အိန္ဒိယ ခွဲထွက်ရေးအဖွဲ့တခုဖြစ်သည့် အာသံလွတ်မြောက်ရေးတပ်ဦး (ULFA-I) ၏ လက်ထောက်စစ် ဦးစီးချုပ် ဒရစ်တီ ရပ်ချ်ဟိုဝါ နိုဝင်ဘာ ၁၁ရက်က လက်နက်ချခဲ့သည်။
ရပ်ချ်ဟိုဝါသည် ဒုံးပစ်လောင်ချာ (RPG) ကျွမ်းကျင်သူ တယောက် ဖြစ်ပြီး ULFA-I ၏ ဦးစီးချုပ် Paresh Baruah ပြီးလျှင် ဒုတိယနေရာတွင် ရှိသူဟု အဆင့်သတ်မှတ်ခံ ထားရသူဖြစ်သည်။
အခြားကေဒါ ၄ ဦးနှင့်အတူ သူ လက်နက်ချ လာခြင်းက ၁၉၇၉ ခုနှစ်မှစ၍ အာသံပြည်နယ်၏ အချုပ်အခြာအာဏာ အတွက် တိုက်ခိုက်နေသော ခွဲထွက်ရေးအဖွဲ့အဖို့ ပြင်းထန်သော လှုပ်ခါမှုတခု ဖြစ်သွား ဖွယ်ရာ ရှိကြောင်း သုံးသပ်ကြ သည်။
အဆိုပါလက်နက်ကိုင်အဖွဲ့ (ULFA-I) သည် ခွဲထွက်ရေးလှုပ်ရှားမှုများကြောင့် အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ၁၉၉၀ ခုနှစ်တွင် ကြမ်းဖက်အဖွဲ့အစည်း အဖြစ် သတ်မှတ်၍ ပိတ်ပင်တားမြစ်ခဲ့သည်။
ထိုသို့ ULFA-I ၏ လက်ထောက်စစ် ဦးစီးချုပ် ဒရစ်တီ ရပ်ချ်ဟိုဝါ လက်နက်ချခြင်းမှာ အိန္ဒိယ ကြည်းတပ် စစ်ထောက်လှမ်း ရေးအဖွဲ့မှ ဒု ဗိုလ်မှူးကြီးတဦး၏ မဆုတ်မနစ် ကြိုးပမ်းမှုကြောင့်ဟု ဆိုကြပြီး၊ ယင်း ထောက်လှမ်းရေး အရာရှိကြီးသည် လွန်ခဲ့သည့် ၂၀၁၁ခုနှစ် ဗိုလ်ကြီးဘဝကတည်းက ULFA- I ဒုတိယ စစ်ဦးချုပ် ရပ်ချ်ဟိုဝါနှင့် ဇနီး ကို ဆက်သွယ်ခဲ့ခြင်းဖြစ် သည်ဟု သိရသည်။
ထိုအချိန်က ULFA-I အဖွဲ့အတွင်း အကွဲအပြဲ တခု ပေါ်လာသည့် အချိန်ဖြစ်သလို ULFA ဥက္ကဌ Arabinda Rajkhowa နှင့် အခြားအကြီးတန်း ကေဒါများက လက်နက်များကို စွန့်လွှတ်ရန် နှင့် အစိုးရနှင့် ဆွေးနွေးမှုများပြုလုပ်ရန် ဆုံးဖြတ်လိုက် သောအချိန်လည်း ဖြစ်ကြောင်း အိန္ဒိယ စစ်ထာက်လှမ်းရေး သတင်းရင်းမြစ်များ အဆိုအရ သိရသည်။
“သူ (စစ်ထောက်လှမ်းရေး အရာရှိ) က အရှေ့မြောက်ပိုင်းမှာ တာဝန်ကျစဉ်အတွင်း ရပ်ချ်ဟိုဝါနဲ့ အဆက်အသွယ်ကို ထိန်းထားခဲ့ပြီး ပြီးခဲ့တဲ့ ၉ နှစ် အတွင်းမှာ သူ့ ရဲ့ အသက်အန္တရာယ် နဲ့ ဘေးကင်း လုံခြုံရေးကို ရင်းကာ အပြန် အလှန် နားလည်မှု တဖြည်းဖြည်းချင်းတိုးတက် လာအောင် ဆောင်ရွက်ခဲ့ပါတယ်” ဟု ယင်းသတင်းရင်းမြစ်များက ဆိုသည်။
