ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရီမြစ်ဝအတွင်း နိုဝင်ဘာလ ၁၈ ရက် နေ့လယ်ပိုင်းက စက်လှေတစီးနစ်မြုပ်မှု ကြောင့် မြောက်ဦးမြို့နယ် ကင်းချောင်းကျေးရွာသူ ၃ ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သတင်း ရရှိသည်။
လူ ၉ ဦး လိုက်ပါလာသည့် အဆိုပါ စက်လှေမှာ ကျောက်တော်မြို့နယ် ကြောင်စွယ်ဖြူ ကျေးရွာမှ မြောက်ဦးမြို့နယ် ကင်း ချောင်း ကျေးရွာသို့သွားရာ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်အစပ်ရှိ သရီမြစ်ဝ အရောက်တွင် လှေ နစ်မြုပ်ခဲ့ခြင်းကြောင့် ကြောင်စွယ်ဖြူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးထွန်းမောင်ထံ က သိရသည်။
ဦးအေးထွန်းမောင် က “သူတို့က ကြောင်စွယ်ဖြူကနေ မြောက်ဦးမြို့နယ် ကင်းချောင်းရွာသို့ ဟွန်ဒါစက်လှေနဲ့ သွားကြတာ။ အဲဒီမှာ စက်လှေမောင်းသူ ၂ ဦး အပါဝင် ၉ ဦး လိုက်သွားကြတယ်။ ချောင်းအဝရောက်တော့ လှိုင်းထန်လို့ လှေလူးလွန့်နေ ချိန်မှာ လူတွေကြောက်လန့်ပြီးတော့ ရုန်းကြရင်းနဲ့ ရေဝင်လို့ နစ်မြုပ်သွားတာ။ အဲဒီမှာ ၃ ဦး သေတယ်” ဟု ပြောသည်။
သေဆုံးသူတို့မှာ အသက် ၅၄ နှစ်အရွယ် ဒေါ်တင်ယိုင်၊ အသက်၂၀ အရွယ် မဇာဇာဝင်းနှင့် အသက် ၃၂ နှစ်အရွယ် ဒေါ်ကျော့နုတို့ ဖြစ်ကြပြီး ကြောင်စွယ်ဖြူကျေးရွာရှိ ဆွေမျိုးများထံသို့ ရောက်ရှိနေရာမှ မိမိရွာသို့ အပြန်တွင်လမ်း၌ ယင်းသို့ နစ်မြုပ်သွားခြင်း ဖြစ်သည်။
သေဆုံးသူ ဒေါ်တင်ယိုင်၏ အလောင်းကို ယမန်နေ့က ဆယ်ယူရရှိခဲ့သော်လည်း ကျန်၂ ဦး၏ အလောင်းများကို ယနေ့ နံနက် ၁၁ နာရီကျော်က ယင်းနေရာအနီး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလောင်းများကို ဇာတိရွာတွင် သဂြိုဟ်ရန် ယူဆောင်သွား ကြောင်းလည်း ဦးအေးထွန်းမောင်က ဆိုသည်။
ဆက်လက်ပြီး ၎င်းက “မနေ့ကတော့ ၁ လောင်း ရပြီးဖြစ်တယ်။ ကျန် ၂ ဦး ပျောက်ဆုံးနေတာကို လိုက်ရှာနေကြတာ။ ဒီနေ့ ၁၁ ကျော်လောက်မှာ ကျန်တဲ့ ၂ လောင်းကို တွေ့တယ်။ အလောင်းတွေကိုတော့ ဒီနေ့ပဲ သူတို့ရွာမှာ သဂြိုဟ်ဖို့ ယူဆောင် သွားကြပြီ” ဟု ဆိုသည်။
ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်း က “ကျနော်တို့ ဒေသဟာ မြစ်ချောင်းတွေမှာ အခြေခံပြီး ရွာတည်နေလာကြတာ ဖြစ်တယ်။ ဒေသခံတွေကလည်း မြစ်ချောင်းတွေကို ဖြတ်ပြီးတော့ ကူးလူး ဆက်ဆံနေ တာဖြစ်တဲ့အခါ ဒီလို ဖြစ်စဉ်တွေကြောင့် ဒေသခံတွေ သေဆုံးရတဲ့အပေါ်မှာ များစွာ စိတ်မကောင်းဖြစ်ရတယ်” ဟု ဆို သည်။
စက်လှေမောင်းသူ၂ ဦးကို အနီးအနားရှိ အရက်သည်မ ကျေးရွာတွင် တာဝန်ရှိသူများက ထိန်းသိမ်းထားပြီး အရေးယူမှု အပိုင်း မည်သို့ဆောင်ရွက်သွားမည်ကို မသိရသေးကြောင်းလည်း ကြောင်စွယ်ဖြူကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
You may also like these story:
မောင်တောတွင် မိုင်းပေါက်ကွဲ ၃ ဦးသေ၊ ၆ ဦး ဒဏ်ရာပြင်းထန်