မြန်မာနိုင်ငံတွင် ၂၀၂၀ မတ်လ ၂၃ ရက်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ စတင် တွေ့ရှိခဲ့ရာ နိုဝင်ဘာ၂၃ ရက်တွင် ၈ လ ပြည့်သွားပြီ ဖြစ်ပြီး အဆိုပါ ၈ လအတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၈၀၀၀၀ ကျော် ရှိပြီဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ၂၃ ရက် ည ၈ နာရီအချိန်ထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၈၀,၅၀၅ ဦး၊ ဆေးရုံဆင်းခွင့် ရရှိသူ ၅၉,၈၈၈ ဦးနှင့် သေဆုံးလူနာ ၁,၇၆၅ ဦးရှိပြီး ထိုနေ့အထိ စစ်ဆေးခဲ့သည့် ဓာတ်ခွဲ နမူနာပေါင်း ၁ သန်းကျော် (၁,၀၃၇,၄၅၀) ရှိပြီဖြစ်ကြောင်း သိရသည်။
ဒုတိယလှိုင်း စတင်ခဲ့သည့် သြဂုတ်လလယ်ခန့်မှ စ၍ ယနေ့အချိန်ထိ ရောဂါပိုး ကူးစက်နှုန်း သိသိသာသာ ကျဆင်းသွား ခြင်း မရှိသေးဘဲ နေ့စဉ် ကူးစက်မှုနှုန်း အသစ် ၁,၀၀၀ ကျော် တိုးနေပြီး လူနာသေဆုံးမှုမှာလည်း နေ့စဉ်၂၀ ဝန်းကျင် ရှိနေ သည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် ကိုဗစ်-၁၉ ရောဂါပိုး ရှိသောသူများ၏ ၆၅ ရာခိုင်နှုန်းခန့်သည် ရောဂါလက္ခ ဏာ တစုံတရာ မပြသဘဲ သာမန်အတိုင်း နေကောင်းကျန်းမာစွာ ရှိနေသူများဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန် ကြီးဌာန၏ ထုတ်ပြန်မှုများအရ သိရသည်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံအများအပြား၌လည်း ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှု ဆက်လက် မြင့်မားနေ ဆဲနေဖြစ်ပြီး ကမ္ဘာတလွှား ကိုဗစ်ကူးစက်ခံရသူ ၅၆ သန်းကျော် (နိုဝင်ဘာ၂၀ ထိ) ရှိပြီး သေဆုံးသူ ၁ သန်းကျော် ရှိပြီ ဖြစ် ကာ ကမ္ဘာ့နိုင်ငံပေါင်း ၂၃၀ အနက် မြန်မာနိုင်ငံသည် အဆင့် ၇၂ တွင် ရပ်တည်နေသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံတော်တော်များများနဲ့စာရင် ကျမတို့နိုင်ငံမှာ အခြေအနေ အတိုင်းအတာတခုအထိ ထိန်းထားနိုင်တယ်လို့ ကျမ ဒီလို မြင်ပါတယ်။ ဒီလို ထိန်းထားနိုင်ခြင်းရဲ့အဓိက အကြောင်းအရင်း ကလည်း ပြည်သူကိုယ်တိုင် ပါဝင်လို့ပါပဲ” ဟု ပြောသည်။
ယမန်နေ့ည ၈ နာရီက MRTV ရုပ်သံလိုင်းမှ ထုတ်လွှင့်သည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် ပတ် သက်၍ ပြည်သူများသို့ အစီရင်ခံ တင်ပြသည့် မိန့်ခွန်းတွင် ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ကိုဗစ်ကူးစက်မှုနှင့် ပတ်သက်၍ ထိန်းထားနိုင်မည်ဟု ယုံကြည်ပြီး အခြေအနေ ကောင်းလာသည်နှင့်အမျှ စီးပွားရေးကြောင့် ရော၊ ပြည်သူလူထု၏ စိတ်ဖိစီးမှု သက်သာရေးအတွက်ရော ဖြေလျှော့ပေးနိုင်သည့် ကိစ္စအားလုံး ဖြေလျှော့ပေးသွားမည် ဖြစ်ကြောင်း၊ အမြန်ဆုံး အခြေအနေ ကောင်းလာရန်လည်း ကြိုးစားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။
“ဆက်လက်ပြီး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ ထပ်တလဲလဲ ပြော ပါတယ်။ Mask နဲ့ Face Shield တွေကို တတ်နိုင်သမျှ တပ်ပါ။ အပြင်မထွက်ဘဲ နေနိုင်ရင် နေပါ။ အထူးသဖြင့် နောက်တ ပတ် နှစ်ပတ်အတွင်းမှာပေါ့။ ကျမတို့လည်း ဖြေလျှော့ပေးဖို့ အများကြီး ကြိုးစားနေပါတယ်” ဟုလည်း ဆိုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးကလည်း ကာကွယ်ဆေး ရရှိသည့်တိုင် မိမိနိုင်ငံတွင် တနိုင်ငံလုံး အတိုင်းအတာနှင့် ထိုးနှံရန် ကာကွယ်ဆေးရရှိမှု ပမာဏအပေါ် မူတည်၍ အချိန်ကြာမြင့်နိုင်ခြင်း၊ ရောဂါပိုး၏မျိုးဗီဇ ပြောင်းလဲလာနိုင်ခြင်း၊ ရောဂါလက္ခဏာ မပြဘဲ ရောဂါရှိနေနိုင်ခြင်း၊ အသက်ရှူလမ်းကြောင်းမှတဆင့် လျင်မြန်စွာ ကူးစက်သည့် ရောဂါဖြစ်ခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်း များကို မဖြစ်မနေ ဆက်လက် လိုက်နာဆောင်ရွက်ရန် တိုက်တွန်းပြောဆိုသည်။
