မဟာမိတ် တိုင်းရင်းသားပါတီတွေနဲ့ ၅ နှစ်လုံးလုံး အဆက်အသွယ်ဖြတ်ထားခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အပြီးမှာတော့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအရေးမှာ ပူးပေါင်း ပါဝင်ကြရအောင် ဆိုတဲ့ စာတစောင်ကို တိုင်းရင်းသားပါတီ ၄၀ ကျော်ထံ ပို့ဆောင်လိုက်ပါတယ်။
အဲဒီစာထဲမှာ NLD က တိုင်းရင်းသားလူမျိုးတွေရဲ့ဆန္ဒကို အလေးထား ဆောင်ရွက်ပေးပါမယ်လို့ ဆိုထားပြီး NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေကလည်း အစိုးရသစ် ဖွဲ့စည်းရင် အမျိုးသားညီညွတ်ရေး အစိုးရ ဆိုတဲ့ ခေါင်းစဉ် အောက်ကနေ တိုင်းရင်းသားပါတီတွေ ပါဝင်ဖို့ ဖိတ်ခေါ်သွားမယ်လို့ ထုတ်ဖော် ပြောဆိုလာပါတယ်။
ရွေးကောက်ပွဲ ကျင်းပခါနီး အောက်တိုဘာအထိ NLD က တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ် မဖွဲ့ဘူးလို့ အကြိမ်ကြိမ် ပြောဆိုထားရာကနေ တပ်မတော်နဲ့ အစိုးရကြား ကတောက်ကဆတွေ ဖြစ်ပွားပြီးတဲ့နောက် သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲက တဆင့် အနာဂတ်မှာ အမျိုးသားညီညွတ်ရေး အစိုးရ ဖွဲ့စည်းရေးကို ထုတ်ပြောလာခဲ့တာပါ။
NLD ရဲ့ ဒု ဥက္ကဋ္ဌ (၂) ဖြစ်ပြီး လက်ရှိမှာ မန္တလေးတိုင်းဒေသကြီးရဲ့ ဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင် က “တိုင်းရင်းသားအရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးက၂၀၂၀ မှာ ကျနော်တို့ရဲ့ ဦးစားပေး လုပ်ငန်းပါ” လို့ ပြောပါတယ်။
မကြာခင်မှာ အမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့ဖို့အတွက် NLD ဗဟိုအလုပ်အမှုဆောင်က အစည်းအဝေး ခေါ်ပြီး
တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးဖို့ ရှိလာမယ်လို့ ဒေါက်တာ ဇော်မြင့်မောင်က ဆိုပါတယ်။
NLD ထိပ်သီးခေါင်းဆောင်တွေက တိုင်းရင်းသားတွေကို အစိုးရသစ် ဖွဲ့စည်းရေးမှာ ကမ်းလှမ်းမယ်လို့ ထုတ်ဖော်ပြောဆို လာတာကြောင့် အစိုးရသစ်ဖွဲ့စည်းရေး ကိစ္စဟာ စိတ်ဝင်စားဖွယ်ရာ ဖြစ်လာပါတယ်။ NLD က အစိုးရ ဖွဲ့စည်း ရေးမှာ တိုင်းရင်းသားတွေကို ကမ်းလှမ်းတာ ဒီတကြိမ်က ပထမဆုံးတော့ မဟုတ်ပါဘူး။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲပြီးနောက် ပြည်လုံးကျွတ် အနိုင်ရခဲ့တဲ့ NLD က အစိုးရဖွဲ့ဖို့ ဆောင်ရွက်စဉ်တုန်းက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ဗဟိုကော်မတီဝင် ဦးစိုင်းညွန့်လွင်ကို ဒုသမ္မတ အမည်စာရင်း တင် သွင်းရာမှာ ထည့်သွင်းဖို့ ခေါ်ယူကမ်းလှမ်းခဲ့ဖူးပါတယ်။
