ရန်ကုန်တိုင်းဒေသကြီးတွင် ရောက်ရှိနေသော နေရပ်ပြန်လိုသည့် တနင်္သာရီတိုင်း ဒေသကြီးမှ ဒေသခံများအနက် အယောက် ၁၇၀ ကို ပထမအသုတ်အဖြစ် စတင်၍ ပြန်လည် ခေါ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အကူအညီဖြင့် ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ရေး ပြည်သူ့ အခြေပြု အထောက်အကူပြု အဖွဲ့ (ထားဝယ်ဒေသ)က အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
ရန်ကုန်မှ နေရပ်ပြန်လိုသည့် တနင်္သာရီတိုင်း ဒေသခံ စုစုပေါင်း ၃၀၀ ကျော် ရှိသည့်အနက် ပထမအသုတ်အနေဖြင့် ထား ဝယ်ခရိုင်သို့ ပြန်မည့် သံဃာ ၄ ပါးနှင့် လူအယောက် ၁၀၀၊ မြိတ်ခရိုင်သို့ ပြန်မည့် သံဃာ ၆ ပါးနှင့် လူအယောက် ၆၀၊ စုစု ပေါင်း ၁၇၀ ကို နိုဝင်ဘာ ၂၀ ရက်တွင် ပြန်လည် ခေါ်ယူမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ အတွင်းရေးမှူး ဦးကျော်ဦးက ဧရာဝတီကို ပြောသည်။
နိုဝင်ဘာ ၂၀ ရက် နေ့လယ် ၃ နာရီတွင် ရန်ကုန်မှ စထွက်မည်ဖြစ်ပြီး စုရပ်အဖြစ် မြို့မကျောင်းလမ်းရှိ အမျိုးသားပြဇာတ်ရုံ အရှေ့တွင် ကားဂိတ်ထားပေးထားမည် ဖြစ်ကာ စုစုပေါင်း ကား ၈ စီး စီစဉ်ပေးထားကြောင်း၊ ကားပေါ်တွင် စားသောက်ရေး အပါအဝင် ကိုဗစ်ကာကွယ်ရေး ပစ္စည်းများအတွက်လည်း ထားဝယ်နှင့် မြိတ်မြို့ခံများက လှူဒါန်းပေးထားကြောင်း ၎င်းက ရှင်းပြသည်။
ဦးကျော်ဦးက “လမ်းမှာနားဖို့ အစီအစဉ် မရှိဘူး။ အပေါ့အပါး သွားမယ်ဆိုလည်း အဆင်ပြေတဲ့နေရာမှာသွားဖို့ စီစဉ်ထားပါ တယ်။ စားသောက်ဆိုင်တွေ ဝင်ဖို့လည်း အစီအစဉ်မရှိဘူး။ ထားဝယ်မြို့ကို တိုက်ရိုက်မောင်းလာမယ်။ ရောက်လာပြီဆို တာနဲ့ Quarantine စင်တာကို တန်းသွားရမယ်။ နောက်နေ့မှာ တခါတည်း Swab ယူပါမယ်” ဟု ပြောသည်။
နေရပ်ပြန်လိုသူများက ၎င်းတို့အဖွဲ့၏ Viber ဖုန်းနံပါတ်မှ တဆင့် ဆက်သွယ်လာခြင်းဖြစ်ပြီး ရန်ကုန်သို့ ဆေးလာကုရင်းပါ သမျှ ပိုက်ဆံကုန်ကာ စားဝတ်နေရေး အကျပ်အတည်း တွေ့နေသူများ၊ စာသင်သား ဘုန်းကြီးများ၊ ရန်ကုန်၌ အလုပ်လာ လုပ်ပြီး အဆင်မပြေသူများ ပါဝင်ကြောင်း၊ ပြန်လာသူများ Quarantine ဝင်ရန်နှင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ အတွက် တိုင်းအစိုးရအဖွဲ့က တာဝန်ယူ ပေးထားကြောင်း သိရသည်။
တနင်္သာရီတိုင်း ဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီကလည်း အဆိုပါ နေရပ်ပြန်လိုသူ များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကာ အသုတ်ခွဲ၍ ပြန်လည် ခေါ်ဆောင်နိုင်ရေး စီစဉ်ဆောင်လျက် ရှိကြောင်း နိုဝင်ဘာ ၁၈ ရက် ညပိုင်းတွင် တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နေရပ်ပြန်လိုသော ဒေသခံများအား အခကြေးငွေယူ၍ တရားမဝင် ပို့ဆောင်ပေးနေသည့် သ တင်းများကို ကြားသိရပြီး ထိုဖြစ်စဉ်များကို စစ်ဆေးတွေ့ရှိပါက တရားမဝင် ခေါ်ဆောင်လာသည့် ယာဉ်၊ လူပုဂ္ဂိုလ်တို့ အပါ အဝင် ပြန်လည် ဝင်ရောက်လာသူများကို တည်ဆဲ ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဟုလည်း ပါရှိသည်။
တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဟိုပင်က “ဒီဒေသမှာ ပိုးတွေ့တဲ့သူ တော်တော်များများက ရန်ကုန်က ပြန်လာတဲ့သူတွေ မှာပဲ အတွေ့များပါတယ်။ ဒါပေမယ့် Quarantine ဝင်နေတဲ့သူတွေဆီမှာ တွေ့တဲ့အတွက် နည်းနည်း ကံကောင်းပါတယ်။ ဒါ ကြောင့် ရောဂါအဖြစ်များဆုံးလည်းဖြစ်၊ Stay Home လည်း သတ်မှတ်ထားတဲ့ ရန်ကုန်ကနေ ပြန်လာတဲ့သူတွေကို ကြပ် ကြပ်မတ်မတ်လေး Quarantine ထားချင်တာကြောင့် ကြားပွဲစား သဘောမျိုး ခိုးသွင်းနေတာတွေကို အရေးယူမယ်ဆိုတဲ့ ကြေညာချက်ထွက်ရတာပါ” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိ အချိန်ထိ တိုင်ကြားစာများ အစိုးရအဖွဲ့ရုံးသို့ တရားဝင်စာဖြင့် မတက်လာသေးသော်လည်း မကြာခင် သတင်းတက် လာရန်ရှိပြီး တရားဝင်စာရောက်လာပါက ကိုဗစ်ကော်မတီနှင့်ညှိနှိုင်းကာ ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ရန်ကုန်မှ ပြန်လည်ခေါ်ဆောင်လာမည့် ဒေသခံများ ဒေသသို့ရောက်ရှိပြီး Quarantine ၁၄ ရက် ပြည့်ပြီးပါက ကျန်ရှိသူများ ကို ထပ်မံ ခေါ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ကျန်ခဲ့သူများ ရက်ကြာရှည်စွာ မစောင့်ဆိုင်းရစေရေး ပထမအသုတ် ရောက်ရှိ လာသူများကို Facility Quarantine ၇ ရက်၊ Home Quarantine ၇ ရက် ထားရှိရန် အဆင်ပြေ မပြေ ကျန်းမာရေးဘက် နှင့် ညှိနှိုင်း အကြံဉာဏ်တောင်းထားကြောင်း ဝန်ကြီး ဦးဟိုပင်က ပြောသည်။
၎င်းက “ကိုယ့်ဒေသခံတွေ ကိုယ့်ဒေသကို ပြန်လာဖို့ လက်မခံစရာ အကြောင်းမရှိဘူး။ ဒါကြောင့်လည်း လက်ခံဖို့ ဆုံးဖြတ်တယ်။ လက်ခံတဲ့ နေရာမှာ စနစ်တကျနဲ့ နိုင်နိုင်နင်းနင်းဖြစ်စေမယ့်၊ ကျန်းမာရေး အန္တရာယ်လည်း ကင်းပြီး နိုင်ငံတော်ရဲ့ စီမံချက် နဲ့လည်း ကိုက်ညီအောင် စီမံဆောင်ရွက်နေတာဖြစ်လို့ နည်းနည်းကြန့်ကြာသွားတဲ့ ကိစ္စတွေကိုလည်း သည်းခံပေးပါလို့ မေ တ္တာ ရပ်ခံချင်ပါတယ်” ဟုလည်း ဆိုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၈ ရက်၊ ည ၈ နာရီ သတင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၇၃,၃၂၂ ဦး၊ ဆေးရုံဆင်းခွင့် ရရှိသူ ၅၄,၇၆၄ ဦးနှင့် သေဆုံးလူနာ ၁,၆၅၀ ဦး ရှိပြီ ဖြစ်သည်။
တိုင်းဒေသကြီး/ ပြည်နယ်များအနက် ရန်ကုန်တိုင်းဒေသကြီးသည် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၄,၉၃၂ ဦး (နိုဝင်ဘာ ၁၇ ရက်ထိ) ဖြင့် အများဆုံးဖြစ်နေပြီး တနင်္သာရီတိုင်း ဒေသကြီးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၉၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။