မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမှာ တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) စစ်ကြောင်းကို တပ်မတော်က ကင်းပုန်ဝပ်ကာ တိုက်ခိုက်ခြင်းကြောင့် ဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက “မိုးကုတ်မှာ နယ်မြေ လုံခြုံရေးယူနေတဲ့ တပ် ရင်းက မနေ့ညနေက မိုးကုတ်မြို့ရဲ့ မြောက်ဘက် မီတာ၂၀၀၀ လောက်မှာရှိတဲ့ နေရာမှာ သတင်းရရှိလို့ ကင်းပုန်း ဝပ် တယ်။ ကင်းပုန်းဆောင်ရွက်တော့ မြောက်ဘက်က မန်နားရွာသစ်ဘက်ကနေလာတဲ့ TNLA ၃၀ လောက်နဲ့ ထိတွေ့ တိုက် ပွဲ ဖြစ်တယ်။ ရန်သူက မြောက်ဘက်ကို ဆုတ်သွားလို့ လိုက်ရှင်းတယ်။ နောက်ထပ် ၁၀ ယောက်နဲ့ ထပ်မံ ထိတွေ့မှု ထပ် ဖြစ်တယ်” ဟု ပြောသည်။
မိုးကုတ်မြို့နယ်တွင် TNLA ၏ တပ်မဟာ၂ လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားသည်။
နိုဝင်ဘာ ၂၄ ရက် ည ၇ နာရီခွဲခန့်က ပစ်ခတ်သံများ ကျယ်ကျယ်လောင်လောင်ကြားရသဖြင့် မိုးကုတ်မြို့တွင်းမှ ဒေသခံ များမှာ စိုးရိမ်မှုများ ရှိနေကြသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက “ည ၇ နာရီ ၅၀ လောက်ကနေ ၉ နာရီလောက်ထိ ဖြစ်ပွားခဲ့တယ်။ ဒီဘက်ကတော့ စစ်သည် တချို့ကျဆုံးဒဏ်ရာ ရရှိတယ်” ဟု ပြောသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းကTNLA သည်၂၀၁၉ ခုနှစ်တွင် စတင်၍ နယ်မြေ တည်ဆောက်ခြင်း၊ အင်အား တည်ဆောက်ခြင်း များ ပြုလုပ်နေသည် ဟုလည်း ဆိုသည်။
မိုးကုတ်မြို့နယ်တွင်း တိုက်ပွဲဖြစ်ပွားခြင်း၊ လက်ရှိ နှစ်ဖက်တပ်များ စစ်ရေးအခြေအနေနှင့် ပတ်သက်၍ မေးမြန်းရန် TNLA သို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက နိုဝင်ဘာ၂၄ ရက် ည ၇ နာရီ ၄၀ ခန့်မှ ၈ နာရီအထိ တပ်မတော်နှင့် TNLA ကြား တိုက်ပွဲဖြစ်ပွားပါသည် ဟု သတင်း ထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်ပွားရခြင်းမှာ ကျောက်ဝါကျေးရွာအုပ်စုမှ လာသည့် TNLA တပ်ဖွဲ့များနှင့် တပ်မတော် တပ်ဖွဲ့ဝင်များ ထိပ်တိုက် တွေ့ရာမှ ဖြစ်ပွားခြင်း ဖြစ်ပါသည် ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
မိုးကုတ်မြို့နယ်၏ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်က “မနေ့ညကတော့ အသံတွေကြားတယ်။ မြို့ထဲမှာ တော့ အခု အားလုံးက ပုံမှန်ပါပဲ။ ဒါပေမယ့် ဖြစ်တဲ့ ရွာဘက်ကတော့ ဘာသတင်းမှ မရသေးပါဘူးခင်ဗျ။ ဒီမနက်ထိတော့ မသိရသေးပါဘူး။ ညက ဖြစ်တဲ့ တိုက်ပွဲကလည်း ဘယ်လောက်ထိဖြစ်ပြီး ဘယ်လို အခြေအနေ ဖြစ်သွားတယ်ဆိုတာ ကျနော်တို့ မသိရသေးပါဘူး ခင်ဗျ” ဟု ပြောသည်။
တပ်မတော်နှင့် TNLA တို့ကြား တိုက်ပွဲဖြစ်ပွားသည့် နေရာ၊ ကျောက်ဝါကျေးရွာ အုပ်စုအနီးတဝိုက်နယ်မြေမှာ မိုးကုတ်မြို့ နှင့် ၇ မိုင်ခန့် အကွာတွင် ရှိသည်ဟုလည်း ၎င်းက ဆိုသည်။
ဆက်လက်ပြီး ဦးအောင်နိုင်က “ပထမတခေါက် သူတို့ (TNLA) ရွာအတွင်း ဝင်လာတုန်းက ရွေးကောက်ပွဲ မတိုင်ခင်ဝင် လာတာ ရွာကလည်း ကိုယ့်ဘာသာ မဲပေးပေါ့။ သူတို့ကလည်း အနှောင့်အယှက် မပေးဘူး။ ဒီလိုနဲ့ ပြန်ထွက်သွားပြီး နိုဝင် ဘာ၂၀၊ ၂၁ ရက်မှာ ရွာဘက်ကို ပြန်ဝင်လာတယ်လို့ ကြားပါတယ်။ ကျောက်ဝါ အုပ်စုကို ပြောတာပါ” ဟု ပြောဆိုသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ၁ ရက်အလို နိုဝင်ဘာ ၇ ရက်က TNLA တပ်ဖွဲ့များက ချောင်းကြီးကျေးရွာ အုပ်စုနှင့် ကျောက်ဝါကျေးရွာအုပ်စုအတွင်း ဝင်ရောက်လာပြီး ဒေသခံများကို မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း ပြုမ ပြု ခေါ်ယူမေးမြန်းခြင်းများ ပြုလုပ်သည် ဟုဆိုကာ ဒေသခံ ၁ ထောင်ကျော်မှာ ကြောက်လန့်ပြီး ရွာများမှ ထွက်ပြေးကာ မိုး ကုတ်မြို့ပေါ်သို့ ခေတ္တလာရောက်ခိုလှုံမှုများ ရှိခဲ့သည်။
