သတင်း

တရားမဝင် ကိုဗစ်ဆေးစစ်မှုများ တွေ့ရှိက ဆေးရုံဆေးခန်း ပိတ်သိမ်းမည်

ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ တရားဝင်ခွင့် ပြုချက်မရှိဘဲ Antigen နှင့် Antibody စစ်ဆေးမှုများ ပြုလုပ်ပါက ဆေးရုံဆေးခန်း ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ခရီးသွားရန်အပါအဝင် အကြောင်းအမျိုးမျိုးဖြင့် Antigen (ပဋိပစ္စည်းထွက်ရန် လှုံ့ဆော်ပေးသည့် ပစ္စည်း)၊ Antibody (ပဋိပစ္စည်း) စစ်ခြင်းများကို မြင်တွေ့နေရပြီး အဆိုပါ စစ်ဆေးမှုများသည် လုံးဝ တရားမဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။

၎င်းက “ဒီရက်ပိုင်းအတွင်းမှာ ကျမတို့ ကြားတာက တချို့တွေက ဓာတ်ခွဲခန်းသုံး ပစ္စည်း Antigen စစ်တာ Antibody စစ်တာတို့၊ ဒါတွေကို ရောင်းတာ၊ ဝယ်နေတာ၊ တချို့ဆေးခန်းတွေ တချို့လူတွေကလည်း ဒါတွေကို စစ်လို့ရတယ် စသဖြင့် ဒါမျိုးတွေက လုံးဝ တရားမဝင်ပါဘူး။ ဒါကိုလုံးဝ မယုံကြည်ပါနဲ့” ဟု ဆိုသည်။

ဆက်လက်ပြီး ဒေါက်တာခင်ခင်ကြီးက “ပြင်ပဆေးခန်းတွေ စစ်လို့ရလားဆိုရင် အခုထက်ထိ ပြင်ပဆေးခန်းတွေမှာ Antigen Test တွေ ရောင်းဝယ်တာ ခွင့်မပြုပါဘူး၊ သုံးစွဲတာ ခွင့်မပြုပါဘူး။ ဆေးခန်း၊ ဆေးရုံ ပိတ်သိမ်းခံရမှာ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်ဆိုရင်လည်း အရေးယူခံရမှာ ဖြစ်ပါတယ်” ဟု သတိပေးသည်။

ကိုဗစ် စစ်ဆေးမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး ကိုဗစ်ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် ရလဒ်များကိုသာ လက်ခံမည်ဖြစ်ပြီး ပြင်ပတွင် စစ်ဆေးမှု ပြုလုပ်ပြီး ခရီးသွားလာခြင်းများကို လုံးဝခွင့်မပြုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ဒေါက်တာခင်ခင်ကြီးက “ဒီလိုပြင်ပကနေ စစ်ခဲ့ပြီးတော့ ခရီးသွားလို့ရလားဆိုတော့ လုံးဝမရပါဘူး။ လုံးဝ ခွင့်မပြုပါဘူး။ စစ်တယ်ဆိုတာမှာလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး ကိုဗစ်ကော်မတီကနေ ကြီးကြပ်မှုနဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ စစ်ဆေးတဲ့ ရလဒ်ကိုသာ လက်ခံမှာ ဖြစ်ပါတယ်။ မည်သည့်ဆေးခန်း၊ မည်သူကပဲ စစ်စစ် စစ်ပြီးသားစာရွက်ဆိုလည်း လုံးဝလက်မခံပါဘူး” ဟု ဆိုသည်။

ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ကိုဗစ် စစ်ဆေးရန်အတွက် အသုံးပြုသည့် Antigen Test သည် တောင်ကိုရီးယားနိုင်ငံက ထုတ်လုပ်ထားပြီး WHO က အသိအမှတ်ပြုထားသည့်  တခုတည်းသော Antigen Test ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Antibody Test သည် ကိုဗစ်ရောဂါပိုးရှိ၊ မရှိ စစ်ဆေးရာတွင် အသုံးပြုခြင်း မဟုတ်ဘဲ လူ၏ ခုခံကာကွယ်နိုင်စွမ်းအား စစ်ဆေးခြင်း၊ ရောဂါကူးစက်ခံရသူ အနေဖြင့် မည်သည့် အခြေအနေထိ ရောဂါကူးစက်ခံထားမှုရှိ၊ မရှိနှင့် သွေးရည်ကြည်လှူသည့်အခါ Antibody မည်မျှ ရှိသည်ဆိုသည်ကို သိရှိရန် တိုင်းတာခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရ ဆေးရုံများအပြင် ပုဂ္ဂလိက ဆေးရုံများ၌ ကိုဗစ် လူနာများကို ကုသနိုင်ရန် အစီအစဉ်နှင့် ဆက်စပ်၍ ပုဂ္ဂလိက ဓာတ်ခွဲခန်းများတွင်လည်း ကိုဗစ်ရောဂါကို စစ်ဆေးနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီဌာန အနေဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိက ဆေးရုံများကို လျှောက်လွှာ ခေါ်ယူနေပြီဖြစ်သည်။

မတ်လ ၂၃ ရက်မှ နိုဝင်ဘာလ ၂၅ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၈၃,၅၆၆ ဦး ရှိနေပြီ ဖြစ်ကာ သေဆုံးသူ ၁,၈၁၀ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၆၃,၃၆၆ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like these stories:

မြန်မာနိုင်ငံတွင် ၈ လအတွင်း ကိုဗစ်အတည်ပြုလူနာ ၈၀၀၀၀ ကျော် ရှိလာ

ရန်ကုန်တိုင်း ရွေး/ကော်အဖွဲ့ဝင်များနှင့် မဲရုံတာဝန်ကျ ၈၀ ကျော် ကိုဗစ်ကူးစက်ခံရ

ကိုဗစ်စစ်ဆေးမှု အောက်ခြေအထိ တိုးချဲ့စစ်ဆေးမည်

Loading