ရခိုင်ပြည်နယ် လွှတ်တော်တွင် အတည်ပြုထားသည့် ပါတီအသီးသီးမှ ကိုယ်စားလှယ်များ၏ မေးခွန်းနှင့် အဆိုများကို လက်ရှိ အစိုးရ သက်တမ်းမကုန်မီ အမြန်ဆုံး အကောင်ထည်ဖော် ဆောင်ရွက်ပေးရန် နိုဝင်ဘာလ ၁၇ ရက် ပြုလုပ်သည့် ပြည်နယ်လွှတ်တော်၌ အဆိုတရပ် တင်သွင်းခဲ့သည်။
အဆိုပါ အဆိုကို ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။
အဆိုရှင် ဦးဇော်ဇော်မြင့်က “ဒီ ၅ နှစ် သက်တမ်းကာလမှာ ပြည်သူ့ကိုယ်စား ပါတီ အသီးသီးဒေသ လွှတ်တော် ကိုယ်စား လှယ်တွေဟာ အဆိုများစွာ တင်သွင်းခဲ့ကြတယ်။ ကျနော်လည်း အဆို ၁၂ ခု အထိ တင်သွင်းခဲ့တယ်။ အလားတူ မေးခွန်း တွေ အပေါ်မှာလည်း အစိုးရအနေနဲ့ အလေးထားပြီးတော့ လိုက်နာဆောင်ရွက် လုပ်ဆောင်ပေးမှုတွေဟာ အရမ်းအား နည်းခဲ့တာကို တွေ့ရတဲ့အတွက် ဒီအဆိုကို တင်သွင်းခဲ့ရတာ ဖြစ်ပါတယ်” ဟု အစည်းအဝေးအပြီး သတင်း မီဒီယာများသို့ ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယ သက်တမ်းတွင် ပြီးခဲ့သည့်၂၀၁၆ ခုနှစ်မှ လက်ရှိ၂၀၂၀ ယနေ့ နိုဝင်ဘာ ၁၇ ရက်အထိ လွှတ်တော် ကိုယ်စားလှယ် အသီးသီးတို့က လွှတ်တော် ပုံမှန်၊ အထူး၊ အရေးပေါ် စသည့် အစည်းအဝေးတို့၌ ကြယ်ပွင့်ပြ မေးခွန်းပေါင်း ၈၀၉ ခု၊ ကြယ်ပွင့်မပြ မေးခွန်း ၃၉၆ ခုနှင့် အဆိုပေါင်း ၇၂ ခုထဲမှ ၆၅ ခု အတည်ပြုထားပြီး မှတ်တမ်းအဖြစ် ထားရှိသည့် အဆို ၇ ခု အထိ ရှိကြောင်း လွှတ်တော် စာရင်းဇယားအရ သိရသည်။
ဦးဇော်ဇော်မြင့်က “ဘူးသီးတောင်၊ မောင်တောဒေသရှိ တိုင်းရင်းသားတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိဖို့ အစီအမံတွေ လုပ်ထားဖို့နဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးဖို့ အဆိုတွေ၊ နောက်ပိုင်းတော့ မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ လုံခြုံစိတ်ချရတဲ့ နယ်စပ် ခြံစည်းရိုးနဲ့ အချုပ်အခြာ အာဏာအတွက် မေယုကျွန်းဒေသကို ထိန်းချုပ်ဖို့ အဆိုအပါအဝင် တော်တော်များကို တင်သွင်းခဲ့ ပေမယ့်လည်း မလုပ်ပေးခဲ့ဘူး” ဟု ပြောဆိုသည်။
ယင်းပြင် အစိုးရတရပ် အနေဖြင့် ပြည်သူ့ အကျိုးစီးပွားအတွက် နိုင်ငံတော် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရာတွင် ဘဏ္ဍာရေးအလိုက် ငွေကြေး သုံးစွဲမှုများကို လွှတ်တော်မှ တဆင့်အတည်ပြုပေးရသည့်အတွက် ယင်းတို့နှင့် ဆက်စပ်သည့် လုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့က အလေးထား လုပ်ဆောင်ပေးစေချင်ကြောင်းလည်း ၎င်းက ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်များအရ လုပ် ဆောင်နေခြင်းသာ ဖြစ်ပြီး လွှတ်တော်တွင် တင်သွင်းခဲ့သည့် အဆို၊ မေးခွန်းအမျိုးအစားကို ခွဲခြမ်းသိမြင်ဖို့ လိုအပ်ကာ ပြည်ထောင်စု အစိုးရ လုပ်ပိုင်ခွင့်၊ ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်ကို သိထားရမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောဆိုသည်။
ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က “အဆိုတွေ၊ မေးခွန်းတင်တဲ့ အထဲမှာ ခွဲခြမ်းစိတ်ဖြာဖို့တော့ လိုမယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ဒါက ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့်ပေးထားတာလား။ ပြည်ထောင်စု အစိုးရကို လုပ်ပိုင်ခွင့်ပေးထားတာလားဆိုတာမျိုးလည်း ရှိသေးတာကိုး။ ကျနော်တို့ကတော့ လုပ်ပေးလို့ရတဲ့ ဟာတွေကို လုပ်ပေးထားတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ထို့အတူ လွှတ်တော်အတွင်းရှိ အဆို/မေးခွန်းများတွင် အလုပ်အကိုင် အခွင့်အလမ်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စစ်ရေးပဋိက္ခ စသည့် ကဏ္ဍများစွာ ပါဝင်ပြီး စစ်ရေး ပဋိပက္ခနှင့် ဆက်နွယ်သည့် အဆိုများကို ပြည်နယ်အစိုးရအနေဖြင့် ဆောင်ရွက်ပေး ရန် အခက်အခဲများ ရှိကြောင်းလည်း ဦးဝင်းမြင့်က ရှင်းပြသည်။
