နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပခဲ့သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၏ အခြေအနေအရပ်ရပ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အစိုးရပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) တွင် ထုတ်လွှင့်ဖော်ပြမှု အားနည်းခဲ့ကြောင်း လေ့လာသူများက ထောက်ပြကြသည်။
MRTV သည် တနိုင်ငံလုံး လွှမ်းခြုံသည့် ရေဒီယိုကွန်ရက်နှင့် ရုပ်သံချန်နယ်လိုင်းများ ရှိသော်လည်း ရွေးကောက်ပွဲနေ့ သတင်းဖော်ပြမှုအပါအဝင် ရွေးကောက်ပွဲအပြီး အနိုင်ရနိုင်ငံရေးပါတီများ၏ အခြေအနေများဖော်ပြရန် ကိစ္စတို့တွင် သတင်းဖော်ပြမှု မရှိသလောက်နည်းပါးခဲ့သည်ကို တွေ့ရကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) တွဲဖက် အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က ဝေဖန်ပြောဆိုသည်။
နိုင်ငံပိုင် မီဒီယာက ဘာအတွက်ရှိနေလဲဆိုတဲ့ဟာက ပြန်စဉ်းစားစရာ သုံးသပ်စရာဖြစ်နေတာပေါ့။ ရွေးကောက်ပွဲလို နေ့တို့ ဘာတို့က ဘာမှ နိုင်ငံပိုင်မီဒီယာမှာ မမြင်ရတော့ တနည်းအားဖြင့်ပြောရင် ဟာကွက်ကြီး ၊ တနည်းအားဖြင့် လူတွေ တချို့သိချင်တာကို အမှောင်ချ ထားသလိုကြီးဖြစ်နေတာပေါ့။ ဒါကြောင့် ပုဂ္ဂလိက ရုပ်သံတွေဖြစ်တဲ့ DVB တို့ မဇ္ဈိမတို့ကို လူတွေက စောင့်ကြည့်ရတာများတာပေါ့” ဟု ၎င်းက သုံးသပ်သည်။
လူထု၏ ဘဏ္ဍာငွေဖြင့် ရပ်တည်လည်ပတ်ရသည့် နိုင်ငံပိုင် မီဒီယာတွင် ရွေးကောက်ပွဲနေ့ကဲ့သို့ အရေးကြီးသည့် ကိစ္စများ ၏ အခြေအနေများ မဖော်ပြခဲ့သဖြင့် လူထု၏ သတင်းသိပိုင်ခွင့် ဆုံးရှံးခဲ့ရကြောင်း ဦးမြင့်ကျော်က ပြောကြားသည်။
The Voice Journal အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကလည်း ကိုဗစ်ကပ်ရောဂါကြောင့် ပုဂ္ဂလိက သတင်းမီဒီယာတိုက် များ ဘဏ္ဍာရေး အခက်အခဲတွေ့နေသဖြင့် ပုဂ္ဂလိက မီဒီယာများသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲ ကာလက ကဲ့သို့ အင်အားကောင်းကောင်းဖြင့် မစောင့်ကြည့်နိုင်ခဲ့ကြကြောင်း ပြောသည်။
ထိုကဲ့သို့ ပုဂ္ဂလိက မီဒီယာများ အင်အားနည်းပါးနေသော အခြေအနေတွင် ပြည်သူ့ဘဏ္ဍာငွေဖြင့် ရပ်တည်လည် ပတ်နေသည့် နိုင်ငံပိုင်မီဒီယာအနေနှင့် အထွေထွေရွေးကောက်ပွဲအခြေအနေကို ယခင်ကထက် ပိုမိုဖော်ပြရမည့် အစား သတင်းဖော်ပြမှုနည်းပါးခဲ့သည်မှာ မဖြစ်သင့်ကြောင်း ၎င်းက ပြောသည်။
