နိုင်ငံရေး ပွတ်တိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရခိုင်ပြည်နယ်လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်များက ၎င်း တို့ တင်သွင်းသည့် အရေးကြီးအဆိုများနှင့် ပတ်သက်၍ ပြည်နယ်အစိုးရက အကောင်အထည်ဖော်ရာတွင် အားနည်းခဲ့ ကြောင်း ထောက်ပြဝေဖန်မှုများ လွှတ်တော်သက်တမ်း ကုန်ဆုံးခါနီး အချိန်တွင် ထွက်ပေါ်လျှက်သည်။
လက်ရှိ အစိုးရသက်တမ်း မကုန်ဆုံးမီ လွှတ်တော်၌ အတည်ပြုထားသည့် မေးခွန်းနှင့်အဆိုများကို ပြည်နယ် အစိုးရ အနေဖြင့် အမြန် အကောင်အထည်ဖော်ရန် နိုဝင်ဘာ ၁၇ ရက်က ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ဘူးသီး တောင်မြို့နယ် မဲဆန္ဒ နယ် အမှတ် ၁ မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က အဆိုတင်သွင်းရာ နိုဝင်ဘာ ၂၀ရက် တွင် ကန့်ကွက်သူ မရှိ အတည်ပြုခဲ့ သည်။
အဆိုတင်သွင်းသူ ဦးဇော်မြင့် တဦးတည်းကပင် ယခု လွှတ်တော်သက်တမ်းအတွင်း အဆို ၁၂ ခုနှင့် မေးခွန်းပေါင်း ၁၈ခု တင်ခဲ့ကြောင်း၊ အစိုးရအနေဖြင့် နှစ်ခုကိုသာ အကောင်အထည်ဖော်ပေးကြောင်း သိရသည်။
“ပြည်နယ်အစိုးရအနေနဲ့ ဘောင်ထဲက လုပ်လို့မရတဲ့ သတ်မှတ်ချက်တွေလည်း ရှိကောင်းရှိမယ်။ ဒါပေမယ့် ပြည်နယ် အစိုးရအနေနဲ့ ပြည်ထောင်စုအစိုးရကို တကယ့်စေတနာနဲ့ ဌာနဆိုင်ရာတွေကို သေချာ ရှင်းလင်းတင်ပြမယ်ဆိုရင် ဖြစ်လာ နိုင်တဲ့ စီမံကိန်းတွေ အကြောင်းအရာတွေ အများကြီးရှိတယ်။ အဲဒါကို အကောင်အထည် ဖော်ဆောင်ရွက်မှုက အရမ်း အားနည်းခဲ့တယ်” ဟု ၎င်းက ထောက်ပြသည်။
ရခိုင်လွှတ်တော် စာရင်းဇယားများအရ ၂၀၁၆ မှ ၂၀၂၀ နိုဝင်ဘာ ၂၃ ရက် အထိ လွှတ်တော် ကိုယ်စားလှယ် အသီးသီး တို့က လွှတ်တော် ပုံမှန်၊ အထူး၊ အရေးပေါ် စသည့် အစည်းအဝေးများ၌ ကြယ်ပွင့်ပြ မေးခွန်းပေါင်း ၈၁၇ ခု၊ ကြယ်ပွင့်မပြ မေးခွန်း ၄၀၅ နှင့် အဆိုပေါင်း ၇၂ ခုထဲမှ ၆၆ ခု အတည်ပြုထားပြီး၊ မှတ်တမ်းအဖြစ်ထားသည့် အဆို ၇ ခု အထိ ရှိကြောင်း သိရသည်။
အတည်ပြုအဆို ၆၆ ခုတွင် ၃၀ ကျော်ကို လုပ်ဆောင်ထားသော်လည်း တချို့အဆိုများမှာ လုပ်ဆောင်မှု မပြီးပြတ်သေး ကြောင်း၊ ကျန်အဆို ၃၀ ကျော်တို့ကို အစိုရဘက်မှ လုံးဝ မလုပ်ဆောင်ခဲ့ကြောင်း လွှတ်တော် စာရင်းဇယားများ မှသိရ သည်
ပြည်နယ် အစိုးရက လုပ်ဆောင်ပေးနိုင်ခဲ့သည့် အဆိုများမှာ စစ်ဘေးရှောင်အရေး အကူအညီပေးရေးအဆို၊ ရခိုင်တောင်သူ များ အတွက် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) မြန်ဆန်နိုင်ရေးအဆို၊ မြောက်ဦးရှေးဟောင်းဇုန်ကို ကမာ္ဘ့အမွေအနှစ် ယူနက်စကို ဝင်နိုင်ရေးအဆိုနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွင်း ဒေသခံ တောင်သူများ ထိခိုက်နစ်နာစေမှု မရှိစေရေး စသည့်အဆိုတို့ကို ဖြစ်သည်။
