ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်ရှိ နယ်ခြားမှတ်တိုင်အနီး၌ တရုတ်ဘက်မှ ခြံစည်း ရိုးကာရံမှုကို ယင်းဒေသရှိ နယ်မြေခံတပ်ရင်းမှ တရုတ်နိုင်ငံဘက်သို့ ကန့်ကွက်လွှာ ပေးပို့ထားကြောင်း တပ်မတော် ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုဝင်ဘာ၂၄ ရက်တွင် ဧရာဝတီသို့ ပြောသည်။
နယ်ခြားမှတ်တိုင် ၁၂၅ အနီး ခြံစည်းရိုးခတ်သည့် ဖြစ်စဉ်အပြင် နိုဝင်ဘာ ၁၇ ရက်ကလည်း နယ်ခြားမှတ်တိုင် ၁၂၁ နှင့် ၁၂၂ အကြားတွင်လည်း ခြံစည်းရိုးတိုင်၂၅ တိုင် စိုက်ကာ အလျားမီတာ ၁၀၀ နီးပါးကို တရုတ်ဘက်မှ ခြံစည်းရိုးကာရံသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည့်အတွက် ယခုကဲ့သို့ ကန့်ကွက်လွှာ ပေးပို့ရသည်ဟု ဆိုသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက “အဲဒီဘက်မှာ ရှိနေတဲ့ နယ်မြေခံ တပ်ကနေ တရုတ်ဘက်ကို ကန့်ကွက်လွှာပေးပို့ခဲ့တာ ရှိတယ်။ ကန့်ကွက်လွှာထဲမှာတော့ ၁၉၆၁ ခုနှစ် မြန်မာ- တရုတ် နယ်နိမိတ် အခြေပြ စာချုပ်ပါ အတိုင်းပဲ ကန့်ကွက်ခဲ့တယ်” ဟု ပြောဆိုသည်။
၁၉၆၁ ခုနှစ် မြန်မာ-တရုတ် နယ်နိမိတ် အခြေပြစာချုပ်တွင် ပါဝင်သည့် အချက် တချက်ဖြစ်သော နယ်နိမိတ်မျဉ်းကြောင်း ၏ တဖက်တချက် ၁၀ မီတာပေါ်တွင် မည်သည့် အဆောက်အအုံမျှ ဆောက်လုပ်ခြင်း မပြုရ ဆိုသည့် အချက်ကို အဓိက အခြေခံကာ ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
တပ်မတော်က ကန့်ကွက်စာ ပေးပို့ခဲ့သလို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကလည်း နယ်ခြားမှတ်တိုင် ၁၂၅ နှင့် ထိစပ်နေသော တရုတ်နိုင်ငံဘက်မှ ခရိုင်၂ ခုစလုံးသို့ ကန့်ကွက်စာများ ပေးပို့ခဲ့ပြီး ခြံစည်းရိုး ကာရံနေသည့် နေရာသို့ ကွင်းဆင်း၍ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရာ လက်ရှိတွင် တရုတ်ဘက်မှ လုပ်ငန်းများ ရပ်နားထားကြောင်း သိရသည်။
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်က “ကျနော်တို့ ကန့်ကွက်စာနဲ့ ပို့ထားတာက တော့ နောက်ဆက်တွဲတော့ သိပ်မရှိပါဘူး။ လုပ်ငန်းတွေကတော့ လောလောဆယ်တော့ ရပ်ထားပါတယ်။ သူတို့က ရပ် ထားပေးမယ်လို့ ပြောထားတယ်” ဟု ပြောဆိုသည်။
ယခုကဲ့သို့ နယ်ခြားကျောက်တိုင်များ အနီးရှိ နယ်စပ်မျဉ်းကြောင်း ဧရိယာများတွင် စည်းရိုးကာရံမှုများ ပြုလုပ်ရခြင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ရန်ဖြစ်ပြီး နှစ်နိုင်ငံအတွင်းသို့ တရားမဝင် ဖြတ်သန်း ဝင်ရောက်မှုများ မပြုလုပ်နိုင်စေရန် ဆိုသည့် အကြောင်းပြချက်ဖြင့် တရုတ်ဘက်မှ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံ နယ်စပ်မျဉ်းတွင် ခြံစည်းရိုးကာရံသည့် လုပ်ငန်းများကို ပြုလုပ်မည်ဆိုပါက တဖက်သို့ ကြိုတင် အကြောင်းကြားပြီး ညှိနှိုင်းမှုများ ပြေလည်မှသာ လုပ်ဆောင်သင့်ကြောင်း၊ အင်းအားကြီး နိုင်ငံဖြစ်သောကြောင့် တဖက်နိုင်ငံကို လေးစာမှု မရှိ ဘဲ မိမိတို့ သဘောတခုတည်းဖြင့်သာ လုပ်ဆောင်သည့် လုပ်ရပ်များကို လက်မခံနိုင်ကြောင်း အမည်မဖော်လိုသော လောက်ကိုင် ဒေသခံတဦးက ပြောသည်။
“ဒါက ကျူးကျော်တဲ့ သဘောပေါ့။ ဒီအိမ်ရှင်တောင်မှ အသိမပေးဘဲနဲ့ သူတို့သဘောနဲ့သူတို့ ခတ်တယ် ဆိုတော့ ဒါက မကောင်းဘူး။ ဘယ်သူမှလည်း မကြိုက်ဘူး။ ဒီလို လုပ်ရပ်မျိုးကို ရှုတ်ချတယ်” ဟု ၎င်းက ဆိုသည်။
