ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်တွင် အနိုင်ရခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ကိုယ် စားလှယ်လောင်းများကို ရွေးကောက်ပွဲဆိုင်ရာ မသမာမှုဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံသို့ ကန့် ကွက်လွှာ တင်သွင်းထားကြောင်း မိုးဖြတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်း ဦးအက် မာကာ က ပြောသည်။
ရွေးကောက်ပွဲ စည်းရုံးရေး ကာလက USDP အတွက် မဲဆွယ်ပေးရန် ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ငွေကြေးပေးခဲ့ခြင်း၊ နမ့်ယွန်း ပြည်သူ့စစ်တပ်ဖွဲ့က ဦးဆောင်ပြီး ရွေးကောက်ပွဲနေ့ ကားအကြိုအပို့ စီစဉ်ပေးကာ USDP ပါတီကို မဲထည့်စေခဲ့ ခြင်း စသည့် အချက်တို့ အပါအဝင် ၁၅ ချက်ဖြင့် နိုဝင်ဘာလ၂၃ ရက်တွင် တိုင်ကြားထားခြင်း ဖြစ်သည်။
ဌာနေ ပြည်သူ့စစ်ခေါင်းဆောင်များက ဒေသခံတို့ကို ၎င်းတို့ထိန်းချုပ်ရာ နယ်မြေ၌ ဆက်လက်နေထိုင်လိုက USDP ပါတီ ကိုသာ မဲထည့်ရမည်ဖြစ်ပြီး NLD ပါတီကို မဲထည့်ပါက ဒေါ်အောင်ဆန်းစုကြည်ရှိရာ ပြည်မသို့ ပြောင်းရွှေ့နေထိုင်ကြရန် ဖိအားပေး ပြောဆိုထားသည့် အသံဖိုင်များ အပါအဝင် သက်သေ အထောက်အထားများစွာဖြင့် တိုင်ကြားထားကြောင်း ဦးအက်မာကာ က ပြောသည်။
မိုင်းဖြတ်မြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တိုင်ကြားသူ NLD လွှတ်တော် ကိုယ်စား လှယ်လောင်း ဦအက်မာကာ က “ကိုယ်စားလှယ် ကန့်ကွက်တဲ့ကိစ္စကို ရှေ့နေနဲ့ ဆက်လုပ်သွားမယ်။ အခုက ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ရော ရဲစခန်းမှာပါ တိုင်ထားတယ်” ဟု ပြောသည်။
မိုင်းဖြတ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)တွင် အနိုင်ရရှိခဲ့သည့် USDP ပါတီမှ ဦးညွှန့်ဝင်းနှင့် မဲဆန္ဒနယ် အမှတ်(၂) အနိုင်ရ ကိုယ်စားလှယ် ဦးဖရန်စစ်(စ)ကို တို့ နှစ်ဦးကို ကန့်ကွက်တိုင်ကြားထားခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
အဆိုပါ မိုင်းဖြတ်မြို့နယ်မှ USDP ပါတီ ကိုယ်စားလှယ်နှစ်ဦးကို ဧရာဝတီမှ ယင်းကိစ္စနှင့် ပတ်သက်၍ မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ထို့ပြင် မိုင်းဖြတ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးအောင်မြတ်စိုးကလည်း ပုံစံ ၁၆ ကို မှားယွင်းစွာ စီမံ ဆောင်ရွက်ခဲ့ခြင်းကြောင့် တိုင်ကြားထားကြောင်း သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားထားသည့် ဦးအက်မာကာ၏ ကန့်ကွက်လွှာ မိတ္တူသည် မိုင်းဖြတ်မြို့ နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးနှင့် တာချီလိတ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ စိုင်းဆိုင်ကျောက် က အတည်ပြု ပြောကြားသည်။
တိုင်ကြားချက်များတွင် ထည့်သွင်း တိုင်ကြားခံခဲ့ရသူ မိုင်းဖြတ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးအောင်မြတ်မိုး က “လောလောဆယ်တော့ ဘာမှတော့ မပြောချင်သေးပါဘူး။ အမှန်တရားက ရှိတာပေါ့နော်။ ကြာလာ ရင်တော့ အမှန်တရား ထွက်လာပါလိမ့်မယ်” ဟု ပြောဆိုသည်။
ရွေးကောက်ပွဲ မသမာမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် ရဲစခန်းတွင် နိုဝင်ဘာလ ၈ ရက်မှစ၍ နိုဝင်ဘာ ၂၃ ရက်ထိ ၁၅ ရက်အတွင်း တိုင်ကြားရမည်ဖြစ်ပြီး ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်ကို ကန့်ကွက်လိုပါက ရွေးကောက် တင်မြှောက်ခံရသည့်နေ့မှ ၄၅ ရက်အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို စပေါ်ငွေ ၅ သိန်းနှင့် ကန့်ကွက်လွှာ တင်သွင်းရမည် ဖြစ်သည်။
နမ့်ယွန်းပြည်သူ့စစ် အုပ်ချုပ်သည့် နယ်မြေအများအပြား ပါဝင်နေသည့် မိုင်းဖြတ်မြို့နယ်တွင် ရွေးကောက်ပွဲ အဆက်ဆက် USDP ပါတီကသာ အနိုင် ရရှိခဲ့သည်။၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီက ဒုတိယ မဲအများဆုံး ရရှိခဲ့သည့် ပါတီ ဖြစ် သည်။
ဌာနေပြည်သူ့စစ် တပ်ဖွဲ့များ၏ အကူအညီကြောင့်သာ USDP ပါတီက အနိုင်ရနေခြင်းဖြစ်သည်ဟု ယင်း မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများက သုံးသပ်ပြောကြားကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့က ပြည်သူ့စစ် တပ်ဖွဲ့ဝင်များသည် USDP ပါတီ မဲရရှိရေးအတွက် ကူညီ ဆောင်ရွက်ပေးနေသည်ကို ဓာတ်ပုံနှင့်တကွ လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကနေ ဝင်ရောက် အရွေးချယ်ခံသည့် မိုင်းဖြတ်မြို့နယ် ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ်လောင်း ဦးကျဖေ့ ကို နမ့်ယွန်းပြည်သူ့စစ် တပ်ဖွဲ့က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်နှင့် မြို့နယ်ခြင်း ထိစပ်နေသည် မိုင်းပျဉ်းမြို့နယ်နှင့် မိုင်းဆတ်မြို့နယ်တွင်လည်း ဌာနေပြည်သူ့စစ် ထိန်း ချုပ်နယ်မြေများ ဖြစ်ပြီး အဆိုပါ မဲဆန္ဒနယ်အားလုံးတွင် USDP ပါတီက အနိုင်ရရှိထားသည်။
You may also like these stories:
ရှမ်းပြည်ရှိ ပြည်သူ့စစ်နယ်များတွင် USDP ပါတီ အနိုင်ရ
လုပ်ကြံခံရသည့် ဦးထိုက်ဇော် မဲရလဒ် ကန့်ကွက်သူ မရှိလျှင် လစ်လပ်မဲဆန္ဒနယ် သတ်မှတ်မည်
လူထု လွတ်လပ်စွာမဲပေးခွင့်ကို ပြည်သူစစ်အဖွဲ့များ ခြိမ်းခြောက်နေဟုဆို
USDP နှင့် တနေရာမျှ မနိုင်သည့် ၁၈ ပါတီက ရွေး/ကော်ကို အရေးယူရန် သမ္မတထံ စာပို့