၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလတွင် ပါဝင်ပြီး တာဝန်ထမ်းဆောင်ခဲ့သော ဆရာ၊ ဆရာမ ၅၀ ကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF)ထံမှ သိရသည်။
နိုဝင်ဘာ ၂၆ ရက်နေ့ထိ ရရှိထားသည့် စာရင်းများအရ ရန်ကုန်တိုင်းမှ ၃၀ ဦးခန့်ဖြင့် အများဆုံးဖြစ်နေပြီး ပဲခူး၊ မန္တလေး၊ မကွေးနှင့် မွန်ပြည်နယ်တို့မှလည်း ပါဝင်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် အနေဖြင့် ကိုဗစ် ကူးစက်ခံရသည့် အဆိုပါ ဆရာ၊ ဆရာမများကို ဆက်သွယ်ကာ စိတ်ပိုင်းဆိုင်ရာ အားပေးခြင်းနှင့် တဦးလျှင် ကျပ် ၅၀၀၀၀ နှုန်းဖြင့် ဂုဏ်ပြုငွေ ချီးမြှင့်ခြင်းများ ဆောင်ရွက်ပေးနေကြောင်း MTF အတွင်းရေမှူး ဒေါက်တာဇော်မျိုးလှိုင်က ဧရာဝတီကို ပြောသည်။
ဒေါက်တာဇော်မျိုးလှိုင်က “လူတွေအများစု သိတာက ၈ ရက်နေ့ ရွေးကောက်ပွဲ တရက်ကိုပဲ သိတာ။ ဆရာ၊ ဆရာမတွေ က ရွေးကောက်ပွဲမတိုင်ခင်မှာ သင်တန်းတက်ရတာ၊ မဲရုံပြင်ဆင်ရတာတွေ ရှိတယ်။ ကြိုတင်မဲကောက်တဲ့အထဲမှာလည်း လိုက်ပါဆောင်ရွက်ပေးခဲ့ရတာတွေ ရှိတယ်။ အများစုကတော့ ၁၀/၁၁ ရက်နေ့မှာစပြီး ရောဂါလက္ခဏာပြတယ်” ဟု ပြော သည်။
ဆက်လက်၍ ၎င်းက “ရောဂါလက္ခဏာပြတော့ သက်ဆိုင်ရာ Fever Clinic တွေ သွားပြတယ်။ အဲဒီကနေ Quarantine စင် တာတွေကို ပို့တဲ့အခါ မဲရုံတာဝန်ကျ ဆရာ၊ ဆရာမတွေဆိုတော့ အမြန်ဆုံးစစ်ဆေး၊ Swab Test တွေယူပြီး သိသွားတဲ့ အခါ ကုသရေးစင်တာတွေကို ပြောင်းတယ်။ ၁၁ ရက်ပြည့်တဲ့အခါ ဆေးရုံဆေးခွင့်ပေးတယ်။ အခု ၁၀ ယောက်ကျော် လောက် နေ အိမ် ပြန်ရောက်နေကြပြီလို့ သိရပါတယ်” ဟု ရှင်းပြသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ စာရင်းများ စုနေဆဲဖြစ်ပြီး လက်ရှိ စာရင်းအရ ၅၀ နှင့် ၁၀၀ အကြား ရှိကြောင်း၊ မဲရုံတွင် တာဝန်ထမ်းခဲ့သူများသာမက ကြိုတင်မဲကောက်ယူစဉ်နှင့် ကော်မရှင် ရုံးများတွင် စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်တာဝန်ထမ်းကြရင်း ကိုဗစ်ကူးစက်ခံရသည့် ဆရာ၊ ဆရာမများ၊ ပညာရေး ဝန်ထမ်းများကိုလည်း ထောက်ပံံ့ပေးသွားရန် စီစဉ်နေကြောင်း ညွှန်ကြားရေးမှူးချုပ်(အခြေခံပညာဦးစီးဌာန) ဦးကိုလေးဝင်း က ပြောသည်။
