ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ၈၇ ရပ်ကွက် မဂ္ဂင်လမ်းထိရှိ တရုတ်လူမျိုးပိုင် လိုတရ- ရွှေစံလှ မုန့်နှင့် ပေါက်စီ လုပ်ငန်း၌ ၁၀ နှစ်အောက် ကလေးငယ်များ အပါအဝင် ကလေးလုပ်သား ၁၆ ဦးခန့်ကို ညှဉ်းပန်းနှိပ်စက်ကာ အတင်းအဓမ္မ အလုပ်ခိုင်းစေမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို မုန့်နှင့် ပေါက်စီ ထုတ်လုပ်သော လုပ်ငန်းခွင်ဟု ယူဆရသည့် အပြီးသတ် တည်ဆောက်မှု မပြီးသေးသည့် သုံးထပ်တိုက် အဆောက်အအုံ၌ ယင်းသို့ ဖြစ်ပွားခဲ့ခြင်းကြောင်း အနီး ပတ်ဝန်းကျင်တွင် နေထိုင်သော ဒေသခံ များက ဧရာဝတီသို့ ပြောသည်။
ယင်း လုပ်ငန်းကို ကြီးကြပ်သော အသက် ၃၀ ဝန်းကျင်အရွယ် တရုတ်လူမျိုး အမျိုးသားတဦး၏ နှိပ်စက်မှုဒဏ် ကို မခံနိုင်သည့်အတွက် ဘေးပတ်ဝန်းကျင်မှ နေထိုင်သူများကို အကူအညီ တောင်းခံကာ ထွက်ပြေးလွတ် မြောက်ခဲ့သည့် အသက် ၁၈ အရွယ် ကိုကျော်လင်းထွေး ထုတ်ဖော်ပြောဆိုမှုများကြောင့် သိရှိရခြင်း ဖြစ် ကြောင်း ၎င်းကို ကူညီဆောင်ရွက်ပေးခဲ့သည့် ဦးဝင်းထွဋ်က ဧရာဝတီသို့ ပြောသည်။
၎င်းက “ရပ်ကွက်က ကလေးတွေကို ရိုက်နေ နှက်နေတာကို အရင်ကတည်းက မြင်နေတွေ့နေရတယ်။ ဘာမှန်း မသိကြလို့ ဝင်မပြောဘဲနေ နေကြတာ။ အခုလို လာတိုင်တော့မှ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆင်းပြီး စစ် ဆေးတော့မှ တခြားကလေးတွေပါ တွေ့ရတာ” ဟု ဆိုသည်။
အဆိုပါ မုန့်နှင့် ပေါက်စီလုပ်ငန်းတွင် အသက် ၁၈ နှစ်အရွယ် ယောကျ်ားလေး အလုပ်သမား ၃ ဦး (ကိုကျော် လင်းထွေး အပါအဝင်)နှင့် အသက် ၁၃ နှစ်အောက်၊ အသက် ၈ နှစ် အရွယ် မိန်းကလေးငယ် ၁၀ ဦးကျော် အထိကို ကယ်ဆယ်နိုင်ခဲ့ပြီး ဒဂုံဆိပ်ကမ်းမြို့နယ် မြို့မရဲစခန်းတွင် ထိန်းသိမ်းစောင့်ရှောက်ထားလျက် ရှိသည်။
“အဲဒီကောင်လေးက လွန်ခဲ့တဲ့ ၃ ရက်လောက်က ည ၁၂ လောက်ကြီး ဦးလေးအိမ်ကို လာတာ တုန်တုန်ရီ ရီနဲ့ ကျနော့်ကို သက်ဆိုင်ရာဆီ ပို့ပေးပါဆိုပြီး အကူအညီ လာတောင်းတာ။ ညာဘက်မျက်နှာ တခုလုံးလည်း ဖူး ယောင်နေတာ” ဟု ထိုလုပ်ငန်းနှင့် မျက်နှာချင်းဆိုင်၌ နေထိုင်သော ဦးကျော်စွာက ဧရာဝတီသို့ ပြောသည်။
ယခင်ကလည်း ထွက်ပြေးသည့် မိန်းကလေးငယ် နှစ်ဦးကို ပြန်လည် ဖမ်းမိစဉ်ကလည်း ဆံပင်ဆွဲကာ လမ်းမ တွင် တရွတ်တိုက်ဆွဲခြင်းများနှင့် ခြေထောက်နှစ်ဖက်ကို သွေးထွက်သည့်အထိ ရိုက်နှက်ခြင်းကို မျက်မြင် ကိုယ်တွေ့ရှိရကြောင်း အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများက ပြောဆိုကြသည်။
ယင်းသို့ ဆောင်ရွက်ပြီးနောက် ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်တွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ရဲ တပ်ဖွဲ့က ဝင်ရောက် ရှာဖွေမှုများပြုလုပ်ခဲ့ပြီး ရပ်ကွက်နေပြည်သူများကလည်း မကျေနပ်၍ လူစုလူဝေး ဖြစ်ပေါ် ခဲ့သည်။
ယနေ့ နိုဝင်ဘာလ၂၀ ရက် နံနက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် မြို့မ ရဲစခန်းမှ ထိုလုပ်ငန်းကို ကြီးကြပ်နေသူဟု ယူဆရသော တရုတ်လူမျိုး အမျိုးသား၂ ဦးနှင့် အမျိုးသမီး ၃ ဦးကို လာရောက် ခေါ်ဆောင်သွားခဲ့သည်ကို ဧရာဝတီက တွေ့ရှိခဲ့ရသည်။
ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စွာ က “လက်ရှိမှာ ၁၈ ယောက်ကို ထိန်းသိမ်းထားတယ်။ အဲဒီထဲက ၁၉ နှစ်က အကြီးဆုံး။ ၈ နှစ်က အငယ်ဆုံး၊ ကျန်တာတွေက အရွယ်စုံ။ အဲဒီထဲမှာ အလုပ်ရှင်ရဲ့ညီ ဖြစ်သူ အောင်ကျော်မင်း က ၁၉ နှစ်အရွယ် ကလေးကို အလုပ်လုပ်တာ နှေးတယ်ဆိုပြီး ရိုက်နှက်တယ်။ အခု ၁၉ နှစ် ကောင်လေးက တရားလိုလုပ်ပြီး သူတို့ကို ညှဉ်းပန်းနှိပ်စက်မှုနဲ့ အမှုဖွင့်ထားတယ်” ဟု ဧရာဝတီသို့ အတည်ပြုပြောဆိုသည်။
၎င်းကဆက်၍ “လက်ရှိစစ်ဆေးချက် အရတော့ တခြားကလေးတွေကတော့ သူတို့ကို ညှဉ်းပန်းနှိပ်စက်တာမျိုးတော့ မလုပ်ခံရဘူးလို့ ထွက်ဆိုတယ်။ လက်ရှိကတော့ ထွေအုပ်ရယ်၊ လူမှုဝန်ထမ်းရယ်၊ စည်ပင်ရယ် စစ်လိုက်တော့ သူတို့လုပ်ငန်းက လိုင်စင် ရယူထားခြင်း မရှိဘဲ လုပ်ကိုင်တဲ့ တရားမဝင်လုပ်ငန်း ဖြစ်နေတယ်။ ကျန်တဲ့အဖွဲ့တွေနဲ့ ဆက်ပြီး ညှိနှိုင်းလုပ်ဆောင်သွားမယ်” ဟု ဧရာ ဝတီကို ပြောဆိုသည်။
အဆိုပါ ထိန်းသိမ်းထားသော ကလေးများကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရပ်ကွက်နေ ပြည်သူလူထုက ထိုအဆောက်အအုံထဲတွင် ကလေးများကို ဝှက်ထားနိုင်သေးဟု ပြောဆိုနေပြီး ရဲတပ်ဖွဲ့၏ လုံခြုံရေး ယူထားပေးမှုအပေါ် မကျေနပ်၍ လူစုလူဝေးဖြစ်ပေါ်ခဲ့သေးသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ရဲမှူးကျော်စွာ က “အခုက ရပ်ကွက်ကလူတွေက အလုပ်ရုံထဲမှာ ကလေးတွေ ကျန်နေသေးတယ်လို့ ကောလဟလတွေ လုပ်လို့ အကုန် ဝင်ရှာခိုင်းတယ်။ မကျန်တော့ပါဘူး” ဟု ပြောသည်။
ယမန်နေ့ ညပိုင်းတွင် ထိုလုပ်ငန်းမှ ပစ္စည်းသယ်ပို့သော လုပ်ငန်းသုံး မော်တော်ယာဉ် ၂ စီးနှင့် အိမ်စီးကား ၁ စီး တို့သည့် ဘီးများ ဖျက်ဆီးခံထားရကြောင်း တွေ့ရှိခဲ့ရသည်။
“ဒေါ်ကြီးတို့က ညညဆို အကြော်ထထကြော်တော့ ညညဆို ကလေးတွေကို ဆဲဆိုပြီး ရိုက်နှက်လို့ ကလေး ငိုသံတွေ ကြားရတယ်။ မှန်ကြောင်နဲ့ တရုတ်ကောင်က မူးမူးလာရင် ဆဲဆဲပြီး ပါးတွေနားတွေ ရိုက်တွေကို အကုန်ကြားနေရတယ်” ဟု ထိုမုန့်လုပ်ငန်းနှင့် အနောက်ဘက်နားတွင် နေထိုင်သည့် ဒေါ်အေးစန်း ဧရာဝတီသို့ ပြောသည်။
ထိုအဆောက်အအုံတွင် ယခုလို ကလေးငယ် အများအပြား ထားရှိခြင်းကို မနက်ပိုင်းနှင့် နေ့လယ်ပိုင်းများတွင် လုံးဝ မမြင်ရ မတွေ့ရကြောင်း၊ ယောကျ်ားလေး ၂ ဦးကိုသာ ဈေးဝယ်ခြင်းနှင့် ပစ္စည်းအတင်အချပြုလုပ်နေစဉ် များတွင်သာ တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။
ထိုလုပ်ငန်း လုပ်ကိုင်သူများသည် လသာမြို့နယ် ၁၈ လမ်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်) တို့တွင်လည်း လုပ်ငန်းခွဲများရှိပြီး ယင်းလုပ်ငန်းများတွင်လည်း ကလေးငယ်များ အတင်းအဓမ္မ စေခိုင်းမှုများ ရှိ နေသေးကြောင်း ရဲစခန်းတွင် ထိန်းသိမ်းခံထားသော ကလေးငယ်များ၏ ပြောဆိုချက်များကို လိုက်ပါ ကူညီသူ များက ဧရာဝတီသို့ ပြောသည်။
You may also like these stories:
မောင်တောတွင် မိုင်းပေါက်ကွဲ ၃ ဦးသေ၊ ၆ ဦး ဒဏ်ရာပြင်းထန်
နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်အား ထောင်ပြေးမှု အမြင့်ဆုံးပြစ်ဒဏ်ချ