လုပ်ကြံခံရခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်း ဦးထိုက်ဇော်၏ ရှမ်းပြည်နယ် အမျိုး သား လွှတ်တော် မဲဆန္ဒနယ်(၁) မဲရလဒ်အား ကန့်ကွက်သူ မရှိပါက လစ်လပ်မဲ ဆန္ဒနယ်အဖြစ် သတ်မှတ်ရမည် ဖြစ် ကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံက သိရသည်။
ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ဦးထိုက်ဇော်သည် ခိုင်လုံမဲ ၁၀၉၄၉၁ မဲရရှိကာ ဒုတိယနေရာမှ ရှမ်းတိုင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ ကိုယ်စားလှယ်လောင်း စိုင်းမြထွန်းဆွယ်ဟိန်း (ခ) စိုင်းဆမ်လျဲန်းက ၁၀၉၄၃၇ မဲ ရရှိခဲ့သည့်အတွက် မဲကွာခြားချက် ၅၄ မဲ အသာရကာ ဦးထိုက်ဇော်က အနိုင်ရထားခြင်း ဖြစ်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနှစ်ဆန်းဦး က “ကန့်ကွက်လွှာ တင်ရမယ့် အချိန်က ကျန်နေသေးတာ ဖြစ်တဲ့အတွက် တခြား ကိုယ်စားလှယ်လောင်း တဦးဦး၊ မဲဆန္ဒရှင် တဦးဦးက ကန့်ကွက်လိုက် လို့ ဒါက အပြောင်းအလဲဖြစ်ရင် ဖြစ်သွားနိုင်ပါတယ်။ သတ်မှတ်ရက်ပြည့်လို့ ကန့်ကွက်သူ မရှိရင်တော့ ဒီနေရာက လစ် လပ်မဲ ဆန္ဒနယ်အနေနဲ့ အနီးဆုံး ကြားဖြတ်ရွေးကောက်ပွဲမှာ ပြန်ကျင်းပ ပေးရမှာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲ ရလဒ်များအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၁၅ ရက်တွင် အပြီးသတ် ကြေညာခဲ့ပြီး ဖြစ်သော်လည်း ဦးထိုက်ဇော် အနိုင်ရခဲ့သည့် မဲဆန္ဒနယ်ရလဒ်များအား ယခုလက်ရှိ အချိန်ထိ ကန့်ကွက်လွှာ တင်ပြသူ မရှိသေးကြောင်းလည်း ၎င်းက ဆိုသည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၁) တွင် SNLD ပါတီမှာ ဒုတိယမဲ အများဆုံး ရရှိခဲ့သည့် ပါတီဖြစ်ပြီး တတိ ယ မဲအများဆုံး အနေဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ကိုယ်စားလှယ်လောင်း ဦးကျော်စိန်က ၄၉၁၀၈ မဲ ရရှိထားသည်။
SNLD ပါတီမှ ဦးစိုင်းကျော်ညွှန့်က “တိကျခိုင်လုံတဲ့ အချက်အလက်တွေ ရှာနေတုန်းပဲ။ တကယ်ကို ခိုင်မာတဲ့ အချက်အ လက် မရှိရင် ကျနော်တို့ ကန့်ကွက်လွှာ တင်ဖို့ မရှိပါဘူး။ ကိစ္စရပ်တွေက သေးသေးမွှားမွှားတွေပဲ ရှိတာပဲဟာ။ သူတို့ ကန့် ကွက်နိုင်လောက်တဲ့ အချက်အလက် ဖြစ်ပါ့မလားဆိုတာ သေချာ စိစစ်နေတုန်းပဲလေ။ ခိုင်မာတဲ့ အချက်အလက် မရှိဘဲ တင်လည်း အလကားပဲလေ။ ကျနော်တို့လည်း မလိုအပ်ဘဲ မလုပ်ပါဘူး” ဟု ပြောသည်။
ရှမ်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၁) တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)၊ တအာင်း(ပလောင်) အမျိုးသား ပါတီ (TNP)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၊ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ(UBP) တို့ ယှဉ်ပြိုင် ခဲ့ကြသည်။
ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)(ခ)နှင်းဆီးပါတီ အနေဖြင့်မူ ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်၏ အမှုကိစ္စများနှင့် ပတ် သက်ပြီး ဖျက်သိမ်းခံလိုက်ရခြင်း ဖြစ်သည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁) အတွင်း ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ နမ္မတူ၊ မိုးမိတ်နှင့် မဘိမ်းမြို့ နယ် မဲဆန္ဒနယ်များ ပါဝင်လျက် ရှိသည်။
ဦးထိုက်ဇော်သည် နိုဝင်ဘာ၂၁ ရက် ညနေ ၆ နာရီခန့်တွင် ကျောက်မဲမြို့နောင်ပိန်ကျေးရွာအုပ်စု ပင်တိန်ကျေးရွာရှိ ၎င်း၏ နေအိမ်ရှေ့၌ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။
ယင်းလုပ်ရပ် အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီက အကြမ်းဖက်လုပ်ရပ်အဖြစ် ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး လုပ်ကြံသတ်ဖြတ်သူအား အမြန်ဆုံး ဖမ်းဆီး ရမိရေး စုံစမ်း ဖော်ထုတ်ပေးရန်လည်း ထုတ်ပြန်ခဲ့သည်။
SNLD ပါတီအနေဖြင့်လည်း လုပ်ကြံသတ်ဖြတ်မှု အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း၊ လုပ်ကြံသူအား ဖော်ထုတ်ပေးရန်နှင့် ကျောက်မဲမြို့နယ် ဒေသအတွင်း အလားတူ အကြမ်းဖက်မှုများ မကြာခဏ ဖြစ်ပွားနေမှုများအပေါ် ထိထိရောက်ရောက် ဟန့်တား အရေးယူ ဆောင်ရွက်ပေးရန်လည်း နိုဝင်ဘာ၂၂ ရက်က တိုက်တွန်းထုတ်ပြန်ခဲ့သည်။
You may also like these stories:
NLD ကိုယ်စားလှယ်လောင်း ကျောက်မဲတွင် ပစ်သတ်ခံရ
ပြည်သူ့လွှတ်တော်နေရာအတွက် ရှမ်းပြည်နယ်ရှိ မြို့ ၁၂ မြို့တွင် SNLD အနိုင်ရ