နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရန်ကုန်တိုင်းဒေသကြီး ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်မှ အဖွဲ့ဝင်များနှင့် မဲရုံ တာဝန်ထမ်းဆောင်ခဲ့သူ ၈၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံရ ကြောင်း တိုင်းကော်မရှင် အဖွဲ့ခွဲက သိရသည်။
တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၃၀ ဦး၊ ကော်မရှင်ရုံး ဝန် ထမ်း ၈ ဦး၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် ၃၃ ဦး၊ ကော်မရှင် ဝန်ထမ်း မိသားစုဝင် ၁၂ ဦး စုစုပေါင်း ၈၃ ဦး ကူးစက်ခံထားရပြီး ကျန်းမာရေး အခြေအနေမှာ အားလုံး ကောင်းမွန်ကြောင်း ရန်ကုန်တိုင်း ကော်မရှင်အဖွဲ့ခွဲ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်မိုး ကြည်က ဧရာဝတီ ကို အတည်ပြု ပြောဆိုသည်။
“အဆင်ပြေမှာပါ။ စိုးရိမ်စရာတော့ မရှိပါဘူး။ ရွေးကောက်ပွဲကာလမှာ ကိုဗစ်က ရှိနေတယ်ဆိုတာ သိသိကြီးနဲ့ပဲ Risk ယူပြီး ဆောင်ရွက်ရတာဆိုတော့ အလုပ်လုပ်ရတာ နည်းနည်း စိန်ခေါ်မှု ရှိတာပေါ့။ အခု ရွေးကောက်ပွဲအလွန် နောက်ပိုင်းကျ စစ် တဲ့အခါ ပေါ်တယ်။ ဘာပဲပြောပြော ဒီအုပ်စုတွေကို စိတ်ဓာတ်ခွန်အားပေးဖို့တော့ လိုတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ ၈၃ ဦးအနက်၂ ဦးမှာ ရောဂါအခံ ရှိသဖြင့် ICU ထဲတွင် ကြပ်မတ်ကုသလျက် ရှိသော်လည်း စိုးရိမ်စရာ မရှိကြောင်း၊ ရန်ကုန်တိုင်းအနေဖြင့် အဆိုပါ ကိုဗစ်ကူးစက်ခံရသူများအား ငွေကြေးထောက်ပံ့ပေးနိုင်ရေး ၎င်းတို့၏ ကိုယ်ပိုင်ငွေများ စု စည်းကာ တတ်နိုင်သမျှ ထောက်ပံ့ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။
ဦးကျော်မိုးကြည်က “ပွင့်ပွင့်လင်းလင်း ပြောရရင် မဲရလဒ်တွေ စိစစ်ပြီး၊ ကြေညာပြီးတော့မှ စစ်ကြတာဆိုတော့ အခက်အခဲ သိပ်မရှိဘူးပေါ့။ မြောက်ပိုင်းခရိုင် အဖွဲ့ခွဲကတော့ တရုံးလုံး ပိတ်လိုက်ရတဲ့အတွက် လူအစားထိုးပြီး လုပ်လိုက်ရတယ်။ နည်း နည်း ကသီသွားတာပေါ့။ ဒါပေမယ့် အဆင်ပြေသွားပါတယ်” ဟု ရှင်းပြသည်။
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲနေ့၌ ရန်ကုန်တိုင်းဒေသကြီး၌ မဲရုံတာဝန်ကျ အင်အားမှာ မဲ ရုံ ၁ ရုံတွင် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ မဲလက်မှတ်ထုတ်ပေးသူ၊ မှင်တို့သူ စသည့် မဲရုံအတွင်း အင်အား ၈ ဦးစီ ဖြင့် မဲရုံပေါင်း ၅၈၀၉ ရုံ အတွက် ၄၆,၄၇၂ ဦးတို့ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ နိုဝင်ဘာ၂၂ ရက်၊ ည ၈ နာရီအချိန်ထိ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၉,၂၄၆ ဦး၊ ဆေးရုံ ဆင်းခွင့်ရရှိသူ ၅၈,၇၅၈ ဦးနှင့် သေဆုံးလူနာ ၁,၇၃၉ ဦး ရှိပြီး ပြည် နယ်/တိုင်းများအနက် ရန်ကုန်တိုင်းဒေသကြီးသည် ကိုဗစ်အတည်ပြုလူနာ ၅၀,၀၀၀ ကျော်၊ သေဆုံးလူနာ ၁၅၀၀ ကျော် ဖြင့် အများဆုံး ဖြစ်နေသည်။
You may also like these stories:
တရားမဝင် မုန့် လုပ်ငန်းမှ ကယ်ထုတ်လာသည့် ကလေးလုပ်သား ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့
ကိုဗစ်ကာကွယ်ဆေးရရှိပါက ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေး ထိုးပေးရန်ပြင်ဆင်