ဆွေးနွေးညှိနှိုင်းမှု ၃ ကြိမ်လောက် လုပ်ပြီးချိန်မှ တပ်မတော်ဘက်က လက်မခံတဲ့ သဘောထားတွေ ရှိတာကြောင့် ဦးစိုင်း ညွန့်လွင်ကို တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် နေရာပြောင်းပေးဖို့ ထပ်ကမ်းလှမ်းရာမှာတော့ SNLD က လက်မခံတာ ကြောင့် ညှိနှိုင်းမှုတွေက ပျက်သွားခဲ့ရတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်က ဒုသမ္မတ နေရာ ကမ်းလှမ်းခံရဖူးတဲ့ SNLD က ယခု ၂၀၂၀ မှာတော့ NLD ဘက်က တွေ့ဆုံဖို့ ညှိနှိုင်း တာ၊ ကမ်းလှမ်းတာ မရှိသေးဘူးလို့ ပြောပါတယ်။
SNLD က၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စု လွှတ်တော်အတွက် ၁၅ နေရာ၊ ပြည်နယ်လွှတ် တော်အတွက် ၃၇ နေရာ အနိုင်ရရှိထားပြီး တနိုင်ငံလုံးမှာ တတိယအများဆုံး အနိုင်ရထားတဲ့ နိုင်ငံရေးပါတီ ဖြစ်ပါတယ်။
SNLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ၂၀၂၀ မှာ NLD ပထမဆုံး လုပ်သင့်တာ ပြည်တွင်းစစ် ရပ်စဲရေးကို ဦးတည် တဲ့ အခင်းအကျင်းကို သွားဖို့လို့ ပြောပါတယ်။
SNLD အနေနဲ့ NLD ကို အကြံပြုချင်တာက ဗဟိုချုပ်ကိုင်မှုကို လျှော့ချတဲ့အနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ဝန်ကြီးတွေကို အာဏာခွဲဝေပေးရေးနဲ့ လုပ်ပိုင်ခွင့်တွေကို တိုးမြှင့်ပေးဖို့၊ ပြည်နယ်ဝန်ကြီးချုပ်တွေကို ရွေးချယ်ရာမှာ NLD ပါတီဝင်တွေကို ခန့်အပ်တာ မဟုတ်ဘဲ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေကို ရွေးချယ်ခန့်အပ်ပေးဖို့ လိုအပ်တယ် လို့ ဦးစိုင်းလိတ်က ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှ တိုင်းရင်းသားပြည်နယ်တွေမှာ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရ မယ်လို့ ပြောဆိုနေတာမျိုး မလုပ်ဘဲ သမ္မတရဲ့ လုပ်ပိုင်ခွင့်ထဲကနေ ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ်ရေးမှာ တိုင်းရင်းသားပါ တီတွေကို ခန့်အပ်ပြီး၊ ပြည်နယ်အစိုးရအဖွဲ့ရဲ့လုပ်ပိုင်ခွင့်တွေကို တိုးမြှင့်ပေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် NLD က စတင် လုပ်ဆောင်ပေးနေပြီ ဆိုတာကို သက်သေပြလို့ ရတယ်လို့လည်း ဦးစိုင်းလိတ်က ပြောပါတယ်။
ဦးစိုင်းလိတ်က “အခု ပြည်နယ်နဲ့တိုင်းတွေကို ပေးထားတဲ့ အစိုးရပုံစံဆိုရင် မည်ကာမတ္တ အစိုးရပဲဗျ။ ပြည်ထောင်စုဝန်ကြီး ရဲ့ပေးစာ၊ ကမ်းစာလို့ပဲပြောပြော သူတို့ စေတနာရှိလို့ ပေးတဲ့ အခွင့်အရေးလောက်ပဲ ရတာ။ ပြည်နယ်နဲ့ တိုင်းတွေက ဝန်ကြီးတွေကို ဝန်ကြီးဌာနနဲ့အညီ ပြန်လည်ခန့်ထားဖို့ တိုးချဲ့ပြီး အာဏာတွေပေးဖို့ သူတို့ ဆုံးဖြတ်ပိုင်ခွင့်နဲ့ လုပ်ပိုင်ခွင့် တွေကို တိုးမြှင့်ပေးဖို့ ပထမဆုံးလုပ်ရပါမယ်”လို့ ဆိုပါတယ်။
ပြည်နယ်တွေမှာ လူထုက ရွေးချယ်လိုက်တဲ့ ပါတီ၊ လူထုကို ကိုယ်စားပြုတဲ့ ပါတီက ပြည်နယ်ရဲ့ အမြင့်ဆုံး အုပ်ချုပ်ရေး အာဏာရှိတဲ့ ဝန်ကြီးချုပ် ဖြစ်လာမယ်ဆိုရင် ဒေသခံလူထုရဲ့ အခန်းကဏ္ဍက မြင့်တတ်လာမှာ ဖြစ်ပါတယ်။
လူထုကိုယ်စားပြုမှု ရှိတဲ့ ဝန်ကြီးချုပ်ဖြစ်ရေးဟာလည်း ဖက်ဒရယ်ပြည်ထောင်စုစနစ်ရဲ့ အရေးပါတဲ့ အခြေခံမူ တရပ် ဖြစ်ပါတယ်။