နှစ်ပေါင်းများစွာ အတွင်း အဆိုပါ ထောက်လှမ်းရေး အရာရှိ က ဒရစ်တီ ရပ်ချ်ဟိုဝါ ကို လက်နက်စွန့်လွှတ်ပြီး သူ၏ ဇာတိ ပြည်နယ်နှင့် ပြည်သူလူထုကို ကူညီရန် ရည်ရွယ်သည့် အဓိကလမ်းကြောင်း၌ ပါဝင်လာရန် အမြဲမပြတ် စည်းရုံးခဲ့ပြီး၊ မိသားစုဝင်များနှင့် ယုံကြည်မှု တိုးတက်လာအောင် ပြုလုပ်နိုင်ခဲ့သည်ဟု သိရသည်။
ULFA-I ၏ ဦးစီးချုပ် Paresh Baruah ကတော့ “ရပ်ချ်ဟိုဝါ က အဖွဲ့အစည်းအပေါ်မှာ သစ္စာစောင့်သိစွာနဲ့ နှစ်ပေါင်းများစွာ အမှုထမ်းခဲ့တယ်။ သူ လက်နက်ချလိုက်ခြင်း က အခြေအနေတွေရဲ့ ရလဒ်သာဖြစ်ပြီးတော့ အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်နဲ့ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ သူ့ဇနီးရဲ့ ကျန်းမာရေး အခြေ အနေကလည်း လက်နက်ချဖို့ အတွက် အရေးကြီးတဲ့ အချက် တချက် ဖြစ်ခဲ့ပါတယ်” ဟု ဂူဝါဟတီရှိ ဒေသတွင်း ရုပ်မြင်သံကြားလိုင်းများသို့ တယ်လီဖုန်းမှ တဆင့် ပြောကြားခဲ့သည်။
ဒရစ်တီ ရပ်ချ်ဟိုဝါ စိတ်ပျော့လာပြီး လက်နက်ချရန် သဘောတူညီခဲ့ခြင်းမှာ အဓိကအားဖြင့် သူ့ဇနီး၏ ကျန်းမာရေး အ ခြေအနေဆိုးရွား လာခြင်းကြောင့်လည်း ဖြစ်သည်။
၎င်းလက်နက်ချရေး အတွက် အစီအစဉ်တခုကို အသေးစိတ် ပြင်ဆင်ထားခဲ့ပြီး သတင်း အချက်အလက်များကို စစ် ထောက် လှမ်းရေး ညွှန်ကြားရေးမှူးချုပ်မှ တဆင့် အိန္ဒိယတပ်မတော် ၏ အာသံအခြေစိုက် အမှတ်၂၁ တောင်ပေါ် တပ်ရင်း သို့ အင်္ဂါနေ့ (နိုဝင်ဘာလ ၁၀ ရက်နေ့) တွင် ပေးပို့ခဲ့သည်။
စစ်ထောက်လှမ်းရေး အရာရှိနှင့် ဆက်သွယ်၍ ဒရစ်တီ ရပ်ချ်ဟိုဝါ သူ၏ ကိုယ်ရံတော် ၄ ဦး နှင့်အတူ လက်နက်ချရန် ဆုံးဖြတ်ချက်ကို ထပ်မံ ပြောကြားခဲ့သည်။
ဒရစ်တီ ရပ်ချ်ဟိုဝါကလည်း သူပုန်းခိုနေသည့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ Meghalaya ပြည်နယ်၏ တောင်ပိုင်း ဂါရိုခရိုင် Baghmara မှ Ghahahati ရောက်သည်အထိ အိန္ဒိယစစ်တပ်၏ အကာအကွယ် ပေးမှုအောက်တွင် စစ်ထောက် လှမ်းရေး၏ မော်တော်ယာဉ်တစီးနှင့် လုံခြုံစွာဖြတ် သန်းသွားနိုင်ရေး အတွက် တောင်းဆိုခဲ့သည်။
