အသေးစား စီးပွားရေး လုပ်ငန်းများအတွက် ချေးငွေလိုအပ်နေသည့် ပြည်သူများကို ပံ့ပိုးပေးနိုင်မည့် အစီအစဉ် ဆောင် ရွက်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
နိုဝင်ဘာလ ၁၆ ရက်က COVID-19 ရောဂါ ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီး ပြည်သူများသို့ အစီရင်ခံ တင်ပြသည့် မိန့်ခွန်း၌ ထိုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။
ထိုကဲ့သို့ စီစဉ်နေမှုများကို လာမည့် နှစ်ပတ်၊ သုံးပတ်အတွင်း မည်သို့ အစီအစဉ်များ ရှိသည်ကို ပြည်သူများသို့ ချပြနိုင် ရန်လည်း ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က “အသေးစား ငွေချေးရခြင်းက ကျမတို့ရဲ့ အခြေခံလူတန်းစား၊ ကျမတို့ ပြည်သူလူထု တော် တော်များများအတွက် လိုအပ်ချက်တခု ဖြစ်တယ် ဆိုတာတော့ သဘောပေါက်ပါတယ်။ ဒါကြောင့် ချေးငွေ လိုအပ်တဲ့ ပြည် သူတွေ မိမိတို့ရဲ့စီးပွားရေး လုပ်ငန်းလေးတွေကို ပံ့ပိုးဖို့အတွက်၊ ချေးငွေလိုအပ်တဲ့ ပြည်သူများ ရနိုင်ဖို့အတွက် စီစဉ်နေပါ တယ်။ ကျမတို့ စပြီး ဆွေးနွေးနေပါတယ်” ဟု ပြောသည်။
ကိုဗစ်ကာလအတွင်း အသေးစား ချေးငွေ ပြန်လည် မပေးဆပ်နိုင်သည့် ပြည်သူများအတွက် ကြွေးကျန်များကို ဆပ်ချိန် ဆိုင်းငံ့ပေးရန် အစီအစဉ်တွေကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။
အစိုးရ အနေဖြင့် အသေးစား ချေးငွေအဖွဲ့အစည်းများနှင့် ညှိနှိုင်းကာ ကိုဗစ်ရောဂါ ပြန့်ပွားမှု အများဆုံးဖြစ်ပြီး လူဦးရေ လည်း များပြားသည့် ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ကြွေးကျန်ဆပ်ချိန် ဆိုင်းငံ့ ပေးခြင်းကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ကျမတို့ နိုင်ငံရဲ့ ငွေရေးကြေးရေး အခြေအနေအရ၊ အရင်းအမြစ် အခြေအနေအရ တတိုင်းပြည်လုံးကိုတော့ ဒီကိစ္စမှာ ကူညီလို့ မရပေမယ့် ကိုဗစ်ရောဂါ ပြန့်ပွားမှု အများဆုံးဖြစ်ပြီး လူဦးရေလည်းများတဲ့ ပြည်နယ်တခုနဲ့ တိုင်းဒေသကြီး၂ ခုကို ရွေးပြီးပါပြီ။ အဲဒါကတော့ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ ဖြစ်ပါတယ်။ အဲဒီက အသေးစား ချေးငွေအဖွဲ့အစည်းတွေကို ကျမတို့ အစိုးရအဖွဲ့နဲ့ ညှိပြီးတော့ ပြန်ဆပ်ရမယ့် ပြည်သူတွေအနေနဲ့ ကြွေးကျန်တွေကို ဆပ် ချိန် ဆိုင်းငံ့ပေးဖို့ အစီအစဉ်တွေ စပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “တချို့ ပြည်သူတွေက ဒီလိုအသေးစား ငွေချေးအဖွဲ့အစည်းတွေရှိတဲ့အခါ တနေ ရာတည်း မဟုတ်ဘူး။ နှစ်နေရာ၊ သုံးနေရာ၊ လေးနေရာ လိုက်ပြီး ချေးတဲ့အခါ ကြွေးဝန်တွေ ပိပြီး ပြဿနာ တက်ပါတယ်။ ဒါကြောင့် ကျမကတော့ ဒီလို မလုပ်ပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများမှ ချေး ငွေရယူထားသော သူများ၏ ပြန်ဆပ်ရမည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွက် အတိုးနှင့်အရင်းကို အစိုးရက အတိုးမဲ့ ချေးငွေအနေဖြင့် အသေးစား ငွေရေးကြေးရေး အဖွဲ့များသို့ ထုတ်ချေးကာ ယာယီ စိုက်ဆပ်ပေးသွားမည် ဖြစ်ကြောင်း အသေးစား ငွေရေးကြေးရေး ကြီးကြပ်မှု ကော်မတီက အောက်တိုဘာလက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် အသေးစား ငွေကြေးလုပ်ငန်းများမှ ငွေချေးယူ သူပေါင်း၂ သန်းခန့် ရှိပြီး ချေးငွေ စုစုပေါင်း ဒေါ်လာ ၃၅၀ သန်းခန့်ဖြင့် ဝန်ဆောင်မှုပေးလျက် ရှိကြောင်း မြန်မာနိုင်ငံ အသေးစား ငွေရေးကြေးရေး လုပ်ငန်းများ ကူညီရေးအသင်း (MMFA) ၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။
မြန်မာ တနိုင်ငံလုံး အနေဖြင့် Microfinance ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများကို လိုင်စင် ထုတ်ပေးထားသည်မှာ ၁၉၃ ခု ရှိကြောင်း စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်ရေး ဦးစီးဌာနက သိရသည်။
You may also like these stories:
ချေးငွေယူထားသူများ၏ အတိုးနှင့်အရင်း အစိုးရ ယာယီဆပ်ပေးမည်
ချေးငွေ အတိုး အရင်းများကို အတင်းအကြပ် ကောက်ခံပါက လိုင်စင်ပိတ်မည်