တိုင်းရင်းသားတွေ ရလိုတဲ့ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မျိုးကို အာမခံချက်ရှိတဲ့ အစိုးရသစ်နဲ့ နိုင်ငံအခင်းအကျင်း မျိုးကို အစပြု ကျင့်သုံးမယ်ဆိုရင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပဋိပက္ခတွေလည်း လျှော့ချနိုင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုကိုလည်း အထောက်အကူပြုနိုင်မယ်လို့ ဦးစိုင်းလိတ်က အကြံပြု ပါတယ်။
ဆက်ပြီး သူက “ပြည်တွင်းစစ်ကိုလည်း မရပ်စဲနိုင်၊ တပ်နဲ့ကလည်း အဆင်မပြေရင်တော့ ကျနော်တို့ နောက်ထပ် ၅ နှစ် အချိန် ထပ်ကုန်လိမ့်မယ်” လို့ ပြောပါတယ်။
တိုင်းရင်းသားပါတီတွေအနေနဲ့ ကိုယ့်လူမျိုးရဲ့ကိုယ်စားပြုမှုအတွက် အစိုးရဖွဲ့စည်းရေးမှာ ပါဝင်နိုင်ရေး၊ မိမိပြည်နယ်မှာ ဒေသခံ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီက ဝန်ကြီးချုပ် ဖြစ်ရေးကိုတော့ တိုင်းရင်းသားပါတီတိုင်းက ဆန္ဒရှိကြပါ တယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ဝန်ကြီးချုပ်တွေကို သမ္မတက အမည်စာရင်း တင် သွင်းပြီး တိုက်ရိုက် ခန့်အပ်နိုင်တာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ပုဒ်မ၂၆၁ မှာ နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွေရဲ့ သဘောတူညီချက် ရရှိပြီးဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ်တဦးကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးနိုင်တယ်လို့ ပြဋ္ဌာန်းထားတာပါ။
ဖက်ဒရယ်ပြည်ထောင်စုတွေမှာ ကျင့်သုံးတဲ့ စနစ်လိုမျိုး ပြည်နယ်တွေမှာ နေထိုင်ကြတဲ့ လူထုက မိမိပြည်နယ်ရဲ့ဝန်ကြီး ချုပ်ကို ရွေးချယ်တာမျိုး မဟုတ်ဘဲ သမ္မတက တိုက်ရိုက် ခန့်အပ်တာမျိုး ဖြစ်ပါတယ်။
လက်ရှိမှာလည်း NLD က အစိုးရသစ် ဖွဲ့နိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်ဦးရေထက် ကျော်ပြီး အနိုင်ရရှိထားတာကြောင့် သမ္မတကိုလည်း NLD ကပဲ ရွေးချယ် တင်မြှောက်နိုင်မှာပါ။
NLD က၂၀၁၆ ခုနှစ် အစိုးရ ဖွဲ့စဉ်တုန်းက ၎င်းတို့ပါတီတွင်းက အနိုင်ရကိုယ်စားလှယ်တွေကိုပဲ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ ဝန်ကြီးချုပ် ရွေးချယ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲရလဒ်တွေကို ပြန်ကြည့်ရင် တနိုင်ငံလုံးမှာ NLD က သောင်ပြိုကမ်းပြို နိုင် ခဲ့ပေမယ့် ရခိုင်ပြည်နယ် တခုတည်းကို ကြည့်ရင်တော့ နေရာတော်တော်များမှာ NLD က အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ဒေသခံ ရခိုင်နိုင်ငံရေး သမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်နယ် အခြေစိုက် ရခိုင်အမျိုးသားပါတီ (ANP) က ၂၀၁၅ ခုနှစ်တုန်း က တပြည်နယ်လုံးမှာ ၇၀ ရာခိုင်နှုန်းခန့် အနိုင်ရရှိခဲ့ပေမယ့် ရခိုင်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်နေရာကို မရရှိခဲ့ပါဘူး။
