ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ဂျပန်နိုင်ငံ ပါဝင်မည်
အရှေ့တောင်အာရှတွင် အကြီးဆုံး စီးပွားရေးဇုန် တခုဖြစ်လာမည့် ထားဝယ်အထူးစီးပွားရေးဇုန်၏ ပင်မစီမံကိန်းများဖြစ် သည့် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ဂျပန်နိုင်ငံအစိုးရက ပါဝင်လာတော့မည် ဖြစ်သည်။
ဂျပန်နိုင်ငံ၏ အဆိုပါ ထားဝယ် အထူးစီးပွားရေးဇုန်၏ ပင်မစီမံကိန်းများတွင် အစိုးရချင်း ပူးပေါင်းဆောင်ရွက်ရန် အဆိုပြု ကမ်းလှမ်းချက်ကို မြန်မာနိုင်ငံဘက်က လက်ခံလိုက်ပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၂၃ ရက်က ထုတ်ပြန်ထားသည်။
ထားဝယ် အထူးစီးပွားရေးဇုန်း၏ Master Plan ၊ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး အပါအဝင် စီမံကိန်းများ၌ ရင်းနှီး မြှုပ်နှံဆိုင်ရာ ကိစ္စရပ်များကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) ကဲ့သို့သော အဖွဲ့အစည်းများ က လေ့လာပြီး ပူးပေါင်းဆောင်ရွက်သည့် ပုံစံအဆင့်မှ ယခု၌ ဂျပန်နိုင်ငံဘက်က အစိုးရ အချင်း ချင်း (G to G) ဆွေးနွေး ရန် အဆင့်သို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာ တင်ထူးနိုင်က ဧရာဝတီသို့ ပြောသည်။
၎င်းက “သူတို့ကလေ့လာဆန်းစစ်မှုတွေ အများကြီး လုပ်ပြီးတော့မှ ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့ အောင်မြင်နိုင်တဲ့ အနေ အထားတို့ ရှေ့အလားအလာ ကောင်းတာတွေ ကြည့်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်လာတာပါ” ဟု ဆိုသည်။
လက်ရှိအချိန်တွင် ဂျပန်နိုင်ငံက အစိုးရအဆင့် ပါဝင်ပြီဖြစ်၍ ထားဝယ်အထူးစီးပွားရေးဇုန်အကောင် အထည်ဖော် ဆောင် ရွက်ရေး ကိစ္စရပ်များကို မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံကြား ပူးပေါင်းဆောင်ရွက်ကာ ဆက်လက် ဆွေးနွေးရမည်ဖြစ်ပြီး လတ်တလော၌ ဂျပန်နိုင်ငံဘက်မှ ပါဝင်ရင်းနှီးမြှုပ်နှံလိုသည့် စီမံကိန်းကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးထားခြင်း မရှိ သေးကြောင်း ဒေါက်တာ တင်ထူးနိုင်က ရှင်းပြသည်။
ထားဝယ် အထူးစီးပွားရေးဇုန်၏ ကနဦး စီမံကိန်း ၈ ခုကို ထိုင်းကုမ္ပဏီ အီတာလျံထိုင်းကုမ္ပဏီ တင်ဒါအောင်မြင်ထားပြီး ထို ကနဦး စီမံကိန်းများထဲမှ တခုဖြစ်သည့် ထိုင်း-မြန်မာနယ်စပ်အထိ ဖောက်လုပ်မည့် ထားဝယ်-ထီးခီး နှစ်လမ်းသွား ကား လမ်း စီမံကိန်းကိုသာ စတင် လုပ်ဆောင်လျက်ရှိသည်။