ပြည်နယ်အစိုးရ မလုပ်ဆောင်နိုင်ခဲ့သော အဆိုများမှာ မြောက်ဦးလေယာဉ်ကွင်း ကိစ္စ၊ ပုဏ္ဏားကျွန်းစက်မှုဇုန် အကောင် အထည်ဖော်ဆောင်ရေးအဆို၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောဒေသမှ ဒေသခံတိုင်းရင်းသား မျိုးနွယ်စု ကျေးရွာ များ ပြန်လည်ထူထောင်ရေးတို့အပြင် ရခိုင်စစ်ရေးပဋိပက္ခများနှင့် ဆက်စပ်သည့် နှစ်ဘက်တိုက်ပွဲများ အမြန်ဆုံး ရပ်တန့် ပေးရေး အဆို၊ ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီ ပရဝုဏ်အတွင်း လက်နက်ကြီးများမပစ်ခတ်ရန်အဆို၊ တိုက်ပွဲများ အတွင်း အရပ်သားပြည်သူများ ထိခိုက်မှု မဖြစ်စေရေး စသည့်အဆိုတို့ဖြစ်ကြသည်။
ပြည်နယ်အစိုးရအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စစ်ရေးပဋိပက္ခနှင့် ဆက်နွယ်နေသည့် အဆိုများကို ဆောင်ရွက်ပေးရန် ခက်ခဲကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က ဧရာဝတီသို့ ပြောသည်။
“အဆိုတွေ၊ မေးခွန်းတင်တဲ့ အထဲမှာ ခွဲခြမ်းစိတ်ဖြာဖို့တော့ လိုမယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ဒါက ပြည်နယ်အစိုးရကို လုပ်ပိုင် ခွင့်ပေးထားတာလား။ ပြည်ထောင်စု အစိုးရကို လုပ်ပိုင်ခွင့်ပေးထားတာလားဆိုတာမျိုးလည်း ရှိသေးတာကိုး။ ကျနော်တို့ ကတော့ လုပ်ပေးလို့ရတဲ့ ဟာတွေကို လုပ်ပေးထားတယ်”ဟု သူကဆိုသည်။
သို့သော် USDP ပါတီမှ ဦးဇော်ဇော်မြင့်ကမူ အရေးကြီးအဆိုများထဲတွင် ဘူးသီးတောင်၊ မောင်တောဒေသရှိ တိုင်းရင်းသား များ အလုပ်အကိုင် အခွင့်အလမ်း ရရှိရန် အစီအမံများ၊ မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ လုံခြုံစိတ်ချရသော နယ်စပ် ခြံ စည်းရိုး ကိစ္စအပြင်၊ ကျောက်ဖြူမြို့ အတွင်း အဏ္ဏဝါဗေဒ (Marine Biology)နှင့် ပတ်သက်သည့် တက္ကသိုလ်တခု ဖွင့်လှစ် ရန် စသည့် အဆိုများကို မလုပ်ပေးခဲ့ကြောင်းလည်း ဦးဇော်ဇော်မြင့်က ဆိုသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ရခိုင်အမျိုးသားပါတီမှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင်ကလည်း ပြည်နယ် အစိုးရအနေဖြင့် ပြည်သူ့ကိုယ်စားပြု အဆိုများကို လုပ်ဆောင်မှု အားနည်းခဲ့ ကြောင်း ထောက်ပြသည်။
“ပုဏ္ဏားကျွန်း စက်မှုဇုန် အကောင်အထည်ဖော်ရေးအတွက် ကျနော် အဆိုုတင်သွင်းခဲ့တယ်။ အဲဒီမှာလည်း အစိုးရအဖွဲ့က ၁ နှစ်အတွင်း အမြန်ဆုံး အကောင်အထည်ဖော်မယ် ဆိုပြီးတော့ အစိုးရအဖွဲ့က ကတိကဝတ် ပြုခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ အထိ အကောင်အထည် မပေါ်သေးပါ။ အစိုးရက နောက်ဆုံး အကြောင်းပြန်တာက နယ်မြေ လုံခြုံမှုမရှိတဲ့ အတွက် ဒီ စက်မှုဇုန်ကိစ္စကို အကောင်အထည် မဖော်နိုင်ဘူးဆိုပြီးတော့ ရှင်းလင်းတယ်” ဟုဆိုသည်။
