အသက် ၁၀ နှစ်အောက် ကလေးငယ်များ အပါအဝင် ကလေးအလုပ်အမား ၂၂ ဦးကျော်ကို အလုပ်စေခိုင်းခဲ့သော ဒဂုံဆိပ်ကမ်းမြို့နယ် လိုတရရွှေစံလှ မုန့်တိုက်ပိုင်ရှင်များကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တို့က တရား စွဲသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိစစ်ဆေးဆောင်ရွက်ထားခြင်းအရ ထိုမုန့်တိုက်တွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမား ၁၈ ဦး၌ အသက် ၁၈ အောက် ၆ ဦး နှင့် အသက် ၁၄ နှစ်အောက် ၂ ဦး တို့ကို အလုပ်စေခိုင်းထားကြောင်း တွေ့ရှိရ၍ မုန့်တိုက်ပိုင်ရှင်များဖြစ်သည့် ဦးသီဟထွန်း နှင့် ဦးအောင်ကျော်မင်းတို့ကို အလုပ်ရုံနှင့် အလုပ်သမားအက် ဥပဒေအရ တရားစွဲဆို အရေးယူသွားရန် လုပ်ဆောင်လျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးအောင်နိုင်က ဧရာဝတီ သို့ ပြောသည်
၎င်းက “ဒီကိစ္စက အရေးကြီးတဲ့ ကိစ္စဖြစ်တဲ့အတွက် တရားရုံးမှာ ထိရောက်ပြစ်ဒဏ်ချမှတ်နိုင်ဖို့အရေးယူဖို့ တရားစွဲဆိုသွားမယ်” ပြောဆိုသည်။
လတ်တလောတွင် ပြည်ထောင်စုဝန်ကြီးထံမှ တရားစွဲဆိုရန် ခွင့်ပြုချက် စောင့်ဆိုင်းလျက်ရှိပြီး ခွင့်ပြုချက် ရရှိပါက အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးအောင်နိုင်က ဆိုသည်။
ယခုလို အလုပ်သမားကလေးများအား အလုပ်ရှင်က ညှဉ်းပန်းနှိပ်စက်ဆိုသည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားပြီး သုံးသပ် အကြံပြုချက်များကို သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန် ထားသည်။
လက်ရှိအချိန်တွင် အဆိုပါမုန့်တိုက်မှ ထွက်ပြေးလွတ်မြောက်လာသော အသက် ၁၈ နှစ်အထက် အလုပ်သမား ၁ ဦးက တရားလိုပြုလုပ်ပြီး အလုပ်သမားများကို အလုပ်ရှင်က ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့မှုများအတွက် ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားသလို ထိုပေါင်မုန့်လုပ်ငန်းသည် လုပ်ငန်းခွင့်ပြုချက်ရယူထားခြင်း မရှိသောကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကလည်း တရားစွဲဆိုထားသည်။
အလုပ်ရုံ နှင့် အလုပ်သမား ဥပဒေများအရ အသက် ၁၄ အောက် ကလေးငယ်များကို လုံးဝ အလုပ်စေခိုင်းခွင့် မရှိဘဲ အသက် ၁၆ နှစ်မှ အသက် ၁၈ နှစ်အတွင်း သူများကိုမူ အလုပ်လုပ်ခိုင်းမည်ဆိုပါက ဆရာဝန်၏ ကျန်းမာ ရေးထောက်ခံချက်များရယူပြီးမှသာ အလုပ်ခိုင်းခွင့်ရှိပြီး အချိန်ပိုလည်း ခိုင်းခွင့်မရှိကြောင်း ပြဋ္ဌာန်းထားသည်။
အဆိုပါ ဥပဒေကိုအရ အမြင့်ဆုံးပြစ်ဒဏ်သည် ထောင်ဒဏ် ၃ လ ဖြစ်စေ၊ ငွေဒဏ် ကျပ်သိန်း ၂၀ ချမှတ်နိုင် ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။
