ကိုဗစ်စစ်ဆေးမှုများကို ထိထိရောက်ရောက်ရှိနိုင်ရန်အတွက် ရပ်ရွာအောက်ခြေအထိ တိုးချဲ့ စစ်ဆေးမှုများ ပြုလုပ်သွားရန် စီစဉ်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထံမှ သိရသည်။
ကိုဗစ် – ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိ နှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက “တလမ်းချင်း၊ တလမ်းချင်းမှာ ကိုဗစ်ကို ကာကွယ်ထိန်းချုပ် ကုသမှုမှာ ပါဝင်တဲ့သူ ရှိရပါမယ်။ တရပ်ကွက်ချင်းဆီမှာ ရှိရပါမယ်။ တမြို့နယ်ချင်းစီမှာ ရှိရပါမယ်။ အဲဒီကနေပြီးတော့ ရှာဖွေမယ်ဆိုရင် ကျနော်တို့ တွေ့ရှိမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဒေါက်တာဇော်ဝေစိုးက “ယခုအခါမှာ ဒေသအလိုက် ဒါကိုတာဝန်ယူနိုင်အောင်၊ ပုဂ္ဂလိက အခန်းကဏ္ဍကနေ ပါဝင်နိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ သို့မှသာ များများစစ်ပြီး များများတွေ့ပြီး သီးခြားပြုစု စောင့်ရှောက်နိုင်ရင် မြန်မြန်ကျဆင်းလာမှာ ဖြစ်ပါတယ်။ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်” ဟု ဆက်ပြောသည်။
ရောဂါကာကွယ် ထိန်းချုပ်ရေးတွင် ပိုမို လျင်မြန်သွက်လက်လာရန်အတွက် ပြည်သူလူထုအချင်းချင်း ပြန်လည်စောင့်ရှောက်နိုင်သည့် အဆိုပါစနစ်ကို အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကလည်း ပြောသည်။
၎င်းက “ဒါဟာ တဦးတယောက်တည်း လုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ အများနဲ့ စုပေါင်းပြီး တော့ လုပ်ရတာ။ အများပါဝင်လေ အောင်မြင်လေ ထိရောက်လေ ဖြစ်တဲ့ အတွက်ကြောင့် ပြည်သူလူထုပါ ပါဝင်တဲ့ စနစ်ကြီးကို စပြီးတော့ အကောင်အထည်ဖော်ဖို့ အတွက်ဆောင်ရွက်တာ ဖြစ်ပါတယ်”ဟု ပြောသည်။
လက်ရှိတွင် ဓာတ်ခွဲစမ်းသပ်မှုများကိုလည်း တိုးချဲ့လျက်ရှိရာ GeneXpert နှင့် စစ်ဆေးသည့် ဆေးရုံ ၂၇ ရုံမှ ၂၉ ရုံအထိ ရှိလာပြီဖြစ်ပြီး ဆေးတက္ကသိုလ်များရှိ ဓာတ်ခွဲခန်းများတွင် စစ်ဆေးရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံမှ သိရသည်။
ရောဂါဖြစ်ပွားမှုနည်းသည့် တိုင်းနှင့်ပြည်နယ်များတွင်လည်း မြို့နယ်အဆင့်အထိ ရောဂါ ဖြစ်ပွားမှု ရှိ၊ မရှိကိုလည်း စစ်တမ်းများ ကောက်ယူသွားမည့်အပြင် နှာခေါင်းတို့ဖတ်စစ်ဆေးခြင်း၊ Antibody စစ်ဆေးခြင်းများလည်း ပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်ထားမှုများ ရှိကြောင်း သိရသည်။
နေ့စဉ် ကိုဗစ် ဓာတ်ခွဲစစ်ဆေးမှု ၁၀,၀၀၀ ကျော်ရှိနေရာမှ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ၂၁,၅၈၅ အထိအမြင့်ဆုံး စစ်ဆေးမှုသို့ ရောက်ရှိခဲ့ပြီး မတ်လ ၂၃ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက်အထိ စစ်ဆေးမှု ၁,၀၅၉,၀၃၅ ခု အထိ ရှိနေပြီဖြစ်သည်။
မတ်လ၂၃ ရက်မှ နိုဝင်ဘာလ ၂၄ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၈၂,၂၃၆ ဦး ရှိနေပြီ ဖြစ်ကာ သေဆုံးသူ ၁,၇၈၄ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၆၀,၉၆၅ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ကိုဗစ်ကုသရေး ကျန်းမာရေးဝန်ထမ်းအင်အား ထပ်မံ ဖြည့်တင်းမည်
နိုင်ငံအားလုံး ကိုဗစ်ကာကွယ်ဆေး လက်လှမ်းမီစေရန် G-20 ကတိပြု
မြန်မာနိုင်ငံတွင် ၈ လအတွင်း ကိုဗစ်အတည်ပြုလူနာ ၈၀၀၀၀ ကျော် ရှိလာ