ဌာနအနေဖြင့်လည်း ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ် ရှားမှု စီမံချက်ကို ဆောင်ရွက်ရွက်နေသလို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အိမ်ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များ တိကျစွာလိုက်နာရမည့် စည်းကမ်းချက်များကိုလည်း မကြာသေးမီက ထုတ်ပြန်ထားသည်။
Volunteers for COVID-19 Yangon တာဝန်ခံ ကိုဒီငြိမ်းလင်းက “အစိုးရချည်းပဲ တောက်လျှောက် ဘယ်လိုပဲ ကာကွယ်၊ ကုသစောင့်ရှောက်နေပါစေ။ ပြည်သူက ဒီတိုင်းပဲသွားနေမယ်၊ ထွက်မြဲထွက်နေတုန်း ဆိုရင်လည်း ဘယ်လိုမှ ထူးလာမှာ မဟုတ်ဘူး။ ဒါကြောင့် ပြည်သူရဲ့ ပူးပေါင်းမှုက အတော်အရေး ကြီးတယ်။ Mask မတပ်တဲ့ကိစ္စ၊ လူစုတဲ့ကိစ္စတွေ၊ အိမ်မှာနေခိုင်းတာ မနေတဲ့ကိစ္စတွေက သေချာလေး စည်းကမ်းတကျ၊ စနစ်တကျ ကိုင်တွယ်ဖြေရှင်းမှသာလျှင် အဆင်ပြေမယ်” ဟု ပြောသည်။
၎င်းတို့အဖွဲ့သည် ကိုဗစ်-၁၉ စတင်ခဲ့သည့် မတ်လကတည်းက ယနေ့အချိန်ထိ ရန်ကုန်ရှိ ကိုဗစ် ကုသရေးဆောင်များနှင့် Quarantine စင်တာများ၌ စေတနာ့ဝန်ထမ်း အင်အား ၅၀၀ ကျော်ဖြင့် ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
ကိုဒီငြိမ်းလင်းက “အခုဆို ၈ လ ရှိလာပြီ။ လျော့ကျမှုက ရှိလားဆိုတော့ မရှိဘူး။ ကျနော်တို့ကတော့ တတ်နိုင်တဲ့ဘက်က ဆက်ပြီး ဆောင်ရွက်နေမှာပဲ။ ဒါပေမယ့် အလှူရှင်တွေနဲ့ အများစုက ရပ်တည်နေကြတာဆိုတော့ တော်တော်လေး ပြိုင်းနေ ပြီ။ တချို့စင်တာတွေမှာ အခက်အခဲတွေက ရှိလာပြီ။ ရေရှည်ကျတော့ တောင့်ခံဖို့ တော်တော်လေး ခက်ခဲတဲ့ အနေအ ထား တခုပေါ့” ဟု ဆိုသည်။
အစိုးရအနေဖြင့် လာမည့် ဒီဇင်ဘာ ၂၅ ရက်တွင် ကျရောက်မည့် ခရစ်စမတ်ပွဲတော်နှင့် နိုင်ငံတကာ နှစ်သစ်ကူးပွဲ တော်နေ့များ၌ ဘုရားကျောင်းများတွင် ဝတ်ပြုဆုတောင်းခြင်းကို လူ ၅၀ ထက် မပိုစေဘဲ ခွင့်ပြုနိုင်ရေးနှင့် ခရစ်စမတ် ပွဲတော် ကာလတွင် လူအများ စုဝေး၍ နေအိမ်များသို့ သီချင်းများလိုက်လံ သီဆို ဆုတောင်းခြင်းများကို ခွင့်မပြုဘဲ ဘုရားကျောင်းများ၌ ဝတ်ပြုဆုတောင်း သီဆိုခြင်းများကိုသာ ခွင့်ပြုသွားမည် ဖြစ်သည်။
ထို့ပြင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် လိုအပ်သော ပညာပေးဟောပြောမှုများ ဆောင်ရွက်ပြီး နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ ကာလအတွင်း ပြည်သူများ နေအိမ်၌သာ နေထိုင်ရန် ညွှန်ကြားသွားမည် ဖြစ်ကြောင်း ကိုဗစ် ၁၉ အမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။
Stay at Home သတ်မှတ်ထားခြင်း မရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တန်ခိုးကြီးဘုရား၊ စေတီပုထိုးများနှင့် ဗလီ၊ Church ကျောင်းများကို အချိန်နှင့် လူဦးရေအကန့်အသတ်ဖြင့် ဖူးမြော်ခွင့်နှင့် ဝတ်ပြုဆုတောင်းခွင့်ပေးခြင်းနှင့် A အဆင့်သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို နိုဝင်ဘာလကုန်ပိုင်းတွင် ပြန်လည် ဖွင့်လှစ် ခွင့်ပေးသွားမည် ဖြစ်ကြောင်း Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီက နိုဝင်ဘာ ၁၇ ရက်က ထုတ်ပြန်ထားသည်။
You may also like these stories:
ရန်ကုန်တိုင်း ရွေး/ကော်အဖွဲ့ဝင်များနှင့် မဲရုံတာဝန်ကျ ၈၀ ကျော် ကိုဗစ်ကူးစက်ခံရ
ရန်ကုန်တွင် ပိတ်မိနေသော တနင်္သာရီ ဒေသခံ ၁၇၀ ဦးကို စတင် ခေါ်ယူ
ကိုဗစ်ကန့်သတ်ချက်များ ဖြေလျှော့ရန် အစိုးရ စီစဉ်