ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)က ရှမ်းပြည်အရှေ့ပိုင်းနှင့် မြောက်ပိုင်းရှိ ၎င်းတို့ ယခင် အနိုင်ရခဲ့သည့် ပြည်သူ့စစ်တပ်ဖွဲ့များ ထိန်းချုပ်ရာ မဲဆန္ဒနယ်များတွင် ထပ်မံအနိုင်ရခဲ့သည်။
အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့များသည် ယခင် စစ်အစိုးရ လက်ထက်တွင် စတင်ပေါ်ပေါက်လာသည့် အဖွဲ့များ ဖြစ်ပြီး ခေါင်းဆောင်ပိုင်းမှ တချို့လည်း USDP ပါတီမှ ဝင်ရောက် အရွေးခံခဲ့ကြသည်။
ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပြည်နယ် မဲဆန္ဒအမှတ်(၁) တွင် USDP ပါတီကနေ ဝင်ရောက် အရွေး ချယ်ခံသည့် မန်ပန်ပြည်သူ့ စစ်ခေါင်းဆောင် ဦးစိုင်းမွန်း ဆိုသူသည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ကျားခေါင်းပါတီကို မဲ ၂ ထောင်ကျော် အသာနှင့် ယခု ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရှမ်းပြည်မြောက်ပိုင်း ဥက္ကဋ္ဌ ဦးစိုင်းမြင့်မောင် က “တန့်ယန်းမှာ ဆို ရင် ပြည်သူ့စစ် ခေါင်းဆောင်ကိုယ်တိုင် ဝင်အရွေးခံတာပဲ။ ပြည်သူ့စစ်တွေ ဝင်ပတ်သက်နေတော့ ဒီမှာက တော် တော်လေးကို လုပ်ယူရဦးမှာ” ဟု ပြောသည်။
ပြည်သူ့စစ် တပ်ဖွဲ့များသည် အစိုးရ တပ်မတော်၏ ခွင့်ပြုချက်အရ တည်ထောင်ခွင့်ရကြခြင်း ဖြစ်ပြီး စစ်တပ် တိုက်ရိုက် ထိန်းချုပ်မှုအောက်တွင် ရပ်တည်ကြရသည်။ ရှမ်းပြည်နယ်တွင် ပြည်သူ့စစ် တပ်ဖွဲ့ဝင် အင်အား ဆယ်ဂဏန်း၊ ရာဂဏန်းနှင့် ထောင်ဂဏန်း အထိ ရှိသည့် ပြည်သူ့စစ် တပ်ဖွဲ့ပေါင်း၂၀၀ ကျော် တည်ရှိသည်။ တည်ရှိနေသည့် ကျေးရွာအုပ်စု နာမည်တွေအတိုင်း ပြည်သူ့စစ် နာမည်ပေးကာ တပ်ဖွဲ့များ ဖွဲ့စည်းပေးထားခြင်း ဖြစ်သည်။
ပြည်သူ့ စစ်တပ်ဖွဲ့များသည် USDP ပါတီ အတွက် မဲဆွယ်ပေးရာတွင် ဖိအားပေး လုပ်ဆောင်ခြင်း မရှိသော် လည်း ပြည်သူ့စစ် ခေါင်းဆောင်များ အရှက်မရစေရန်နှင့် မျက်နှာ မပျက်စေရန် ဒေသခံ မဲဆန္ဒရှင်တွေမှာ တာ ဝန်ရှိကြောင်း သွယ်ဝိုက် ပြောဆိုပြီး မဲထည့်ခိုင်းနေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကျား ခေါင်း ပါတီ တန့်ယန်းမြို့နယ်ရုံး တာဝန်ခံ စိုင်းပ က ပြောသည်။