နံနက်ပိုင်း ၅ နာရီခွဲ ၆ နာရီခန့်မှ စတင်အလုပ်လုပ်ရပြီး သတ်မှတ်ထားသည့် မုန့်အရေအတွက်ပြီးစီးသော အချိန်မှသာ အနားယူရကြောင်း၊ ထိုအလုပ်ပြီးသော အချိန်သည် တခါတလေ၌ ည ၁ နာရီအထိ ဖြစ်လေ့ ရှိသည်ဟု ထိုမုန့်တိုက်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ခဲ့သော မိန်းကလေးငယ်တချို့ ပြောပြချက်ကို ဒဂုံ ဆိပ်ကမ်းမြို့နယ်၊ အမျိုးသမီးလုပ်ငန်းကော်မတီအတွင်းရေးမှူး ဒေါ်ဝါဝါဌေးက ပြောသည်။
၎င်းက “အသက် ၁၆ အရွယ်ကလေးကတော့ သိပ်မပြောရဲဘူး သူတို့ ဘယ်လောက်တောင် လုပ်ထားလည်း မသိဘူး။ သူ့အောက်က အငယ်လေး ၂ ယောက်က ပြောတာဆိုရင် အလုပ်လုပ်နေလို့ ကလေးချင်း စကား ပြောမိရင် ရိုက်ခံရတယ်။ အလုပ်လုပ်လို့ တခုခုမှားရင် တုတ်တို့ ဝါယာကြိုးကို နှစ်ပင်လိမ်ထားတာနဲ့ ရိုက်ခံရ တယ်လို့ပြောပြတယ်” ဟု ဆိုသည်။
အလုပ်လုပ်ကိုင်ရန် မိဘများထံမှ လာရောက် ခေါ်ယူစဉ်က ရန်ကုန်မြို့ လသာမြို့နယ် ၁၈ လမ်းရှိ ထမင်းဆိုင်တွင် ပန်းကန်ဆေးသည့် အလုပ်လုပ်ရန်ဟု ပြောဆိုခဲ့ပြီး ယခုလို ပြဿနာဖြစ်ပေါ်မှသာ ထိုသို့ မုန့်တိုက်တွင် အလုပ်လုပ်နေသည်ကို သိရှိရခြင်းဖြစ်ကြောင်း အသက် ၁၆ အရွယ် ကလေးအလုပ်သမား၏ ဖခင် ဦးလှအေးက ဧရာဝတီသို့ပြောသည်။
၎င်းက “သမီးနဲ့ ဖုန်းပြောလို့ အလုပ်အဆင်ပြေလား၊ ဘာလား မေးရင် ငိုတာတော့ရှိတယ်။ ဘာမှတော့ သိပ်မ ပြောဘူး။ ဘေးမှာ လူရှိလို့ မလွတ်မလပ် စကားပြောနေရတဲ့ ပုံစံမျိုးတော့ ခံစားရတယ်” ဟု ပြောသည်။
ထိုလုပ်ငန်းခွင်သို့ ကွင်းဆင်းစစ်ဆေးမှု လုပ်ဆောင်ထားပြီးဖြစ်သော်လည်း ကလေးအလုပ်သမား ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့ ရှိခဲ့ပြီး ပိုးတွေ့ကလေးများ အပါအဝင် ကျန်ကလေးများပါ ကွာရန်တင်း ဝင်နေခြင်းကြောင့် ကျန်းမာ ရေးကိစ္စရပ် ပြီးစီးမှသာ အမှုကိစ္စကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းလူမှုဝန်ထမ်း ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဒေါက်တာကေသီကျော်က ဧရာဝတီသို့ ပြောသည်။
၎င်းက “ဒီကလေးတွေရဲ့ အမှုကို ကိုင်တဲ့ ကျမတို့ ဝန်ထမ်း ၃ ယောက်လည်း ကွာရန်တင်းဝင်သွားရတော့ အမှု ကိစ္စကို စုံစမ်းစစ်ဆေးရရှိတဲ့ အပေါ်မူတည်ပြီး ဆက်လုပ်သွားမှာပေါ့။ စုံစမ်းမှုတွေအရ ကလေးသူငယ်အခွင့် အရေးဆိုင်ရာဥပဒေနဲ့ ငြိစွန်းမှုတွေရှိခဲ့ရင် ဝန်ကြီးဌာနရဲ့ လူကြီးတွေရဲ့ လမ်းညွှန်မှုအတိုင်း ဆက်လက်လုပ် သွားမှာပါ” ဟု ပြောဆိုသည်။
လက်ရှိအချိန်တွင် ကွာရန်တင်းဝင်နေရသော ကလေးများအားလုံးအတွက် လိုအပ်သည့် ကိစ္စရပ်များအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။