ANP ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က “သမ္မတသည် ဝန်ကြီးချုပ် ခန့်အပ်နိုင်တဲ့ ပြဋ္ဌာန်းချက်က သမ္မတက စိတ်ကြိုက် ဝန်ကြီးချုပ် ခန့်အပ်ခွင့် ရှိတယ်။ ဒါပေမယ့် မိမိပါတီကလူပဲ ဖြစ်ရမယ်ဆိုတဲ့ အကန့်အသတ်က မပါဘူး။ လွှတ်တော် ကိုယ်စားလှယ်ပဲ ဖြစ်ရမယ်ဆိုတော့ အမြင်ကျယ်ကျယ်နဲ့ ဒီမိုကရေစီစံတွေကို ထောက်ထားပြီးလည်း ရွေးချယ်လို့ ရတယ်ဆိုတာ ကျမတို့ တချိန်လုံး ထောက်ပြခဲ့တာ ရှိပါတယ်” လို့ ပြောပါတယ်။
တိုင်းရင်းသားတွေဘက်က တိုင်းရင်းသား ပါတီတွေကို ပြည်နယ် ဝန်ကြီးချုပ်ပေးဖို့ ညှိနှိုင်းပြောဆိုတဲ့ ဆွေးနွေးပွဲတွေမှာ NLD က ကိုယ့်ပါတီထဲက လူကိုသာ ယုံရပြီး အခြားပါတီက လူကို ယုံကြည်မရနိုင်တာကြောင့်ဆိုပြီး ပြောဆိုချက်တွေ ရှိ တာကြောင့် အပြန်အလှန် အခြေအတင် ငြင်းခုံခဲ့ရတာတွေလည်း ရှိခဲ့ဖူးတယ်လို့ ဒေါ်အေးနုစိန်က ပြောပါတယ်။
ဆက်ပြီး ဒေါ်အေးနုစိန်က “တခြားပါတီက လူကိုကျ ဘယ်လို ယုံနိုင်မှာလဲ ဆိုတာတွေလည်း အခြေအတင် ဝေဖန်တာ တွေလည်း ကြုံခဲ့ပြီးပါပြီ။ ဒါပေမယ့် ရှေ့မှာ ဖက်ဒရယ် ပြည်ထောင်စုကို သွားကြမယ် ဆိုရင်တော့ ယုံယုံကြည်ကြည်နဲ့ အမြင်ကျယ်ကျယ်နဲ့ နိုင်ငံရေးကို အတူတကွ လက်တွဲညှိနှိုင်းပြီး သွားကြတာမျိုးကို ကျမတို့ လိုချင်ပါတယ်”လို့ ဆိုပါတယ်။
ANP အနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ ဖွဲ့စည်းရေးအတွက် NLD က ဆွေးနွေးဖို့ ကမ်းလှမ်းလာရင် ညှိနှိုင်းလိုတဲ့ အချက်တွေကို ပါတီတွင်း ဆွေးနွေးထားပြီ ဖြစ်ပေမယ့် သတင်းမီဒီယာကိုတော့ ထုတ်မပြောလိုသေးဘူးလို့ ဆိုပါတယ်။
ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို သွားဖို့အတွက် NLD နဲ့ တိုင်းရင်းသား ပါတီတွေကြား ပူးပေါင်းပြီး သွားဖို့ လိုသလို အတူ ပူးပေါင်းဆောင်ရွက်ရေး အမှန်တကယ်ဖြစ်လာဖို့လည်း ဒေါ်အေးနုစိန်က မျှော်လင့်နေပါတယ်။
လက်ရှိ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းတခြမ်းလုံး ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ ပေမယ့် ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ ဝင်ပြိုင်ပြီး ANP က ပြည်ထောင်စု လွှတ်တော်အတွက် ၈ နေရာ၊ ပြည်နယ် လွှတ်တော်အတွက် ၇ နေရာ အနိုင်ရထားကာ တနိုင်ငံလုံးမှာ စတုတ္ထအများဆုံး အနိုင်ရထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်လူမျိုးအများစု ထောက်ခံအားပေးတဲ့ ANP ပါတီကို ပြည်နယ် အစိုးရဖွဲ့စည်းရာမှာ ဝန်ကြီးချုပ် တာဝန်ပေး မပေး ဆိုတာကတော့ NLD ထိပ်သီးခေါင်းဆောင်တွေရဲ့သဘောထားပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။
ANP ပြီးရင် ပဉ္စမ အများဆုံး အနိုင်ရထားတဲ့ ပါတီ ၂ ခုကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက်တဲ့ တအန်း အမျိုး သားပါတီ(TNP) နဲ့ မွန်ပြည်နယ်မှာ အခြေစိုက်တဲ့ မွန်ညီညွတ်ရေးပါတီ (MUP) ပါ။