ရွေးကောက်ပွဲတွင် ပြည်သူ့စစ် တပ်ဖွဲ့များက USDP ပါတီအတွက် မဲဆွယ်စည်းရုံးရေးတွေ လုပ်ဆောင်ပေးခဲ့ ခြင်းနှင့် ပတ်သက်ပြီး ပါတီက ငြင်းဆန်ထားသည်။ ပါတီအနေနှင့် ပြည်သူ့ စစ်တပ်ဖွဲ့များအပြင် အစိုးရ တပ်မ တော်နှင့်ပါ လုံးဝ ပတ်သက်မှု မရှိကြောင်း USDP ပါတီ ရှမ်းပြည် မြောက်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးကျော် ဇောဝင်း က ဧရာဝတီကို ပြောသည်။
တကောင်းနိုင်ငံရေး လေ့လာမှု အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးရဲမျိုးဟိန်းက “တပ်မတော် ခေါင်းဆောင်ဟောင်း တွေ ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေက ပြည်သူ့စစ် ခေါင်းဆောင်တွေအပေါ် အတိုင်းအတာတခုထိ သြဇာလွှမ်းမိုးမှု ရှိနေတယ်” ဟုဆိုသည်။
ပြည်သူ့စစ် အုပ်ချုပ်မှုအောက်တွင် နေထိုင်ကြသည့် ဒေသခံများသည် ပညာတတ်မြောက်မှု နည်းပါးကြသည့် အပြင် အကြောက်တရားနှင့်သာ နေထိုင်နေကြရကြောင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲပြည်သူ့စစ် နယ်မြေ အတွင်း နေထိုင်နေသည့် အမည်မဖော်လိုသော ဒေသခံတချို့က ပြောသည်။
ထို့ပြင် ဒေသခံ တိုင်းရင်းသားများသည် ရွေးကောက်ပွဲနှင့် နိုင်ငံရေးကိုလည်း တတ်သိနားလည်မှု အားနည်း ကြောင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှူးများက သုံးသပ် ပြောဆိုကြသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ကျားခေါင်းပါတီ တန့်ယန်းမြို့နယ်ရုံး တာဝန်ခံ စိုင်းပ က “ပြည်မမှာ သာ နိုင်ငံရေး ပြောင်းလဲတာကို ခံစားရတာ၊ ကျနော်တို့ နယ်စွန်နယ်ဖျားတွေမှာက သိပ်မသိသာဘူး။ ဒေသဖွံ့ဖြိုး ရေးကလည်း ပြည်မနဲ့ မတူဘူး၊ အပြောင်းအလဲက သိပ်မရှိဘူးလေ။ အဲဒီတော့ ခေတ်ပြောင်းလို့ ပြောင်းနေမှန်း တောင် သူတို့တွေ မသိကြဘူး။ အရင်လို ထင်ပြီး ကြောက်နေတုန်း” ဟု တန့်ယန်းမြို့နယ်ထဲက ပြည်သူ့စစ် နယ်မြေထဲမှာ နေထိုင်ကြသူတွေ အခြေအနေကို ရှင်းပြသည်။
မြို့ပြနှင့်နီးသည့် ဒေသခံတချို့က အသိပညာ ပွင့်လင်းမှု ရှိလာကာ ကြောက်စိတ်လျှော့နည်းလာကြပြီး လွတ် လပ်စွာ မဲထည့်တာတွေကို ယခု၂၀၂၀ ရွေးကောက်ပွဲတွင် စတင် လုပ်ဆောင်လာကြသည်ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ် ပြည်နယ် လွှတ်တော်အမှတ်(၂)မှာ ဝင်အရွေးခံသည့် ကျားခေါင်းပါတီ က ဦးကျဖေ့ က ပြောသည်။
မိုင်းဖြတ်မြို့နယ်သည် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် အင်အားအကြီးဆုံး ဖြစ်သည့် နမ့်ယွန်းပြည်သူ့စစ် ထိန်းချုပ် နယ်မြေ ဖြစ်သည်။ ဦးကျဖေ့ အပါဝင် ဝင်ရောက် ယှဉ်ပြိုင်သူအားလုံး ရှုံးနိမ့်ကာ USDP က မဲ အပြတ်အသတ် နှင့် အနိုင်ရရှိထားသည့် မဲဆန္ဒနယ်လည်း ဖြစ်သည်။
