ကမ္ဘာ့ကပ်ရောဂါ COVID – 19 ဒုတိယလှိုင်း စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်း၌ ပြီးခဲ့သည့် သြဂုတ်၊ စက်တင် ဘာလများက တနေ့လျှင် ကိုဗစ်ကူးစက်မှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းအထိ ရှိရာကနေ ယခုနိုဝင်ဘာလတွင် ၁၀ ရာခိုင်နှုန်း အောက်သို့ လျော့ကျလာကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
ပြည်နယ် ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင် က “ဒီမှာ ကိုဗစ်ရောဂါ အခြေအနေ က သွေးစစ်မှုနှုန်းကို တပတ်စာအလိုက် ကျနော်တို့ ကြည့်ထားတာပေါ့။ အပတ်တိုင်း ကြည့်လိုက်လို့ရှိရင် ၈ လပိုင်းတို့ ၉ လပိုင်းတို့မှာ ပိုးတွေ့ရှိမှုနှုန်းက ၁၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းကြားမှာ နေ့တိုင်းရှိတယ်။ အခုနောက်ပိုင်း ပြီးခဲ့တဲ့ လေး ပတ်လောက်မှာ ၁၀ ရာခိုင်နှုန်းအောက်ကို ရောက်နေတယ်။ ဆိုလိုတာက အရင်ကထက် ပိုးတွေ့သူတွေ လျော့ကျသွား တာကို တွေ့ရတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်း၌ သြဂုတ်လ ၁၆ ရက်မှ နိုဝင်ဘာလ ၁၈ ရက်အထိ ကိုဗစ်ပိုး ကူးစက်ခံရသူ ဦးရေ ၃၂၆၅ ဦး ရှိနေ သည်။
ရခိုင်ပြည်နယ်အတွင်း၌ သြဂုတ်လ ၁၆ ရက်မှ နိုဝင်ဘာလ ၁၈ ရက်အထိ ကိုဗစ်ပိုး ကူးစက်ခံရသူ ဦးရေ ၃၂၆၅ ဦး ရှိနေ သည်။
ယင်းအထဲမှ ရောဂါပိုး ကင်းစင်ပြီး ဆေးရုံမှ ဆင်းခွင့်ရသူ၂၉၅၉ ဦး ရှိကာ၊ လက်ရှိ ဆေးကုသမှု ခံယူနေရသူ၂၈၈ ဦးနှင့် သေဆုံးသူ၂၅ ဦး ရှိကြောင်း ပြည်နယ်ကျန်းမာရေး စာရင်းဇယားများအရ သိရသည်။
သေဆုံးသွားသူ ၂၅ ဦးတို့မှာ စစ်တွေဆေးရုံတွင် ၁၂ ဦး၊ စစ်တွေ တပ်နယ် အမှတ် ၁၇ ခုတင် (၁ဝဝ) ဆေးရုံတွင် ၁ ဦး၊ မြောက်ဦးဆေးရုံမှ၂ ဦး၊ ကျောက်တော်ဆေးရုံမှ ၁ ဦး၊ ပေါက်တောဆေးရုံတွင် ၃ ဦး၊ ကျောက်ဖြူဆေးရုံမှ၂ ဦး၊ မင်းပြား ဆေးရုံမှ ၁ ဦး၊ မောင်တောဆေးရုံမှ၂ ဦးနှင့် ဘူးသီးတောင် ဆေးရုံတွင် ၁ ဦး တို့ ဖြစ်ကြသည်။
ယင်းသို့ ပိုးတွေ့လူနာ လျော့ကျနေသော်လည်း နိုဝင်ဘာလ ၁၅ ရက်တွင် သေဆုံးသူတဦး ရှိခဲ့သည့်အတွက် ပြည်သူများ အနေဖြင့် ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာ နေထိုင်ကြရန် လိုအပ်သေးကြောင်းလည်း ဒေါက်တာ စိုးဝင်းပိုင် က တိုက်တွန်းထားသည်။
ဆက်လက်ပြီး ၎င်းက “တပြည်နယ်လုံးစာနဲ့ ပြောရရင်တော့ နည်းလာတယ်လို့ပြောနိုင်သော်လည်း တချို့မြို့နယ်မှာတော့ ကူးစက်နှုန်း ရှိနေသေးတယ်လို့ ပြောချင်တယ်။ စစ်တွေမှာ ပိုးတွေ့နှုန်း ကျဆင်းပေမယ့်လည်း ရသေ့တောင်တို့ မောင်တော တို့ဘက်မှာ တွေ့တာ များနေတယ်။ ဒါကြောင့် Stay at Home နေဖို့နဲ့ အပြင်ထွက်ရင်တောင်မှ Mask တပ်ပြီး ခပ်ခွာခွာနေ ဖို့ လိုအပ်သလို လက်ဆေးတာတွေကိုလည်း ပြုလုပ်ပေးရဦးမယ်” ဟု တိုက်တွန်းထားသည်။