TNP ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးတာကျော်အောင်က NLD အနေနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နိုင်ငံတော်အဆင့်ပဲ ဖြစ်ဖြစ်၊ ပြည်နယ်အစိုးရ အဆင့်မှာပဲဖြစ်ဖြစ် တိုင်းရင်းသားပါတီတွေကို တာဝန် ခွဲဝေပြီး ထမ်းဆောင်ခွင့် ပေးမယ်ဆိုရင် ဝမ်းသာစရာပါပဲလို့ ပြောပါတယ်။
“၂၀၂၀ နဲ့၂၅ ကြား အခင်းအကျင်းသစ်မှာ တိုင်းရင်းသားတွေ ပါဝင်မှုကို ဖြစ်စေချင်တယ်။ နေရာပေးမယ်ဆိုရင် လက်ရှိ ရွေးကောက်ခံ ပုဂ္ဂိုလ်ထဲကလည်းကောင်း၊ တတ်သိပညာရှင်ထဲကသော်လည်းကောင်း ဖိတ်ခေါ်မယ်ဆိုရင် ကျနော်တို့မှာ ရှိပါတယ်။ ပူးပေါင်းဆောင်ရွက်ဖို့က အဆင်သင့်ပါပဲ” လို့လည်း ဦးတာကျော်အောင်က ဆိုပါတယ်။
TNP က ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စု လွှတ်တော်အတွက် ၅ နေရာ၊ ပြည်နယ်လွှတ်တော် အတွက် ၇ နေရာ အနိုင်ရရှိထားပြီး ၎င်းတို့ပါတီ အနိုင်ရတဲ့ မြို့နယ်တွေက တအန်းလူမျိုးတွေ အများစုနေထိုင်တဲ့ နမ့်ဆန်၊ မန်တုံ၊ နမ့် ခမ်းနဲ့ ကွတ်ခိုင်မြို့နယ်တို့မှာ NLDနဲ့ ရှမ်းပါတီတွေကို ကျော်တက်ပြီး အနိုင်ရတာ ဖြစ်ပါတယ်။
မွန်ညီညွတ်ရေးပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်စံတင်ကတော့ NLD ရဲ့လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ဦးမယ်လို့ ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ ဆိုတာနဲ့ ပတ်သက်လို့လည်း မှတ်ချက် တစုံတရာ ပြောဆိုရန် မရှိပါဟု ပြောသည်။
ဦးနိုင်စံတင်က “ဒီလိုဟာမျိုးက၂၀၁၅ တည်းက လုပ်သင့်တာ။ အခုမှ ထလုပ်တယ်ဆိုတာက တမျိုးပေါ့။ ရှေ့နောက် စကား မညီတာလည်း ရှိတယ်။ ပထမက တိုင်းရင်းသားပါတီတွေနဲ့ လုံးဝ မဟာမိတ် မဖွဲ့ဘူး မပေါင်းဘူး ဆိုပြီး ရွေးကောက်ပွဲ ကာ လမှာမှ ဒီလို စကားထွက်လာတာ ကျနော်တို့ အများကြီး စဉ်းစားရမယ်” လို့ ဆိုပါတယ်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲပြီးစဉ်ကလည်း အစိုးရဖွဲ့တော့ မွန်အမျိုးသားပါတီက ဦးနိုင်သက်လွင်ကို ပြည် ထောင်စုအဆင့် တိုင်းရင်းသားရေးရာဝန်ကြီး၊ ဒေါက်တာ မင်းကြည်ဝင်းကို မွန်ပြည်နယ်ရဲ့ သယံဇာတနဲ့ သဘာဝ ပတ် ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပေမယ့် မိခင်ပါတီကို ညှိနှိုှုင်းတာ မရှိတာဘဲ ပုဂ္ဂိုလ်တဦးချင်းစီကို ရွေးချယ် ခေါ်လိုက်တာကြောင့် ပါတီတွင်း စိတ်ဝမ်းကွဲအောင် လုပ်တယ်လို့ NLD အပေါ် ဝေဖန်မှုတွေကလည်း မွန် နိုင်ငံရေး အသိုင်း အဝိုင်းကြားမှာ ရှိခဲ့ပါတယ်။
ယခုအခါမှာတော့ NLD က ကမ်းလှမ်းလာရင်တောင် အစိုးရအဖွဲ့ထဲမှာ ပါဝင်ရန် သင့် မသင့်ကို မိခင်ပါတီရဲ့ အဆုံးအဖြတ် ကိုပဲ ခံယူမယ်ပြီး ဆက်လုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဦးနိုင်စံတင်က ပြောပါတယ်။