ဇွန် ၁၄ ရက်ကလည်း ကျောက်မဲမြို့မှ မိုးကုတ်မြို့သို့ သွားသည့် လမ်းမကြီး၏ လမ်းခုလတ်ဖြစ်သည့် မိုးကုတ်မြို့နယ်၊ လယ်ကြီးကျေးရွာအနီး၊ လမ်းမပေါ်တွင်TNLA တပ်ဖွဲ့က ခရီးသွားကားများကို တားဆီး၍ မူးယစ်ဆေးဝါး စစ်ဆေးရာ ရဲ တပ်ဖွဲ့ဝင်၂ ဦးကို မသင်္ကာသဖြင့် ခေတ္တ ဖမ်းဆီးဖူးသည်။
တပ်မတော်က TNLA သည် ၂၀၁၉ ခုနှစ်အတွင်းမှ မိုးကုတ်မြို့နယ်တွင်း အင်အားတည်ဆောက်ခြင်းများ ပြုလုပ်လာသည် ဟု ပြောဆိုသော်လည်း ဧရာဝတီမှ လက်လှမ်းမီသလောက် စုဆောင်းထားသည့် သတင်းအချက်အလက်များအရ TNLA သည်၂၀၁၆ ခုနှစ်ကတည်းက မိုးကုတ်မြို့နယ်အတွင်း လှုပ်ရှားနေပြီး တအန်းလူမျိုး ဒေသခံများကိုလည်း စစ်သားစု ဆောင်းမှုများ ထိုစဉ်ကတည်းက ပြုလုပ်လျက် ရှိသည်။
TNLA သည် ၎င်း၏ စစ်ရေး၊ နိုင်ငံရေး မဟာမိတ်များဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ၊ ရက္ခိုင်စစ်တပ် (AA) တို့နှင့်အတူ ၎င်းတို့ လှုပ်ရှားသည့် နယ်မြေများတွင် ဒီဇင်ဘာ ၃၁ ရက်အထိ တဖက်သတ် အပစ်ရပ်ဆိုင်းပေးပါမည် ဟု ကြေညာထားသည်။
ထို့အတူ တပ်မတော်ကလည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် နယ်မြေများမှအပ ကျန်နယ်မြေများတွင် နိုဝင် ဘာ ၃၀ ရက်အထိ အပစ်ရပ်ဆိုင်းပေးပါကြောင်း ကြေညာထားသည်။
တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွ့ဲများကြား နှစ်ဖက်လုံးမှ အပစ်ရပ်ဆိုင်းပေးထားကြောင်း အပြန်အလှန် ကြေညာထားသော်လည်း ခြွင်းချက်မရှိ ရပ်ဆိုင်းပေးခြင်း မဟုတ်ဘဲ တဖက်ဖက်မှ ရန်ပြုခြင်း၊ တိုက်ခိုက်ခြင်းများ ပြုလုပ် ပါက ပြန်လည်တုံ့ပြန် တိုက်ခိုက်မည်ဖြစ်ကြောင်း နှစ်ဖက်လုံးက ပြောဆိုထားသည့် အခြေအနေ ဖြစ်သည်။
ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့် မိုးကုတ်သည်လည်း အပစ်ရပ်ဆိုင်းထားထဲတွင် အကျုံးဝင်သည့် နယ်မြေတခုဖြစ် သည်။
TNLA သည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှရေးနှင့် ပလောင်ပြည်နယ်ရရှိရေးအတွက် တော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ဖြစ်ပြီး အစိုးရ၊ တပ်မတော်တို့နှင့် အပစ်ရပ်စာချုပ် တစုံတရာ ချုပ်ဆိုထားခြင်း မရှိပါ။
TNLA သည် ၎င်း၏ မြောက်ပိုင်း မဟာမိတ်များနှင့်အတူ ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင်ကို ချုပ်ဆိုနိုင်ရန် ညှိနှိုင်းနေဆဲ ဖြစ်သော်လည်း စာချုပ်တွင်း TNLA လှုပ်ရှားသည့် နယ်မြေများကို တပ်နေရာချထားရေး ကဏ္ဍတွင် သဘောတူ လက်ခံရန် တပ်မတော်နှင့် ညှိနှိုင်းနေရဆဲ ဖြစ်သည်။
TNLA သည် မိုးကုတ်မြို့နယ်အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ ၊ နောင်ချိုနှင့် မိုးမိတ် မြို့နယ်တို့တွင် လှုပ်ရှားသည်။
You may also like these stories:
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေး AA တောင်းဆိုချက်ကို တပ်မတော် လက်ခံ
ငြိမ်းချမ်းရေးဆွေးနွေးရန် ဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့်ကော်မတီဖွဲ့စည်း