ယင်းသို့ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါကူးစက်နှုန်းကို အချိန်မီ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းများကို လိုက်နာမှု မရှိသည့် ပြည်သူတချို့ကို ဝန်ခံကတိများ၊ ဒဏ်ငွေရိုက်ခြင်းများ ပြုလုပ်ခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရက ပြောသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က “ပထမ ကိုဗစ် ပြင်းထန်နေတဲ့ ကာလက ထိန်းချုပ်မှုအပိုင်းမှာတော့ ဒဏ်ကြေး ရိုက်တာတို့၊ Mask မတပ်ဘဲ အပြင်ထွက်လို့ရှိရင် ကားနဲ့ခေါ်တင် ရဲစခန်း မှာ ဝန်ခံ ကတိထိုး၊ ငွေဒဏ်ရိုက်တာတို့ကို ကျနော်တို့ တော်တော်လေးကို အင်အားသုံး လုပ်ခဲ့ရတယ်။ ဒါပေမယ့် အတတ် နိုင်ဆုံး ပြည်သူတွေအပေါ်မှာ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့တယ်။ ဒါကြောင့်မို့လို့ နောက်ပိုင်းမှာ လိုက်နာ မှုတွေ ရှိလာခဲ့ကြတယ်။ ဒါကြောင့် အခု ပိုးတွေ့မှုတွေ လျော့နည်းလာရတာ ဖြစ်တယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်တွင် စစ်တွေမြို့ရှိ ဘဏ်ဝန်ထမ်း အမျိုးသမီးတဦး၌ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ရာမှ ကူးစက် နှုန်း မြန်သည့် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း စတင်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်တွင် စစ်တွေမြို့ရှိ ဘဏ်ဝန်ထမ်း အမျိုးသမီးတဦး၌ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ရာမှ ကူးစက် နှုန်း မြန်သည့် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း စတင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် စစ်တွေမြို့တွင် ပိုးတွေ့လူနာများလည်း နေ့စဉ် ကူးစက်မှု များပြားလာခဲ့ပြီး ထိုမှတဆင့် မြောက်ဦး၊ ကျောက်ဖြူ စသည့် ရခိုင်ပြည်နယ် မြို့နယ်များအားလုံး၌ပါ ပိုးတွေ့လူနာ တနေ့ကို ၁ ထောင်ကျော်အထိ ဆက်တိုက်တိုးလာခဲ့သည့် အတွက် စိုးရိမ်ရသည့် အနေအထား ဖြစ်ခဲ့သည်။
အစိုးရအနေဖြင့် စစ်တွေမြို့မှ တခြားမြို့နယ်များကို ကူးစက်မှု မရှိစေရေးအတွက် ထိန်းချုပ်ရန် စစ်တွေမှ နေ့စဉ်ပြေးဆွဲ နေသော ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်း လမ်းခရီးစဉ်များကို ပိတ်ထားခဲ့ရသည်။ တမြို့နယ်နှင့်တမြို့သို့ ကူးလူးသွား လာမှုကို ချက်ချင်း တားမြစ်ခဲ့ရပြီး ပိုးတွေ့သူများပြားလာခဲ့မှုကြောင့် လူနာများကို ကုသနိုင်ရန် ရခိုင်ရှိမြို့နယ်တိုင်း၌ Quarantine စင်တာများကို ဆေးရုံ အပါဝင်၊ စာသင်ကျောင်း တို့တွင် ပြင်ဆင်ခဲ့ရသည်။
လူစုလူဝေး မဖြစ်စေရေးအတွက် စစ်တွေမြို့မဈေးကြီးကို နေရာပြောင်းလဲခြင်း၊ ဈေးရောင်းချခွင့်ကိုလည်း နံနက် ၆ နာရီမှ ၉ နာရီ အထိသာ ရောင်းချခွင့်ပြုခဲ့သည်။ ထို့ပြင် မလိုအပ်ဘဲ အပြင်သို့ မထွက်ကြရန် မြို့တွင်း လှည့်လည်ဆော်သြခြင်း၊ ပိုးတွေ့လူနာရှိသည့် ရပ်ကွက်များကို Lockdown ချခြင်းများ၊ မဖြစ်မနေ အပြင်သို့ ထွက်ရမည်ဆိုပါက ရပ်ကွက် အုပ်ချုပ် ရေးမှူး လက်မှတ်ပါသော ကတ်ပြားများဖြင့် သွားခွင့်ပြုခဲ့ရသည်။
