထုတ်လုပ်မည့် ကိုဗစ်ကာကွယ်ဆေးသည် ၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အပါအဝင် ကျန်းမာရေးအဖွဲ့အစည်းအချို့၏ အသိအမှတ်ပြုမှုကို ရယူပြီးက ထုတ်လုပ်ဖြန့်ချိနိုင်မည် ဖြစ်ကြောင်း ကနဦးသတင်းများ ထွက်ပေါ်လျက်ရှိသည်။
မတ်လ၂၃ ရက်မှ နိုဝင်ဘာလ ၁၁ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၆၄,၄၅၃ ဦး ရှိနေပြီ ဖြစ်ကာ သေဆုံးသူ ၁,၄၈၀ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၄၈,၅၃၂ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ကိုဗစ်ရောဂါ ကုသနိုင်မည့် ပုဂ္ဂလိက ဆေးရုံများ လျှောက်လွှာ စတင်ခေါ်ယူ
ရွေးကောက်ပွဲအပြီး လူစုလူဝေးလုပ်ရာတွင် ပါခဲ့သူများ ၁၄ ရက် သီးခြားနေရန်တိုက်တွန်း
Pfizer အမေရိကန် ကိုဗစ်ကာကွယ်ဆေးအကြောင်း သိကောင်းစရာ