ဆက်လက်ပြီး ဦးဝင်းမြင့်က “တခါတလေကျတော့ တပ်နဲ့ သက်ဆိုင်တဲ့ အဆိုတွေ ရှိတယ်။ တပ်နဲ့ သက်ဆိုင်နေတဲ့ဟာ တွေကို ပြည်နယ်အစိုးရက လုပ်ပေးပါဆိုတော့ မရတဲ့ အပိုင်းတွေလည်း ရှိတယ်။ အဲဒါတွေမှာ အခက်အခဲရှိမယ်။ စစ်ဘေး ရှောင်တွေကို ရိက္ခာတွေ၊ နေထိုင်ရေးတွေကိုကျတော့ လုပ်ပေးနိုင်တဲ့ ကဏ္ဍဆိုရင် လုပ်ပေးနေတာပဲ။ ဒါ့ပြင် အခုကျန်တဲ့ အစိုးရ သက်တမ်းမှာလည်း တင်သွင်းထားတဲ့ အဆိုတွေ၊ မေးခွန်းတွေကို တတ်နိုင်သလောက် လုပ်ပေးဦးမှာပါ” ဟု ပြော သည်။
ယင်းအဆိုနှင့် ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်၂ ရခိုင်အမျိုးသားပါတီမှ ပြည်နယ် လွှတ်တော် ကိုယ် စားလှယ် ဦးအောင်သန်းတင် က ပြည်နယ် အစိုးရအနေဖြင့် ပြည်သူ့ကိုယ်စားပြု အသံများကို လုပ်ဆောင်ပေးရမည်မှာ အစိုးရတွင် တာဝန်ရှိသည့်အတွက် အဆိုကို ထောက်ခံခဲ့သည်။
ဦးအောင်သန်းတင်က “လွှတ်တော် သက်တမ်းကာလ တလျှောက်မှာ မြို့နယ်အသီးသီးက ကိုယ်စားလှယ်တွေ တင်သွင်း တဲ့ အရေးကြီးအဆို၊ မေးခွန်းတွေကို အစိုးရအဖွဲ့က လုပ်ဆောင်မှုအားနည်းတာကို လုပ်ပေးဖို့အတွက် တိုက်တွန်းထားတာ ဖြစ်တယ်။ ဒါကြောင့် ဒီနေ့မှာ အဆိုတွေ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ပြည်နယ် အစိုးရအနေနဲ့ ပြည်သူကို ကိုယ်စားပြုသူ တို့ရဲ့ အဆိုတွေကို လုပ်ဆောင်ပေးဖို့ လိုနေသေးတယ် ” ဟု လွှတ်တော်တွင် ထောက်ခံခဲ့သည်။
လွှတ်တော်တွင် အတည်ပြုခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရ အကောင်အထည် မဖော်နိုင်သော အဆိုများမှာ နှစ်ဖက်တိုက်ပွဲများ ရပ်တန့်ပြီး ငြိမ်းချမ်းရေး ဆောင်ရွက်ပေးရန်၊ ဘုန်းတော်ကြီးကျောင်းနှင့် သာသနိက အဆောက်အအုံတို့တွင် လက်နက် ကိုင်တပ်များ စခန်းချ၍ မနေထိုင်ရန်၊ ရခိုင်မြောက်ပိုင်းရှိ တောင်သူများ အချိန်မီ စပါးရိပ်သိမ်းနိုင်ဖို့အဆိုများတွင်လည်း အကောင်အထည်ဖော်မှု မရှိခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။
ယင်းပြင် ဦးအောင်သန်းတင်က “ပုဏ္ဏားကျွန်း စက်မှုဇုန် စီမံကိန်းကို ဒီအစိုးရ သက်တမ်းအစမှာ အကောင်အထည်ဖော်ပေး ဖို့ အတွက် ကျနော် အဆိုတင်ခဲ့တယ်။ အဲဒီတုန်းက ၁ နှစ်အတွင်း အကောင်အထည်ဖော်ပေးမယ် ဆိုပြီးတော့ ကတိ ကဝတ်တွေ ပေးတယ်။ ဒါပေမယ့် အကောင်အထည် ပေါ်မလာဘူး။ အစိုးရဘက်က ပြောတာက ပဋိပက္ခကြောင့်လို့ ပြန် ပြောတယ်။ အမှန်က စက်မှုဇုန်နဲ့ ပတ်သက်လို့ မြေယာအကုန်လုံး ရရှိပြီးသား အဲဒီတုန်းက ပဋိပက္ခလည်း မရှိသေးဘူး။ အဲဒီလိုအပါအဝင် စီးပွားရေး ကတိကဝတ်တွေ အများကြီးပေးခဲ့တာ ဖြစ်တယ်” ဟု ပြောသည်။
ယခုအစိုးရသက်တမ်း မကုန်ခင် လွှတ်တော်၌ ကိုယ်စားလှယ်များ တင်သွင်းခဲ့သည့် အစိုးရမှ အမြန်ဆုံး အကောင်အထည် ဖော် ဆောင်ရွက်ပေးရန် အဆိုကို ကန့်ကွက်သူ မရှိသည့်အတွက် နောက် လွှတ်တော် ကျင်းပသည့်နေ့များတွင် ဆက်လက် ဆွေးနွေးရန် သဘောတူခဲ့သည်။
You may also like these stories:
စစ်ပွဲအတွင်း ပြည်သူများ သေဆုံးထိခိုက်မှု ရခိုင်လွှတ်တော်တွင် မေးခွန်းထုတ်