ကနဦး အဆင့် စီမံကိန်းထဲတွင် သဘာဝဓာတ်ငွေ့ရည် ဆိပ်ကမ်း စီမံကိန်း၊ လျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ဆိပ်ကမ်းငယ် စီမံကိန်းများ ပါဝင်သည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Ichiro Maruyama က “ကျနော်တို့ကလည်း အခု မြန်မာအစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ဆွေးနွေးနေပါတယ်။ ထားဝယ် အထူးစီးပွားရေးဇုန်ကတော့ နှစ်ခုရှိတယ်၊ ရေနက်ဆိပ်ကမ်းနဲ့ စီးပွားဇုန် တို့ ဖြစ်ပါတယ်။ အဲဒီနှစ်ခုစလုံးကို ဂျပန်အစိုးရ အနေနဲ့ ပုဂ္ဂလိကကဏ္ဍနဲ့ ပေါင်းပြီး မြန်မာအစိုးရနဲ့ လုပ်မယ်ဆိုတဲ့ ဆုံးဖြတ် ထားတာ အပြောင်းအလဲ မရှိပါဘူး” ဟု ဧရာဝတီ သတင်းဌာနနှင့် သီးသန့် အင်တာဗျူးတွင် ပြောသည်။

၎င်းက ဆက်လက်၍ “အခု ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်ပြီး အခုလေ့လာရေး လုပ်နေပါတယ်။ ပြီးရင် လေ့လာရေး ရလဒ် အပေါ် မူတည်ပြီး မြန်မာအစိုးရက သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ စကားပြောပြီး၊ ဘယ်လိုပုံစံမျိုးနဲ့ အကောင်အထည် ဖော်မလဲ။ ဥပမာ- ရေနက်ဆိပ်ကမ်းဆောက်မယ်ဆိုရင် ကျနော်တို့ ဂျပန်အစိုးရက ပိုက်ဆံ ODA တို့ အသုံးပြုမှာလား၊ တခြား Finance ကို အသုံးပြုမှာလား ဆိုတာတွေကို မြန်မာအစိုးရနဲ့ ဆွေးနွေးသွား ပါမယ်” ဟု ဆိုသည်။
ထားဝယ် အထူးစီးပွားရေးဇုန်သည် တနင်္သာရီတိုင်းတွင် တည်ဆောက်မည်ဖြစ်ပြီး အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာကို ဆက် သွယ်ပေးသည့် မဟာဗျူဟာမြောက် တည်နေရာ အနေအထားရှိကာ မဲခေါင်ဒေသနိုင်ငံများနှင့် ဂျပန် နိုင်ငံတို့ကြား အကောင်အထည်ဖော်နေသည့် အရှေ့အနောက် စီးပွားရေး စင်္ကြန် (East West Corridor) နှင့် တောင်ဘက်ခြမ်း စီးပွား ရေးစင်္ကြန် (Southern Economic Corridor) တို့နှင့်လည်း ချိတ်ဆက်နိုင်မည် ဖြစ်သည်။
အဆိုပါ အထူးစီးပွားရေးဇုန်ကို၂၀၀၈ ခုနှစ်ကတည်းက ထိုင်းကုမ္ပဏီ အီတာလျံ ထိုင်းကုမ္ပဏီကို လုပ်ပိုင်ခွင့် ပေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဘဏ္ဍာရေး အခက်အခဲကြောင့် စီမံကိန်း အကောင်အထည်ဖော်မှုကို ရပ်ဆိုင်းခဲ့ကာ ၂၀၁၅ ခုနှစ်တွင် ဂျပန်နိုင်ငံက ပါဝင်လာခဲ့ပြီး ဆွေးနွေးမှုများ ပြန်လည် စတင်ခဲ့ရာ၂၀၁၉ ခုနှစ်ရောက်မှ စီမံကိန်း ကို ပြန်လည် စတင် လာ နိုင်ခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာ တင်ထူးနိုင်က “ထားဝယ် အထူးစီးပွားရေးဇုန်က တည်နေရာ အနေအထားအရလည်း နည်းဗျူဟာ မြောက် တယ်။ အကျယ်အဝန်းကလည်း တကယ့်ကို ဒီနေရာမျိုး ဒီလို အကျယ်အဝန်းမျိုး ရဖို့ဆိုတာ တော်တော် ခဲယဉ်းတဲ့နေရာ ဖြစ်တဲ့အတွက် နိုင်ငံတကာက စိတ်ဝင်စားမှုက အများကြီးပါ။ လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဒေသနဲ့ဒေသခံ အကျိုး၊ နိုင်ငံရဲ့ စီးပွားရေးအကျိုးအတွက် ထိထိရောက်ရောက် အသုံးချနိုင်ဖို့အတွက်လည်း စဉ်းစားတယ်” ဟု ပြောဆိုသည်။