ဆက်ပြီး ဦးနိုင်စံတင်က “အခုလည်း ကျနော်တို့ အများကြီး သတိထားရမယ်။ ပါတီတွင်း ကွဲမလား၊ ဥပမာ မွန်က လက် ခံလိုက်ပြီး ချင်းက မကျေနပ်၊ ကရင်က မကျေနပ်ရင် ကိုယ့်အချင်းချင်း ကွဲသွားမှာ စိုးလို့ ကျနော်တို့ ပါတီတွင်း အစည်း အဝေး ထိုင်မယ်။ နောက် ပြည်နယ်တွေက ပေါင်းစည်း ပါတီ ၅ ပါတီနဲ့လည်း ညှိနှိုင်းမယ်”လို့ ပြောပါတယ်။
NLD ပါတီက အစိုးရဖြစ်သွားချိန် ၂၀၁၆ ခုနှစ်ကနေ၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် ကာလအထိ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ် မဖွဲ့ကြောင်း ပြောဆိုပြီး တိုင်းရင်းသားပါတီတွေနဲ့ ပါတီချင်း ဆက်ဆံရေး ကိုတောင် ဖြတ်တောက်ထားခဲ့တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရဆိုတာကိုလည်း စောင့်ကြည့်ရဦးမယ်လို့ ပြောဆိုမှုတွေကလည်း ရှိပါတယ်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပါတီများ အပြင် တိုင်းရင်းသားပါတီများ စုစုပေါင်း ၁၂ ပါတီ စုပေါင်းကာ ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) တွင် NLD က ပါဝင်ထားပေမယ့်လည်း အစိုးရဖြစ်ချိန်က စပြီး မဟာမိတ်ပါတီများနဲ့ အစည်းအဝေးပြုလုပ်တာ ပါတီချင်းတွေ့ဆုံဆွေးနွေး တာတွေ မရှိတော့ပါဘူး။
NLD က ၁၉၉၀ ခုနှစ်ကတည်းက လက်တွဲခဲ့တဲ့ တိုင်းရင်းသား မဟာမိတ်ပါတီတွေကို လက်တွဲဖြုတ်ပြီး အစိုးရဖြစ်တဲ့ သက်တမ်းတလျှောက်လုံး လျစ်လျူရှုထားတယ်ဆိုပြီး ပြောဆိုဝေဖန်မှုတွေလည်း ရှိပါတယ်။
တိုင်းရင်းသားပါတီများ၏ ဝေဖန်ချက်များနှင့် ပတ်သတ်၍ NLD ပါတီမှ ဒေါက်တာမျိုးညွှန့်က NLD အနေနဲ့ အစိုးရတာဝန် စယူချိန်တွင် အစိုးရယန္တရားကို အံဝင်ခွင်ကျ ဖြစ်ရန် ဆောင်ရွက်ရာတွင် အချိန် များစွာယူခဲ့ရပြီး အစိုးရအဖွဲ့ကိုလည်း မကြာခဏပြုပြင်ပြောင်းလဲရနေခြင်းများ လုပ်ဆောင်နေရပါတယ်လို့ တုန့်ပြန်ပြောဆိုပါတယ်။
“အခုကျတော့ အစိုးရယန္တရားနဲ့ ပိုပြီး ထိစပ်မှု ကောင်းလာတာနဲ့ အမျှ တိုင်းရင်းသားတွေနဲ့ ထိတွေ့မှုကိုလည်း ပိုပြီးလုပ်ဖို့ ရှေ့ကို ပိုပြီးတွင်အောင်လို့ ကျနော်တို့ လုပ်တာ ဖြစ်ပါတယ်” လို့လည်း ဆိုပါတယ်။
ဒီမိုကရေစီကို အရင်သွားမည်လား၊ သို့မဟုတ် ဖက်ဒရယ်ကို အရင်တည်ထောင်မည်လား ဟူသည့် အပေါ်တွင် အတွေးအခေါ်ပိုင်း ကွာဟနေတာတွေလည်း ရှိတာကြောင့်လည်း တိုင်းရင်းသားပါတီများနှင့် NLD ကြား ညှိနှိုင်းမှုများ၊ တွေ့ဆုံမှုများက အားနည်းသွားခြင်း ဖြစ်ပါတယ်လို့လည်း ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။
ဆက်ပြီးသူက “ကျနော်တို့ ပြောချင်တာက စစ်မှန်တဲ့ ပြည်ထောင်စုကို ကျနော်တို့သွားမယ်။ အဲ့ဒီ့ပြည်ထောင်စုမှာ ကျနော်တို့ လိုလားတဲ့ဒီမိုကရေစီနည်းစနစ်တိုင်း ကျင့်သုံးမယ်။ နောက် ဖက်ဒရယ် အခွင့်အရေးတွေကို တိုင်းရင်းသား အားလုံးညှိနှိုင်းပြီး သတ်မှတ်ကြမယ်။ အဲ့ဒီ့ အရည်အချင်းတွေနဲ့ ပြည့်စုံ တဲ့ ပြည်ထောင်စုသစ်ကို ကျနော်တို့ ဦးတည်မှာပါခင်ဗျ” လို့လည်း ထပ်မံပြောဆိုပါတယ်။