သို့သော်လည်း ယခုအချိန်တွင် စစ်တွေမြို့ရှိ ပြည်သူများမှာ ကိုဗစ်ရောဂါ ပိုးတွေ့လူနာ လျော့ကျလာသည်နှင့်အမျှ အပြင် ထွက်လျှင် Mask တပ်ပြီးသွားလာမှု မရှိသည့်အပြင် တခြား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာမှု အားနည်းသွားသည်ကို တွေ့နေရကြောင်း ဝေဖန်ုမှုများရှိနေသည်။
ရခိုင်ပြည်နယ် ကိုဗစ်အန္တရာယ် စောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင် ဦးဇော်လှိုင်ထွန်း က “အခု လိုက်နာမှု အားနည်းလာကြ တယ်။ စစ်တွေ ဈေးကြီးမှာဆိုလည်း စည်းကမ်း ဖောက်ဖျက်လာတာတွေ့ မြင်တွေ့ရတယ်။ လက်လုပ်လက်စားတွေ အနေ နဲ့လည်း တခါသုံး Mask မတပ်နိုင်ရင်တောင် လျှော်ဖွပ်ပြီး သုံးလို့ရတဲ့ Mask တွေကို ဈေးရာင်းဈေးဝယ်တွေမှာ တပ်ပေး သင့်တယ်။ ကိုယ်ဖြစ်ကိုယ်ခံ ဆိုတာထက် ဘေးနားက ပတ်ဝန်းကျင်တွေကိုလည်း ဒုက္ခဖြစ်စေနိုင်တဲ့အတွက် ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနက ချမှတ်တဲ့ စည်းကမ်းတွေကို လိုက်နာသင့်တယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း နိုဝင်ဘာလ ၁၇ ရက် ညနေပိုင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ ကိုဗစ် အတည်ပြုလူနာ ၁၆ ဦး တိုးခဲ့သည်။
ယင်းသို့ ကိုဗစ်ကူးစက်မှု အနည်းငယ်ရှိနေသည့်အပြင် ထပ်မံ၍ ရခိုင်တွင် ကိုဗစ်ကူးစက်နှုန်း မမြင့်တက်စေရေးအတွက် ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အစည်းအဝေးတခုပြုလုပ်၍ စည်းကမ်း မလိုက်နာသည့် ပြည် သူများကို ထပ်မံ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း အစိုးရဘက်က သတိပေးထားသည်။
ဝန်ကြီး ဦးဝင်းမြင့်က “ရခိုင်မှာ လူတွေဟာ ပိုးတွေ့လူနာ လျော့နည်းလာတယ် ဆိုတာနဲ့ ကိုဗစ်စည်းကမ်းချက် လိုက်နာမှု တွေ ပေါ့လျော့လာတယ်။ ကိုဗစ်ကူးစက်မှု နောက်ထပ် တကြိမ် မြင့်တက်လာရင် ထိန်းချုပ်ရ တော်တော် ခက်ခဲလိမ့်မယ်။ ဒါကြောင့်မို့ ဒီကိစ္စကို ထိန်းချုပ်နိုင်ဖို့အတွက် ပြည်သူတွေကို အသိပညာပေးမှုတွေ၊ စည်းမဲ့ကမ်းမဲ့ မဖြစ်ရအောင် လုပ် ဆောင်ပေးဦးမယ်။ ဒါမှ မရရင်တော့ အရေးယူမှုတွေတော့ ပြုလုပ်သွားဖို့ ရှိတယ်” ဟု ပြောသည်။
လတ်တလာ၌ ရခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုနှုန်း လျော့ကျသွားသော်လည်း လုံးဝ ကင်းစင်သွားခြင်းမျိုး မဟုတ်ဘဲ ပိုး တွေ့သူများ တွေ့နေရသေးသဖြင့် မိမိအတွက်ကြောင့် ကိုဗစ်ပိုး မကူးစက်စေရန် ထိန်းထိန်းသိမ်းသိမ်း နေထိုင်သင့်ကြောင်း ကိုဗစ်ရောဂါ ဖြစ်ခဲ့ဖူးသူများကလည်း ပြောဆိုသည်။
You may also like these stories:
ကိုဗစ်ကန့်သတ်ချက်များ ဖြေလျှော့ရန် အစိုးရ စီစဉ်
နေပြည်တော်တွင် ကိုဗစ်ကူးစက်မှု သိသိသာသာ လျော့ကျလာ