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် တည်ရှိပြီး ဒေသတွင်း နိုင်ငံများ ကြားတွင် အကြီးမားဆုံး စက်မှုဇုန်လာမည်ဖြစ်ကာ အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော် ကုန်ကျမည့် စီမံကိန်းကြီးလည်း ဖြစ်သည်။
ထိုအထူးစီးပွားရေးဇုန် စီမံကိန်းတွင် အဆင့်မြင့် နည်းပညာစက်မှုဇုန်များ၊ သတင်းအချက်အလက်နည်းပညာ စက်မှုဇုန် များ၊ ပို့ကုန် ထုတ်လုပ်ရေး စက်မှုဇုန်များ၊ ဆိပ်ကမ်း နယ်မြေဇုန်များ၊ သယ်ယူပို့ဆောင်ရေးဇုန်များ၊ ဝန်ဆောင်မှု လုပ်ငန်း ဇုန်များနှင့် အခြား အခြေခံအဆောက်အအုံ စီမံကိန်းများလည်း ပါဝင်မည် ဖြစ်သည်။
တနင်္သာရီ မိတ်ဆွေများအဖွဲ့ ဒါရိုက်တာ ဒေါ်နော်ပီသလော က “ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်တဲ့ အခြေအနေ တွေကို ဒီစီမံကိန်း ဧရိယာထဲမှာ ပါဝင်နေတဲ့ ဒေသခံတွေကို သတင်းအချက်အလက်တွေ အစိုးရ အနေနဲ့ သေချာပေးဖို့ လိုအပ်တယ်။ ကောင်းတဲ့အကျိုးဆက်တွေကိုပဲ မဟုတ်ဘဲ ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်မယ့် အခြေအနေတွေ ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြစေချင်တယ်” ဟု ဆိုသည်။
တနင်္သာရီ မိတ်ဆွေများအဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်နေသော စီမံကိန်းများကို လေ့ လာစောင့်ကြည့်နေသည့် အရပ်ဘက် အဖွဲ့အစည်း တခုဖြစ်သည်။
ယင်းပြင် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း ရရှိမှုကိုလည်း အောက်ခြေအဆင့် ဝန်ထမ်းနေရာများ အတွက်ပါ မဟုတ်ဘဲ လိုအပ်သည့် ကျွမ်းကျင်လုပ်သားများ ဖြစ်စေရန်အတွက် အလုပ်အကိုင် ကျွမ်းကျင်မှု သင်တန်းကျောင်းများကို ယခုကတည်းက ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သလို ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများ တွင်လည်း ပြည်တွင်းလုပ်သား ခန့် အပ်ပေးရမည့် အခြေအနေများကိုလည်း အတိအကျ သတ်မှတ်ပေးရန် လို အပ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား စီးပွားရေးကဏ္ဍသာမက ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း အကူအညီပေးလျှက်ရှိပြီး၊ လက်ရှိ ရန်ကုန်တိုင်း သံလျင်မြို့တွင် သီလဝါအထူးစီးပွားဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည်။
You may also like these stories:
ထားဝယ် SEZ သို့ တရုတ်ကုမ္ပဏီများ အလုအယက်လာနေ
ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဂျပန်က မြန်မာကို ဒေါ်လာ ၁ ဘီလျံကျော် ချေး
ထားဝယ်-ကန်ချနပူရီ နှစ်လမ်းသွားစီမံကိန်း စတင်နိုင်ရန် စီစဉ်နေ