“ပြည်သူအတွက် လုပ်ဖို့အထိကတော့ မျှော်မှန်းချက်ကြီးတာပေါ့။ အဲဒီလောက်အထိလည်း မမျှော်မှန်းပါဘူး။ အနိမ့်ဆုံး တော့ အစိုးရက ကမကထလုပ်တဲ့ ရွေးကောက်ပွဲပုံရိပ် UEC ရဲ့ပုံရိပ်ကို တတ်နိုင်သလောက် အများအမြင်မှာ မျှတတဲ့ အမြင်ဖြစ်အောင် ရွေးကောက်ပွဲအခြေအနေတွေအကုန်လုံးပေါ့။ ရွေးကောက်ပွဲ မတိုင်ခင်ကာလရော၊ ရွေးကောက်ပွဲ မဲပေးနေတဲ့ကာလရော၊ ရွေးကောက်ပွဲအပြီးကာလရော ဘာတွေဖြစ်နေတယ်ဆိုတာ ဖော်ပြဖို့ တာဝန်ရှိတာပေါ့”ဟု ဦးကျော်မင်းဆွေက မှတ်ချက်ပေးသည်။
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်များကို နိုင်ငံပိုင် မီဒီယာများတွင် စောင့်ကြည့်ခြင်းထက် ပုဂ္ဂလိက ရုပ်မြင်သံကြားအစီအစဉ်များ၊ အွန်လိုင်းမှ စောင့်ကြည့်မှုမှာ ပို၍ များပြားကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ ပဲခူးမြို့ ရှိ Knowledge Zone ပညာဒါနကျောင်းတည်ထောင်သူ လည်းဖြစ်သည့် ဦးသက်နိုင်ကမူ ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲနှင့်ဆိုင်သည့် သတင်းအချက်အလက်အများစုကို အစိုးရပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့ဆီက မရယူဘဲ ပုဂ္ဂလိကပိုင် သတင်းမီဒီယာများထံမှ သာရယူဖြစ်ခဲ့သည်ဟု ဆို သည်။
“ဘာဖြစ်လို့လဲဆိုတော့ MRTV ကကျတော့ အဖြစ်သဘောမျိုးလောက်ပဲလွှင့်တယ်။ သူက သတင်းလောက်ပဲပါပြီးတော့ အသေးစိတ်ကိုကျတော့ မဇ္ဈိမတို့ ၊ DVB တို့မှာပို ပြီးတွေ့ရတယ်။ ဒါကြောင့် မဇ္ဈိမတို့ ၊ DVB တို့ကို ကျနော်ပိုပြီးတော့ ကြည့်ဖြစ်တယ်” ဟု ၎င်းက ပြောကြားသည်။
နိုင်ငံပိုင် မီဒီယာမျာဖြစ်သော မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်တွင် ရှိပြီး ယင်းဝန်ကြီးဌာန၏ မူဝါဒများထဲတွင် အများပြည်သူအား ဝန်ဆောင်မှု၊ ဖျော်ဖြေမှု၊ အသိဉာဏ်ပညာနှင့် သတင်း အချက်အလက်ပေးမည့် အစီအစဉ်များကို ပြည့်စုံစွာ ဖော်ပြခြင်း၊ ပုဂ္ဂလိကမီဒီယာများမှ အများပြည်သူအကျိုးငှာ ဖော်ပြနိုင်ခြင်းမရှိသည့် အစီအစဉ်များကို ဖြည့်စွက်ပေးခြင်းတို့ ပါဝင်သည်။
သတင်းစာဆရာတဦးဖြစ်သူ ဦးချစ်ဝင်းမောင်ကလည်း အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းတင်ဆက်မှု သည် တိုင်းပြည်အတွက်အရေးကြီးသဖြင့် နိုင်ငံတိုင်းတွင် ထိရောက်စွာလုပ်ဆောင်လေ့ရှိကြသော်လည်း မြန်မာနိုင်ငံတွင် အစိုးရပိုင် MRTV သည် သတင်းတင်ဆက်မှု အားနည်းခဲ့ကြောင်း ဝေဖန်သည်။
“CNN တို့ ၊ ABC တို့ အမေရိကန် Elections ဆိုရင် တချိန်လုံး Updates News တွေ News Room နဲ့ ချိတ်ဆက်ပြီးတော့ သတင်းတွေကို ပြန်ကြားနေကြတာပဲလေ။ ကျနော်တို့လည်း ကြားနေရတာပဲ။ ကျနော်တို့ဆီမှာ အဓိကရှိနေတဲ့ နိုင်ငံပိုင်မီဒီယာတွေက ဒါတွေလုပ်ရမှာ။ ဒါပေမယ့် သူတို့ အဲဒါတွေကို မလုပ်ဘူးဗျ” ဟု ၎င်းက မှတ်ချက်ပေးသည်။