ဦးကျဖေ့ က “ပြည်သူ့စစ် ဝင်မပါရင် ကျနော်တို့ နိုင်ကို နိုင်တယ်။ သူတို့တွေက ပြည်သူ့စစ်ကို အသုံးချ သွား တော့ သူတို့ ပိုအားသာသွားတာပေါ့” ဟု သူယှဉ်ပြိုင်ခဲ့ရသည့် အခြေအနေကို ရှင်းပြသည်။
အလားတူနယ်မြေ တခုဖြစ်သည့် မိုင်းခတ်မြို့နယ်မှာ NLD ပါတီက ပြည်နယ်လွှတ်တော်တနေရာကို ၂၀၂၀ ရွေးကောက်ပွဲတွင်မှ ပထမဆုံးအကြိမ်အနိုင်ရခဲ့သည်။ ယင်းမဲဆန္ဒနယ်သည် ရွေးကောက်ပွဲအဆက်ဆက် USDP ပါတီကိုသာ မဲထည့်ကြသည့် ပြည်သူ့စစ်ထိန်းချုပ်နယ်မြေဖြစ်သည်။
ရှမ်းပြည်နယ်အတွင်း USDP ပါတီက ပြည်သူ့လွှတ်တော် ၁၅ နေရာနှင့် ပြည်နယ်လွှတ်တော် ၂၄ နေရာ အနိုင်ရရှိခဲ့သည့် ကွတ်ခိုင်၊ တန့်ယန်း၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ နမ့်စန်၊ မိုင်းပျဉ်း၊ မောက်မယ်၊ မိုင်းပန်၊ မိုင်းဖြတ်၊ မိုင်းဆတ်၊ မိုင်းခတ်၊ မိုင်းယန်းနှင့် မိုင်းတုံမြိုနယ်များသည် ပြည်သူ့စစ်တပ်ဖွဲ့များ အနေခြနေထိုင်ကြသည့် ဒေသများဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ခံကိုယ်စာလှယ် ၃၁ ဦးနှင့် ပထမနေရာ ရရှိခဲ့သည့် USDP ပါတီသည် ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၇ နေရာလက်လွှတ် ဆုံးရှုံးခဲ့ရပြီး NLD ပါတီက ပြည်နယ်ကိုယ်စားလှယ် ၃၃ ဦးနှင့် ပထမနေရာကိုရရှိကာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ကျားခေါင်းပါတီက ၂၇ ဦးနှင့် ဒုတိယနေရာမှာ တည်ရှိနေသည်။
အစိုးရတပ်မတော်၊ ပြည်သူ့စစ်တပ်ဖွဲ့၊ USDP ပါတီ ယင်းသုံးပွင့်ဆိုင် အခြေအနေတွင် အပြန်အလှန် ထောက်ပံ့ ပေးမှု၊ သက်ရောက်မှု ရှိနေသ၍ ပြည်သူ့စစ် ထိန်းချုပ်နယ်မြေထဲက မဲဆန္ဒနယ်များတွင် USDP ပါတီက ဆက် လက် ခြေကုတ်ယူထားနိုင်မည် ဖြစ်ကြောင်း ရှမ်းပြည်နယ်နိုင်ငံရေး အင်အားစုများက သုံးသပ် ပြောဆိုကြသည်။
You may also like these stories:
လူထု လွတ်လပ်စွာမဲပေးခွင့်ကို ပြည်သူစစ်အဖွဲ့များ ခြိမ်းခြောက်နေဟုဆို
ငြိမ်းချမ်းရေးဆွေးနွေးရန် ဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့်ကော်မတီဖွဲ့စည်း
တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒကို အလေးထားမည် ဟု NLD ကြေညာ