ရွေးကောက်ပွဲမှာ ပြည်ထောင်စု လွှတ်တော်အတွက် ၄ နေရာ၊ ပြည်နယ်လွှတ်တော်အတွက် ၆ နေရာ၊ တိုင်းရင်းသားရေး ရာ ဝန်ကြီး ၁ နေရာတို့ အနိုင်ရထားတဲ့ ပအို့ဝ် အမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) ကလည်း ရှမ်း၊ ရခိုင်၊ ပလောင်ပါတီတွေရဲ့ သဘောထားလိုပဲ ပြည်နယ်အစိုးရ ဖွဲ့စည်းရာမှာ တိုင်းရင်းသားပါတီက ခေါင်းဆောင်တွေကို ခေါ်ယူ ဖွဲ့စည်းစေလိုပါတယ် လို့ ဆိုပါတယ်။
PNO ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးခွန်သိန်းဖေ က “ဒီ ၅ နှစ်မှာ ပြည်ခိုင်ဖြိုးနဲ့ NLD ပဲ ဖွဲ့သွားတော့ ကျနော်တို့ တိုင်း ရင်းသားတွေ ဆန္ဒရှိတာ သိပ်မလုပ်နိုင်ခဲ့ဘူးလို့ ထင်တယ်။ ပြည်နယ်အစိုးရမှာ တိုင်းရင်းသားပါတီတွေ ပါမယ်ဆိုရင် တိုင်း ရင်းသားအရေး ကိစ္စတွေကိုလည်း တိုင်းရင်းသားတွေက ဝိုင်းတာဝန်ယူပေးလို့ ရသလို တိုင်းရင်းသားဒေသတွေမှာ လုပ် မယ့် စီမံကိန်းတွေကိုလည်း သက်ဆိုင်ရာ တိုင်းရင်းသားတွေက ဝိုင်းပြီး ကူညီဆောင်ရွက်ပေးလို့ ရတာပေါ့” လို့ ပြောပါ တယ်။
ကချင်ပြည်နယ်တွင်းမှာ နိုင်ငံရေးပါတီ ၆ ခု ပူးပေါင်းထားပြီး၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ၁ နေရာ၊ ပြည်နယ်လွှတ်တော် ၃ နေရာ အနိုင်ရရှိထားတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ကတော့ NLD က ပေးပို့တဲ့ စာနဲ့ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့ဖို့ ပြောဆိုချက်တွေအပေါ် သဘောတူသလို ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး ကို ဝိုင်းဝန်း ဦးတည်သွားဖို့ လိုလားပါတယ်လို့ ဆိုပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရလို့ ဆိုတဲ့ထဲမှာ ပါဝင်လိုခြင်း ရှိ မရှိနဲ့ ပတ်သက်လို့တော့ KSPP က ပြတ်ပြတ်သားသား ပြောဆိုတာ မရှိသလို ၎င်းတို့ ပါတီတွင်းမှာလည်း တစုံတရာ နေရာရလိုကြောင်း ညှိနှိုင်း ဆွေးနွေးထားတာမျိုး မရှိဘူးလို့ သိရပါတယ်။
KSSPP ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက “ကျနော်တို့ သဘောထား ဆန္ဒသက်သက်ကတော့ မရှိပါဘူး။ ပူးပေါင်းဆောင်ရွက် ရေး၊ အစိုးရ ဖွဲ့စည်းရေးမှာပဲ ဖြစ်ဖြစ် သူတို့ ဘယ်လောက်ထိ ကျနော်တို့ကို တံခါးဖွင့်ပေးမလဲ။ Offer ပေးနိုင်မလဲဆိုတဲ့ အပေါ်မှာပဲ ကျနော်တို့က မူတည်ပါတယ်။ ကျနော်တို့က ဟိုဟာပေးပါ၊ ဒီဟာပေးပါဆိုတဲ့ ဆန္ဒမျိုး တောင်းဆိုဖို့ မရှိပါဘူး” လို့လည်း ပါတီရဲ့ သဘောထားကို ပြောပါတယ်။
NLD ပါတီအနေနဲ့ ၂၀၁၆ ခုနှစ်ကနေ ယနေ့အချိန်ထိ ၅ နှစ်တာ သက်တမ်း အစိုးရ တာဝန်ယူထားချိန်မှာရရှိခဲ့တဲ့ အတွေ့ အကြုံတွေကို အမှီပြုပြီး တိုင်းရင်းသားအရေးမှာ ပိုသာအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ထားတယ် ဆိုပြီးတော့ လည်း ဒေါက်တာတူးဂျာက ဆိုပါတယ်။