နိုင်ငံပိုင်မီဒီယာများအနေနှင့် အစိုးရဝါဒဖြန့်ချီရေးသက်သက်ဆောင်ရွက်နေခြင်းကို ရပ်တန့်သင့်ပြီး ပြည်သူလူထုအတွက် အကျိုးရှိစေမည့် ပြည်သူ့ဝန်ဆောင်မှုမီဒီယာဖြစ်ပြောင်းလဲနိုင်ရေးကို ဆောင်ရွက်သင့်ကြောင်း ဦးချစ်ဝင်းမောင်က ပြောသည်။
“Public Service မီဒီယာဆိုတာက ပြည်သူ့ဘဏ္ဍာကို သုံးတယ်။ ဥပမာ – လွှတ်တော်ကနေချပေးတဲ့ ဘတ်ဂျက်ပေါ့။ ပြည်သူ့ ဘဏ္ဍာငွေကို သုံးတယ်။ သို့သော် အခုလိုမျိုး အစိုးရရဲ့ ဝါဒဖြန့်ချီရေးကြီးပဲ လုပ်နေတာမဟုတ်ဘဲနဲ့ Public က Trusted ဖြစ်တဲ့၊ Editorial လွတ်လပ်ခွင့်ရှိတဲ့ မီဒီယာမျိုးပြောင်းလဲရမှာပါ” ဟု ၎င်းက အကြံပြုသည်။
ဤသို့ ဝေဖန်မှုများနှင့် ပတ်သက်၍ ပြန်ကြားရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးအောင်လှထွန်းက ရွေးကောက်ပွဲ သတင်းများ ဖော်ပြရာတွင် နိုင်ငံပိုင်မီဒီယာဖြစ်သည့်အတွက် ပုဂ္ဂလိက မီဒီယာများကဲ့သို့ သွက်လက်စွာ မဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောသည်။
“ကျွန်တော်တို့ နိုင်ငံပိုင် မီဒီယာတွေအနေနဲ့ ရွေးကောက်ပွဲအကြိုကာလ တာဝန်တွေထဲက အချို့ကိုတော့ ကျေပွန်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နိုင်ငံပိုင်မီဒီယာဖြစ်တဲ့အတွက် အချို့ကိစ္စတွေကို ပုဂ္ဂလိကမီဒီယာတွေနည်းတူ လွတ်လွတ် လပ်လပ် သွက်သွက်လက်လက် ဆောင်ရွက်နိုင်တဲ့ အနေအထားမရှိတာကို ဝန်ခံပါတယ်။ အားမလို အားမရလည်း ဖြစ်မိပါတယ်။ သို့သော် ပုဂ္ဂလိကမီဒီယာတွေက အဲဒီဟာကွက် တွေကို အကောင်းဆုံး ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြလို့ ဒီရွေးကောက်ပွဲကြီးဟာ တစ်ခုမှ ပြောစရာမရှိဘဲ အောင်မြင်ခဲ့ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဒီမိုကရေစီ နိုင်ငံတနိုင်ငံတွင် ပုဂ္ဂလိက မီဒီယာများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ထွန်းကားရေးတို့သည် အပြန်အလှန်အမှီသဟဲ ပြုနေပြီး ဒီမိုကရေစီ ခိုင်မာလာသည်နှင့် အမျှ မီဒီယာလုပ်ငန်း တာဝန်များကို ပုဂ္ဂလိက မီဒီယာများက အဓိက တာဝန်ယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဦးအောင်လှထွန်းက ဆိုသည်။
You may also like these stories:
နိုင်ငံပိုင်မီဒီယာက ဆန္ဒပြပွဲသတင်းတွေ ဘာကြောင့် မရေးသလဲ
ဒီမိုကရေစီ ထွန်းကားလာပါက နိုင်ငံပိုင် သတင်းစာ ပျောက်ကွယ်နိုင်ဟု ပြန်ကြားရေး ဒု ဝန်ကြီး ပြော