တရုတ်နိုင်ငံမှာ ကမာ္ဘ့အင်အားကြီး နိုင်ငံတခုဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ အင်အားသေးငယ်သည့် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်နေသော ကြောင့် အင်အားချင်း ကွာခြားသည့် သဘောရှိပြီး နှစ်နိုင်ငံ နယ်စပ်ပြဿနာများတွင် တရုတ်၏ အိမ်နီးချင်းကောင်း မပီသ သည့် လုပ်ရပ်မျိုးကို တွေ့ရကြောင်း ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေး က သုံးသပ်သည်။
၎င်းက “အိမ်နီးချင်းကောင်း မပီသတာပေါ့။ ကျနော်တို့ နိုင်ငံက အဘက်ဘက်က အားနည်းနေတဲ့အခါကျတော့ အမြဲတမ်း အဲဒီလိုပဲ သူတို့ရဲ့ အနိုင်ကျင့်တဲ့ သဘောမျိုး တွေ့ရတယ်။ ဒီလိုမျိုး ပြဿနာတွေက နှစ်နိုင်ငံ ချစ်ကြည်ရေး ရင်းနှီးမှုနဲ့ ပထဝီ နိုင်ငံရေး ဆက်ဆံရေး ပြေလည်မှသာလျှင် ဒါတွေက ပြေလည်မယ်လို့ မြင်တယ်” ဟု ပြောသည်။
၂၀၁၈ ခုနှစ်ခန့်မှ စတင်က မြန်မာ-တရုတ် နှစ်နိုင်ငံကြား အလံတိုင် စိုက်ခြင်း၊ ခြံစည်းရိုးများ ကာရံခြင်း စသည့် ၂ နိုင်ငံ နယ်နိမိတ်ပြဿနာများ မကြာခဏဆိုသလို ပေါ်ပေါက်ခဲ့ပြီး ၂ နိုင်ငံအစိုးရများက ပြေလည်အောင် ညှိနှိုင်း ဖြေရှင်းနေရ သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလလည်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ အမှတ်(၂) ရပ်ကွက် နယ်နိမိတ် ကျောက်တိုင် အမှတ် BP- 144/3 နှင့် BP-144/4 ကြား ခန့်မှန်း မြေပုံညွှန်း (MF-824965) ရှိ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းမှ (၄.၇) မီတာခန့် အကွာတွင် စိုက်ထူထားသော မြန်မာနိုင်ငံ အလံတိုင်နေရာသို့ တရုတ်နယ်ခြားစောင့် တပ်မှ ဝင်ရောက် ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့သေးသည်။
မြန်မာနိုင်ငံနှင့် တရုတ် နိုင်ငံထိစပ်သည့် နှစ်နိုင်ငံ နယ်နိမိတ်သည် မိုင်ပေါင်း ၁၃၇၀ ခန့် ရှိပြီး မြန်မာ-တရုတ်နယ်နိမိတ် ပြသနာဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလ ၂၈ရက်နေ့ ပီကင်းမြို့ (ယခု ဘေဂျင်းမြို့)တွင် အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းတို့က စတင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ပြီး၊ နယ်နိမိတ်စာချုပ်ကို ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အာဏာကုန် လွှဲအပ်ခံရသည့် ကိုယ်စားလှယ် ဝန်ကြီးချုပ် ဦးနုနှင့် တရုတ်ပြည်သူ့ သမတနိုင်ငံ အာဏာကုန်လွှဲအပ်ခံရသည့် ဝန်ကြီးချုပ် ချူအင်လိုင်းတို့မှ ၁၉၆၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ပီကင်းမြို့တွင် အတည်ပြုချုပ်ဆိုခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံ နယ်နိမိတ် အငြင်းပွားမှုများ ဖြစ်ပေါ်ပါက ဖြေရှင်းနိုင်ရေးအတွက် မြန်မာ-တရုတ် နယ်စပ်ဒေသများ စီမံခန့် ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူ စာချုပ်ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ် ရေးထိုးထားခဲ့ကြောင်း သိရ သည်။
ထို သဘောတူစာချုပ်ပါ အခြေအနေများ အပါအဝင် လက်ရှိ မြန်မာ- တရုတ် နယ်စပ် အငြင်းပွားမှုများ ဖြေရှင်းနိုင်ရေး အတွက် ဆောင်ရွက်မည့် ကိစ္စများကို တရုတ်နိုင်ငံနှင့် ဆက်လက် ဆွေးနွေးနေသလို နယ်စပ် အငြင်းပွားမှုများ ထပ်မံ မဖြစ် ပေါ်လာရေးအတွက် ပူးတွဲ ရည်မှန်းချက်တခုကို ဖော်ဆောင်ရန်လည်း မြန်မာအစိုးရက ကြိုးပမ်းလျက်ရှိသည်။
You may also like these stories:
မြန်မာအလံ တရုတ်တို့ ဖြုတ်ချခဲ့မှု ၂ နိုင်ငံ ဆက်ဆံရေး ထိခိုက်၍ နယ်နိမိတ်ပြန်သတ်မှတ်မည်
မြန်မာအလံ ဖြုတ်ချခံခဲ့ရသည့် ချင်းရွှေဟော်တွင် နယ်နမိတ် ပြန်တိုင်းဖို့ တရုတ်နှင့် သဘောတူညီမှု ရ
တရုတ် နယ်စပ် စီးပွားရေးဇုန် စီမံကိန်း ပွင့်လင်းမြင်သာမှု အားနည်းဟု ဝေဖန်ခံရ
၂၀၂၀ ထဲက တရုတ်နိုင်ငံရဲ့ ခြေလှမ်းတွေက ဘာလဲ ဘယ်လဲ