သတင်း

ကိုဗစ်ကန့်သတ်ချက်များ ဖြေလျှော့ရန် အစိုးရ စီစဉ်

Want create site? Find Free WordPress Themes and plugins.

အစိုးရအနေဖြင့် ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် လုပ်ဆောင်ထားသည့် အကန့်အသတ်များကို ပြန်လည်ဖြေလျှော့ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ကန့်သတ်ချက်များကို ဖြေလျှော့သည့်အနေဖြင့် ဘုရား၊ စေတီပုထိုးများနှင့် ဘာသာရေးအဆောက်အအုံများ၊ စားသောက် ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခြင်း၊ ခရီးသွားလာခွင့်များ နှင့် ပြည်တွင်း လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲခွင့်နှင့် မော်တော်ယာဉ်မှတ်ပုံတင်ဝန်ဆောင်မှုလုပ်ငန်းများကို ယခုလ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလထဲ၌ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေပေါ်မူတည်ပြီး တဆင့်ချင်း ပြန်လည် ဖြေလျှော့သွားရန် စီစဉ်လာခြင်းလည်း ဖြစ်သည်။

Stay at Home သတ်မှတ်ထားခြင်းမရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တန်ခိုးကြီးဘုရား၊ စေတီပုထိုး များနှင့် ဗလီ၊ Church ကျောင်းများကို အချိန် နှင့် လူဦးရေ အကန့်အသတ်ဖြင့် ဖူးမြော်ခွင့်နှင့် ဝတ်ပြုဆုတောင်း ခွင့်ပေးခြင်းနှင့် A အဆင့်သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်များကို နိုဝင်ဘာလ ကုန်ပိုင်းတွင် ပြန်လည် ဖွင့်လှစ်ခွင့်ပေးသွားမည် ဖြစ်ကြောင်း Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက နိုဝင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး ပြည်နယ်များသို့ ခရီးသွားရန်အကြောင်းကိစ္စ ပေါ်ပေါက်ပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများမှ ဆေးစစ်ဆေးမှုထောက်ခံချက်ဖြင့် ကွာရန်တင်းဝင်ရောက်ခြင်း မပြုစေဘဲ သွားလာခွင့်ပြု သွား မည်ဖြစ်ပြီး Stay at Home သတ်မှတ်ထားသော မြို့နယ်များကို ကိုဗစ် ၁၉ ဖြစ်ပွား ပေါ်မူတည်ပြီး ဖြေလျော့ ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ကိုဗစ် ၁၉ ရောဂါကူးစက်ခံရပြီး ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများထဲမှ ဆေးရုံဆင်း ခွင့်ပြု နိုင်သည့် လူနာများအား ဆောလျင်စွာ ဆေးရုံဆင်းခွင့်ပေးနိုင်ရေး၊ အအေးပိုင်းဒေသများတွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ထိန်းသိမ်းဆောင်ရွက်သွားရေး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ် ၁၉ ရောဂါ ကုသရေးအတွက် ပြင်ဆင် ဆောင်ရွက်ထားခြင်း နှင့် စိုးရိမ်ရသည့် လူနာများဖြစ်ပါက မိသားစု/ ဆွေမျိုး များထဲမှ လူနာစောင့် ၁ ဦးကို လိုက်ပါ စောင့်ရှောက်ခွင့်ပြုသွားခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

ကိုဗစ် ၁၉ အကန့်အသတ်များကို အစိုးရက မတ်လကုန်ပိုင်းမှ စတင်လုပ်ထားခြင်းကြောင့် အချိန် ၆ လကျော် ကြာမြင့် လာပြီး စီးပွားရေးလုပ်ငန်းများအပါအဝင် ပုံမှန်ဝင်ငွေ မရှိသော မိသာစုများအပေါ် ထိခိုက်မှုသည် ပိုမို ကြီးမားလာနေပြီ ဖြစ်ခြင်းကြောင့် ယခုဖြေလျှော့မှုများ ပြုလုပ်လာခြင်းကို ကြိုဆိုကြောင်း စားသောက်ဆိုင် လုပ်ငန်းရှင် ၁ ဦးက ပြောသည်။

၎င်းက “ ကျန်းမာရေးက အရေးကြီးတယ်ဆိုပေမယ့် ဒီလိုအကန့်အသတ်တွေနဲ့ အချိန် ဒီထက်ကြာနေဦးမယ် ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူး။ အခုချိန်က ကိုဗစ်နဲ့ အတူယှဉ်ပြိုင်နေထိုင်ပြီး တချို့ပြောင်းလဲ လုပ်ဆောင်သင့်တာ တွေ လုပ်သင့်နေပြီ” ဟု ဆိုသည်။

အစိုးရအနေဖြင့် လာမည့် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်မည့် ခရစ်စမတ်ပွဲတော် နှင့် နိုင်ငံတကာ နှစ်သစ်ကူး ပွဲတော်နေ့များ၌ ဘုရားကျောင်းများတွင် ဝတ်ပြုဆုတောင်းခြင်းကို လူ ၅၀ ထက် မပိုစေဘဲ ခွင့်ပြုနိုင်ရေးနှင့် ခရစ်စမတ် ပွဲတော် ကာလတွင် လူအများစုဝေး၍ နေအိမ်များသို့ သီချင်းများလိုက်လံ သီဆို ဆုတောင်းခြင်းများကို ခွင့်မပြုဘဲ ဘုရားကျောင်းများ၌ ဝတ်ပြုဆုတောင်းသီဆိုခြင်းများကိုသာ ခွင့်ပြုသွား မည်ဖြစ်သည်။

ထို့ပြင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် လိုအပ်သော ပညာပေးဟောပြောမှုများ ဆောင်ရွက် ပြီး နိုဝင်ဘာ ၂၁ ရက်နေ့ မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ ကာလအတွင်း ပြည်သူများ နေအိမ်၌သာ နေထိုင်ရန် ညွှန်ကြား သွားမည်ဖြစ်ကြောင်း ကိုဗစ် ၁၉ အမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။

စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး အစီအစဉ်များ အပါအဝင် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုး တက်ရေး အတွက် ဆောင်ရွက်သွားမည့် ရေတို၊ ရေရှည်အစီအမံများကိုလည်း ယခုသီတင်းပတ်အတွင်း သတင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်ဖြစ်ပွားမှုနှုန်းအနေဖြင့် နိုဝင်ဘာလ ၁၆ ရက်နေ့အထိ ဓာတ်ခွဲအတည်ပြု ကိုဗစ် ပိုးတွေ့လူနာပေါင်း ၇၁၇၃၀ ဦး ရှိသည့်အနက် ဆေးရုံဆင်းခွင့်ရသူ ၅၄၂၇၄ ဦးနှင့်သေဆုံးသူ၁၆၂၅ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယမန်နေ့ည နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။

You may also like these stories:

အသေးစား ချေးငွေ ပံ့ပိုးပေးနိုင်ရန် စီစဉ်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပြော

Moderna ရဲ့ ကိုဗစ် ကာကွယ်ဆေးသစ် ၉၅ ရာခိုင်နှုန်းနီးပါး ထိရောက်မှုရှိ

COVID-19 ကာကွယ်ဆေးသစ်များကို WHO ကြိုဆို

Did you find apk for android? You can find new Free Android Games and apps.
Loading