လူ့အခွင့်အရေး လှုပ်ရှားသည့် ညီမျှခြင်းမြန်မာ အဖွဲ့၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “ဆင်းရဲမွဲတေမှု နဲ့ ကလေးအလုပ်သမား အသုံးပြုမှုက အမြဲတမ်းအချိုးကျနေပါတယ်။ ဒီဟာတခုက စီးပွား ရေးကောင်းအောင် ဝင်ငွေကောင်းအောင် လုပ်ပေးရမယ့်အပိုင်းက မဖြစ်မနေလုပ်ဆောင်ရမှာဖြစ်သလို နောက် တခုက အသိပညာပေါ၊့ ကလေးတွေကို ဒီလိုမျိုးစေခိုင်းဖို့ မသင့်ဘူးဆိုတာက မိဘတွေလည်း တာဝန်ရှိ သလို ပတ်ဝန်းကျင်မှာလည်း တာဝန်ရှိတယ်။ အထူးသဖြင့် ဒါမျိုးလုပ်ဆောင်ခြင်းက ရာဇဝတ်မှုမြောက်တယ်ဆိုတာ ကို သိရှိပြီးတော့ အလုပ်မစေခိုင်းဖို့ အလုပ်ရှင်တွေမှာ အရေးကြီးပါတယ်” ဟု ပြောဆိုသည်။
ယခုလို အိမ် နှင့် စက်ရုံကဲ့သို့ နေရာများတွင် ကလေးငယ်များကို လှောင်ပိတ်ပြီး အလုပ်စေခိုင်းမှုများသည် စုံးစမ်းဖော်ထုတ်ရန် ခက်ခဲလေ့ရှိပြီး တရားစွဲဆိုသည့် ကိစ္စရပ်များလုပ်ဆောင်နေသည့် အချိန်၌ ကလေးငယ် များကို ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များကိုလည်း တချိန်တည်း လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။
ဦးအောင်မျိုးမင်းက ဆက်လက်၍ “ ပြည်သူလူထုကလည်း ဒီလိုကိစ္စမျိုးကို မြင်တွေ့ရင် ဒါဟာ ကလေးတွေ သာမန်အလုပ်လုပ်တာပဲဆိုပြီး မမြင်ဘဲနဲ့ ကလေးအခွင့်အရေးချိုးဖောက်တယ်ဆိုတာကို သဘောပေါက် ပြီးတော့ ထိထိရောက်ရောက် တိုင်ကြားတဲ့ အသိစိတ်ဓာတ်မျိုး ဖြစ်လာဖို့လိုတယ်။ အစိုးရကလည်း လူထုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုသလို ဒီလိုမျိုးကိစ္စတွေ ပေါ်ပေါက်ဖို့ သူတို့ အလေးထားလုပ်ဖို့ လိုအပ်ပါတယ်” ဟု ပြောဆိုသည်။
လိုတရ ရွှေစံလှ မုန့်တိုက်သည် ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ၈၇ ရပ်ကွက် မဂ္ဂင်လိမ်းထိပ်တွင် တည်ရှိပြီး နိုဝင်ဘာလ ၁၉ ရက်နေ့ည၌ အလုပ်ရှင်၏ ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်တော့၍ ထွက်ပြေးလာသော ကလေး များ၏ ပြောပြမှုကြောင့် ရပ်ကွက်နေ ပြည်သူ မကျေနပ်ဖြစ်ပြီး လူစုလူဝေးဖြစ်ပေါ်ကာ သက်ဆိုင်ရာ တာဝန်ရှိ သူများက ဝင်ရောက်ရှာဖွေပြီးနောက် အသက်အရွယ် ၈ နှစ် ကလေးငယ် အပါအဝင် ကလေးအလုပ်သမား ၁၈ ဦးကို ကယ်ထုတ်လာနိုင်ခဲ့သည်။
ထိုနောက် ကလေးငယ်များ၏ ပြောပြချက်အရ အဆိုပါမုန့်တိုက်ပိုင်ရှင်၏ ဒဂုံမြို့သစ်(မြောက်ပိုင်း) ရှိ လုပ်ငန်း ခွင်ရှိ ကလေးအလုပ်သမားကို ၃ ဦးကို ပါ ခေါ်ယူပြီး ရဲစခန်း၌ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။
အဆိုပါ ကလေးအလုပ်သမားများကို လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများတွင် ခဏစောင့်ရှောက် ထားရန်အတွက် နိုဝင်ဘာလ ၂၁ ရက်နေ့၌ ကိုဗစ် ၁၉ ရောဂါ စစ်ဆေးမှုများ ပြုလုပ်ရာတွင် ၁၀ ဦးတွင် ကိုဗစ် ရောဂါပိုး တွေ့ရှိခဲ့ရသည်။
You may also like these stories:
ဒဂုံဆိပ်ကမ်းမြို့နယ် မုန့်လုပ်ငန်းတခုတွင် ကလေးငယ်များ ညှဉ်းပန်းနှိပ်စက်ခံရဟုဆို
တရားမဝင် မုန့် လုပ်ငန်းမှ ကယ်ထုတ်လာသည့် ကလေးလုပ်သား ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့