စစ်ဆင်ရေးက ၁၂ နာရီခန့်ကြာ မြင့်ခဲ့ပြီး ULFA-I ကေဒါများက လုံခြုံရေးတပ်ဖွဲ့များထံသို့ AK-81 ချေမှုန်းရေးရိုင်ဖယ် တလက်၊ ကျည်ကဒ် ၂ ခုနှင့် ပစ္စတို ၂ လက် ကို လွှဲပြောင်းပေးခဲ့ သည်။
ဘင်္ဂလားဒေ့ရ်ှတွင် အခြေစိုက် ခဲ့သည့် ဒရစ်တီ ရပ်ချ်ဟိုဝါ သည် ပြီးပြီးခဲ့သည့်နှစ်များ အတွင်း ပြုလုပ်ခဲ့သည့် စစ်ဆင်ရေး အများအပြား အတွက် တာဝန်ရှိသူ ဖြစ်သည်။ မတည်ငြိမ်သည့် အရှေ့မြောက်ဒေသတွင် လှုပ်ရှား နေသော စစ်သွေးကြွ အဖွဲ့များ အား လက်နက်များ ထောက်ပံ့ပေးသည့် အဓိကလမ်းကြောင်း လည်း ဖြစ်သည်။
သူ၏ လက်နက်ချမှုက တရုတ်နိုင်ငံယူနန်ပြည်နယ်တွင် အခြေစိုက်သည်ဟု ယုံကြည်ရပြီး အရှေ့တောင်အာရှနိုင်ငံများသို့ မကြာခဏ သွားရောက် လေ့ရှိသည့် ULFA-I ၏ ဦးစီးချုပ် Paresh Baruah ကို ပိုမို အားနည်းသွား စေလိမ့်မည်ဟု မျှော်လင့်ရသည်။
ULFA-I အဖွဲ့အစည်း အတွင်းမှ ဒရစ်တီ ရပ်ချ်ဟိုဝါ ထွက်ခွာသွားခြင်းက အခြားသူများကိုလည်း ထိုလမ်းကြောင်း အတိုင်း လိုက် လာစေနိုင်ပါသည်။ ULFA-I တွင် အမာခံကေဒါ၂၀၀ ခန့်သာ ကျန်ရှိတော့မည် ဟု ယူဆရသော ကြောင့် ဖြစ်သည်။ ယခုအခါ ULFA- I က ဒုစစ်ဦးစီးချုပ်အဖြစ် မိုက်ကယ် အဆွမ်ဆိုသူကို ဒရစ်တီ ရပ်ချ်ဟိုဝါ၏ နေရာတွင် ခန့်အပ်လိုက် ကြောင်း သိရသည်။
အိန္ဒိယကြည်းတပ်မှ တာဝန် ရှိသူများက လက်နက်ချလာသည့် ဒရစ်တီ ရပ်ချ်ဟိုဝါတီနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်း များ အတိုင်း ဆောင်ရွက်ခဲ့ပြီး ၎င်းကို Meghalaya ရဲ အဖွဲ့မှ တာဝန် ရှိသူများထံသို့ လွှဲပြောင်းပေးခဲ့သည်။ Meghalaya ရဲ အဖွဲ့ က သူ့ကို အာသံရဲတပ်ဖွဲ့ လက်သို့ နိုဝင်ဘာလ ၁၂ရက်နေ့ မနက်ပိုင်းတွင် ထပ်မံ လွှဲအပ်ခဲ့သည်။
You may also like these stories:
တရုတ် ကူညီခဲ့တဲ့ မြန်မာ-အိန္ဒိယ သူပုန်များ
သမိုင်းထဲက ကသည်းသူပုန်တွေရဲ့ လက်နက်မှောင်ခို လမ်းကြောင်း
ကသည်းလူမျိုးတိုင်း သူပုန်မဟုတ်ပါ
မြန်မာပြည်ထဲက ကသည်းသူပုန်ပြဿနာ