ဒေါက်တာ တူးဂျာက နေရာအတွက် တောင်းဆိုဖို့ မရှိဘူးလို့ ဆိုပေမယ့် ရွေးကောက်ပွဲ မတိုင်ခင်ကတော့ KSPP ဟာ ပြည်ထောင်စု အစိုးရ ဖွဲ့စည်းရေး၊ ပြည်နယ် အစိုးရ ဖွဲ့စည်းရေးတွေမှာ ပါဝင်နိုင်ဖို့အထိ ရည်မှန်းထားတာပါ။
ကချင် တပြည်နယ်လုံးက ကိုယ်စားလှယ် နေရာပေါင်း ၆၀ ကျော်မှာ အများစု အနိုင်ရဖို့ မျှော်မှန်းခဲ့ပေမယ့် NLD ပါတီရဲ့ မဲရလဒ်တွေကို မကျော်နိုင်တာကြောင့် ၄ နေရာပဲ အနိုင်ရရှိခဲ့တာပါ။
တိုင်းရင်းသားပါတီတွေ အနေနဲ့ NLD က ဖိတ်ခေါ်မယ့် အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းရေးမှာ ပါဝင်ဖို့ မျှော်လင့်ချက် အသီးသီး ရှိနေကြပါတယ်။
NLD ဘက်ကတော့ အစည်းအဝေး ခေါ်ယူ ညှိနှိုင်းမှုတွေ လုပ်ပါမယ်လို့ ဆိုပေမယ့် ယနေ့ထိတော့ တိုင်းရင်းသားပါတီ တွေကို အစိုးရသစ် ဖွဲ့စည်းရေးအတွက် တရားဝင် အစည်းအဝေးခေါ်ယူ ညှိနှိုင်းတာမျိုး မရှိသေးပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းဖို့အတွက် အစည်းအဝေးဘယ်အချိန်ခေါ်မယ်ဆိုတာကိုတော့ NLD ဘက်က မသတ်မှတ် ရသေးသလို NLD ဘက်က ပူးပေါင်းဖို့ ဖိတ်ခေါ်တဲ့ စာကို တိုင်းရင်းသားပါတီတွေက ဘယ်လို တုန့်ပြန်တယ် ဆိုတာကိုလည်း စောင့်ကြည့်နေဆဲပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
NLD ဘက်က ပြောဆိုထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရဆိုတဲ့ အစိုးရသစ် ဖွ့ဲစည်းရေးမှာလည်း တိုင်းရင်းသား ပါတီ တွေကို ဘယ်လို အခန်းကဏ္ဍမျိုးကနေစေပြီး ဘယ်လို လုပ်ပိုင်ခွင့်မျိုးကနေ တိုင်းပြည်တာဝန်ကို ကူထမ်းဖို့ ဆိုတဲ့ သတ် မှတ်ချက်မျိုးတွေလည်း တစုံတရာ ပြောဆိုထားခြင်း မရှိသေးပါဘူး။
ဒေါက်တာ တူးဂျာကတော့ “တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ NLD ပူးပေါင်းလက်တွဲရင် တိုင်းရင်းသားအရေး ပြေလည် စရာ အများကြီး ရှိသလို ပြည်တွင်း ငြိမ်းချမ်းရေး အတွက်လည်း အကျိုးရှိမှာပါ။ NLD က စာနဲ့ ကမ်းလှမ်းရာကနေ လက် တွေ့မှာလည်း လုပ်ဆောင်ဖို့ မျှော်လင့်တယ်” လို့လည်း ပြောဆိုပါတယ်။
တိုင်းရင်းသား ပါတီတွေရဲ့ မျှော်လင့်ချက်အတိုင်း ပြည်နယ်အစိုးရ ဖွဲ့စည်းရာမှာ NLD က တွဲခေါ်ပြီး နေရာပေးမလား ဆို တာကတော့ NLD ပေါ်မှာပဲ မူတည်မှာ ဖြစ်ပါတယ်။
You may also like these stories:
တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒကို အလေးထားမည် ဟု NLD ကြေညာ
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေး AA တောင်းဆိုချက်ကို တပ်မတော် လက်ခံ
ဝန်ကြီးချုပ်နေရာမျိုး တိုင်းရင်းသားပါတီတွေ ပေးမယ်ဆိုရင် NLD အပေါ် ယုံကြည်လာလိမ့်မယ်
သေနတ်သံတွေ တိတ်သွားတဲ့ ရခိုင်ပြည်