ယင်းအဆိုမှာ အစိုးရသက်တမ်းအစတုန်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ထိုအချိန်၌ စစ်ရေးပဋိပက္ခများလည်း မရှိသေးကြောင်း ဦးအောင်သန်းတင်က ဆိုသည်။
ဆက်လက်ပြီး ၎င်းက “ဒီစက်မှုဇုန်အကောင်အထည်ဖော်ဖို့ အတွက် ပထမအကြိမ် အစိုးရလက်ထက်က မြေနေရာတွေ လုပ်ထားပြီးပြီ။ စက်မှုဇုန်အတွက် ကျောက်ဖြူအများပိုင်ကုမ္ပဏီကို တင်ဒါလည်းပေးပြီးပြီ။ ကုမ္ပဏီကလည်း အစိုးရ အပေါ် မှာ စာရင်ဇယားတွေလည်း အကုန်လုံး သွင်းထားခဲ့ပေမယ့် ဒါကိုဖျက်လိုက်တယ်။ နယ်မြေလုံခြုံရေးကြောင့် တင်ဒါ မခေါ်တာ မဟုတ်ဘဲ။ မလုပ်နိုင်ခဲ့တာဖြစ်တယ် ” ဟုဆိုသည်။
သို့သော် ပုဏ္ဏားကျွန်းစက်မှုဇုန် စီမံကိန်းကို ပတ်သက်၍ တင်ဒါအောင်သည့် ကုမ္ပဏီက နောက်ဆုတ်ခဲ့သည့်အပြင် နောက်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် အကောင်အထည် မဖော်နိုင်ခြင်း ဖြစ်ကြောင်း ပြည်နယ်အစိုးရ ဆိုသည်။
ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က “ စီမံကိန်းလုပ်ဆောင်ဖို့ လျှောက်လွှာလာတင်ပြီး သူတို့ အချင်း ချင်း ကွဲတော့ ဒီ အစီစဉ်ပျက်သွားတယ်။ နောက်ပိုင်း ရင်းနှီးမြှုပ်နှံမယ့်သူ လိုက်ရှာတဲ့အခါ နောက်တဖွဲ့ လာ တင်သေး တယ်။ ပြင်ဆင်နေချိန်မှာ သူတို့အဖွဲ့က ထပ်ကွဲတယ်။ အလုပ်မဖြစ်တဲ့ အခါ နည်းနည်းကြာ သွားပြီးတော့ နောက်ပိုင်း စစ်ပွဲတွေ ဖြစ်လာတဲ့ အခါစိတ်ဝင်စားသူတွေလည်း နည်းပါးသွားသလို ကျွန်တော်တို့ဘက်ကလည်း အကောင်အထည် ဖော်ဆောင်ပေးရမယ့် အပိုင်းမှာ အခက်အခဲတွေနဲ့ တွေ့ခဲ့ရတယ်” ဟု ပုဏ္ဏားကျွန်းစက်မှုဇုန် စီမံကိန်းနှင့် စပ်လျဉ်း၍ ဧရာဝတီသို့ ပြောသည်။
သို့သော် ဦးအောင်သန်းတင် ဆွေးနွေးချက်ထဲတွင် လွှတ်တော်မှ အတည်ပြုပြီးသားဖြစ်သော ရခိုင်ပြည်နယ်အတွင်း အခွန်ငွေအပိုရရှိရန် ဘေးတွဲဆိုင်ကယ် အမြန်ဆုံး ပြေးဆွဲနိုင်ရေးအတွက် စည်ပင်သာယာရေး ဥပဒေတခု ရေးဆွဲရန် အဆို နှင့် ယိုးတရုပ်ကျေးရွာကို မြို့အဖြစ် မသတ်မှတ်နိုင်ခြင်း စသည့်အဆိုများလည်း အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း လည်း ပါဝင်သည်ကို တွေ့ရသည်။
အစိုးရအဖွဲ့တာဝန်ရှိသူ ၁ ဦးကမူ ရခိုင်အစိုးရအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းနှင့် အဆိုများကို အလေးထား ဆောင်ရွက်ခဲ့ကြောင်းနှင့် လက်ရှိအစိုးရသက်တမ်းတွင် ရခိုင်မြောက်ပိုင်း မောင်တောမြို့မှ တောင်ပိုင်း ဂွမြို့နယ်အထိ ဖွံ့ဖြိုးရေး အဆောက်အဦများ လျင်မြန်စွာ တိုးတက်ခဲ့ကြောင်းနှင့် ကျန်ရှိသည့် အဆိုမေးခွန်း တို့ကိုလည်း သက်တမ်းမကုန်ခင် တတ်နိုင်သလောက် ကြိုးစား လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၀ ရက်လွှတ်တော်တွင် ဖြေကြားခဲ့သည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္ထုတွင်းဝန်ကြီး ဦးကျော်လွင်က “ ရခိုင်ပြည်နယ် လွှတ်တော်က တိုက်တွန်းတဲ့ မေးခွန်းတွေ၊ အဆိုတွေကို ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီး အလေး ထား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ပြည်နယ်အစိုးရအဖွဲ့မှ တဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်း အဆိုတွေကိုလည်း လျင်မြန်စွာတင်ပြနိုင်ခဲ့ကြပါတယ်။ အကောင်အထည်ဖော်လို့ ရတဲ့ ကိစ္စရပ်များကိုလည်း ဝမ်းသာ အားရနဲ့ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအထိ ညွှန်ကြား ဆောင်ရွက်နေ ပါတယ်။ အခုဟာလည်း အစိုးရအဖွဲ့အနေနဲ့ ပွတ်တိုက်မှုလို့ မယူဆဘဲ အကောင်းဖက်ကို တွန်းအားပေးတယ်လို့ ခံယူ ပါတယ် ” ဟု ဆိုသည်။
ထို့အတူ ယခုတင်သွင်းခဲ့သော အဆိုကိုလည်း အစိုးရအနေဖြင့် လွှတ်တော်အတွင်း အစိုးရနှင့် လွှတ်တော်ပွတ်တိုက်မှုဟု မယူဆဘဲ အကောင်းဘက်ကို ပူးပေါင်းလုပ်ဆောင်ရန် တွန်းအားပေးခြင်းဟုသာ ခံယူကြောင်း ဦးကျော်လွင်က ပြောဆို ခဲ့သည်။
နိုင်ငံရေးလေ့လာသုံးသပ်သူတို့ကမူ လက်ရှိ ရခိုင်လွှတ်တွင် ရခိုင်ပါတီအများစုမှ ကိုယ်စားလှယ်များဖြစ်နေခြင်းနှင့် အစိုးရဘက်တွင် NLD ဖြစ်နေခြင်းကြောင့် ၎င်းတို့ ကြားတွင် မတူညီသော အတိုက်အခံ စဉ်းစားမှုတို့နောက်တွင် ပွတ်တိုက်မှုဖြစ်နေရခြင်းဟု ပြောဆိုကြသည်။
“ အဓိက အစိုးရအဖွဲ့နဲ့ ရခိုင်လွှတ်တော်ကြားထဲမှာက ရခိုင်ပါတီအများစုက ကိုယ်စားလှယ်တွေက အနိုင်ရထားတယ်။ NLD က အစိုးရဖြစ်နေတယ်။ ဒီကြားထဲမှာ မတူညီတဲ့ စဉ်းစားမှုနဲ့ လုပ်ဆောင်မှုတွေရှိတာပေါ့။ တဘက်ကလည်း NLD ကို ကိုယ်စားပြုတဲ့ အစိုးရဖြစ်တာနဲ့ လွှတ်တော်ကလည်း ANP ပါတီအများစု အနိုင်ရထားတော့ သူ့ပါတီရဲ့ ပေါ်လစီအတိုင်း သွားတဲ့ ကြားထဲမှာ ပွတ်တိုက်မှုဆိုဆို အပြန်အလှန်ထိန်းကျောင်းမှုလို့လည်း ပြောလို့ရတယ်။ ဒါပေမယ့် အစိုးရနေရာ ကတော့ ပုံမှန်အတိုင်းဆိုရင် လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို နာခံရမှာဖြစ်တယ်” ဟု သုံးသပ်သည်။
ယင်းအပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်အစိုးရကို သမ္မတက တိုက်ရိုက်ခန့်အပ်ထားသည့်အတွက် ပြည်နယ်လွှတ်တော်အကြားတွင် အစိုးရလုပ်ဆောင်ရမှုမှာ အကန့်အသတ်များလည်းရှိနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ဆက်လက်ပြီး ဦးမောင်မောင်စိုးက “ ပြည်ထောင်စု လွှတ်တော်က ပြည်ထောင်စုအစိုးရအဖွဲ့ကို တိုက်ရိုက်တင်မြှောက်တာ။ ပြည်နယ်လွှတ်တော်က ပြည်နယ်အစိုးရကို တင်မြှောက်တာမဟုတ်ဘူး။ သမ္မတက တိုက်ရိုက်ခန့်တဲ့ အစိုးရဖြစ်တဲ့ အတွက်ကြောင့် ပြည်နယ် အစိုးရသည် ပြည်နယ်လွှတ်တော်ကို အာမခံဘူး။ အဲဒီဟာမျိုးမှာ ပွတ်တိုက်မှု၊ အမြင်မတူ ကွဲလွဲမှုတွေရှိပါမယ် ” ဟု ဆိုသည်။
လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်း၊ မေးမြန်းသည့် အဆိုများမှာ ရခိုင်ပြည်နယ်အတွင်း အလွန် အရေးကြီး သည့် အခြေခံအဆောက်အဦ၊ လယ်ယာ၊ သားငါးကဏ္ဍ၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအပါဝင် စစ်ရေးပဋိပက္ခစသည့် မေးခွန်းအဆိုတို့မှာ ပြည်သူများအတွက် အလွန်အရေးကြီးသည့် အတွက် အစိုးရအနေဖြင့် ဆောင်ရွက်မှုအားနည်းခြင်း ကတိကဝတ်များ ပျက်ပြားခြင်းလည်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်နေကြခြင်းဖြစ်သည်ဟု သိရသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် AA တပ်ဖွဲ့ဝင်များသည် ၂၀၁၅ ခုနှစ်မှ စတင်ကာ အခြေချလာပြီးနောက် တိုက်ပွဲများ ကြိုးကြားဖြစ်ပွားခဲ့သော်လည်း ၂၀၁၈ ခုနှစ် နိုဝင်ဘာလကစပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းတကြောတွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲတို့ အပြင်းထန်ဆုံး ဆက်တိုက် ဖြစ်ပွားခဲ့သည်မှာ ၂ နှစ်ကျော်အထိ အချိန်ကြာမြင့်လာနေသည်။
ယင်းတိုက်ပွဲများ၏ အကျိုးဆက်အဖြစ် ဒေသခံများမှာ နေရပ်တိမ်းရှောင်ထွက်ပြေးနေကြရပြီး လက်ရှိတွင် စစ်ဘေးရှောင် ဦးရေ နှစ်သိန်း သုံးသောင်းကျော်အထိ ရှိလာနေသည်။
ထို့အပြင် ပြီးခဲ့သော ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက် နေ့ ညအချိန်က ARSA အကြမ်းဖက်အဖွဲ့က ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ မြို့နယ် အတွင်းရှိ နယ်ခြားစောင့် ရဲစခန်းမှ ၃၀ ကျော်နှင့် တပ်မတော် တပ်ရင်းတခုကို တပြိုက်နက် ဝင်ရောက်စီး နင်း တိုက်ခိုက်ကြသည်။
ထိုအကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ သေဆုံးခဲ့သလို ဒေသခံ ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက်၊ မရမာကြီး အပါ အဝင် ဟိန္ဒူဘာသာဝင်များ သေဆုံးမှုနှင့် ဒေသခံ တိုင်းရင်းသား သောင်းနှင့်ချီ နီးစပ်ရာမြို့ကြီးများသို့ ထွက်ပြေးတိမ်း ရှောင် ခဲ့ရသလို အခြားတဖက်တွင် သိန်းချီသော မွတ်စလင် ကျေးရွာသားများတို့မှာလည်း နေရပ်စွန့်ခွာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သို့ ဝင်ရောက်ခို လှုံနေရသည်။
You may also like these stories:
ရခိုင်တွင် စစ်ပွဲများ ရပ်တန့်နေ၍ စစ်ဘေးရှောင်အချို့ နေရပ်ပြန်
အစိုးရသက်တမ်းမကုန်မီ အတည်ပြုအဆိုများ လုပ်ဆောင်ရန် ရခိုင်လွှတ်တော်၌ အဆိုတင်