“သူတို့အတွက် ကျနော်တို့ လိုအပ်တာတွေ ထောက်ပံ့ဖို့၊ ကူညီဖို့ ဆောင်ရွက်နေပါတယ်။ သတ်မှတ်တဲ့ ပြည်နယ်/တိုင်း အစိုးရအဖွဲ့တွေ၊ ပြည်နယ်/တိုင်း ပညာရေးမှူးရုံးတွေကနေတဆင့် သူတို့တွေကို လိုအပ်တဲ့ အကူအညီတွေပေးဖို့ ဆောင် ရွက်နေတယ်ဆိုတာလေး ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF) အဖွဲ့ချုပ်အနေဖြင့် ရှိသမျှ ရန်ပုံငွေဖြင့် ဆရာ၊ ဆရာမများ စိတ်ခွန်အားဖြစ်အောင် ထောက်ပံ့သလိုမျိုး ဝန်ကြီးဌာန က အတိုင်းအတာတခုထိ ထောက်ပံ့ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားပေးခြင်းမျိုးများ ပြုလုပ်ပေးမည်ဆိုပါက ရောဂါဒဏ်ခံနေ ရသည့် ဆရာ၊ ဆရာမများအတွက် ပိုအဆင်ပြေစေမည်ဟု ဒေါက်တာဇော်မျိုးလှိုင်က ပြောသည်။
“စိတ်ပိုင်းဆိုင်ရာလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်မယ်။ သူတို့ရဲ့ လူမှုရေးအခက်အခဲတွေလည်း ဖြေရှင်းနိုင်မယ်။ တချို့တွေက မိသားစု အဆင်ပြေကြပေမယ့် တချို့တွေကျ မိသားစုလိုက် ကူးတဲ့သူတွေဆိုရင် ကုသတဲ့အခါမှာ ကုန်ကျမှုတွေ ရှိတယ်။ အဲဒီအတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေ လုပ်ပေးနိုင်ရင် ပိုကောင်းတာပေါ့” ဟု ၎င်းက ဆိုသည်။
အဖွဲ့ချုပ်၏ ရန်ပုံငွေအရ ဆရာ၊ ဆရာမ အယောက် ၃၀ စာလောက်သာ ရှိသဖြင့် ကျန်ရှိသည့် ကိုဗစ် ကူးစက်ခံရသော ဆရာ၊ ဆရာမများအား ဆက်လက်ဂုဏ်ပြုနိုင်ရန် အခက်အခဲရှိနေသောကြောင့် မိဘပြည်သူများ၊ ဆရာ၊ ဆရာမများမှ ပူးပေါင်းကူညီပေးရန်လည်း ၎င်းက ဖိတ်ခေါ်သည်။
“ကျမတို့က အစောကြီးကတည်းက ပေးအပ်လာတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ချင်တော့ ဒီရောဂါကူးမယ်ဆို တာလည်း သိပြီးသားနဲ့လုပ်တာပါရှင့်။ ကိုယ်က လျှောက်လည်လို့ ဖြစ်တာမဟုတ်ဘဲ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း ဖြစ် တာမလို့ ဂုဏ်ယူပါတယ်။ ကိုဗစ်ကူးလေခြင်းဆိုတဲ့ နောင်တလည်း မရဘူး” ဟု အသက် ၄၃ နှစ်အရွယ် ဆရာမ ဒေါ်ထက် ထက်အေးက ဧရာဝတီကို ပြောသည်။
ဆရာမ ဒေါ်ထက်ထက်အေးသည် နိုဝင်ဘာ ၈ ရက်၊ ရွေးကောက်ပွဲနေ့တွင် အင်းစိန်မြို့နယ်၊ ရွာမအနောက် မဲရုံအမှတ် (၂၆) တွင် တာဝန်ကျခဲ့ပြီး ထို့မတိုင်ခင်ကလည်း ကြိုတင်မဲ ၃ ရက် ကောက်ယူပေးခဲ့ရပြီး ထိုစဉ်က ပါးစပ်နှာခေါင်းစည်းနှင့် Face Shield များတပ်ဆင်ပြီး တတ်နိုင်သမျှ ကာကွယ်ခဲ့သော်လည်း နိုဝင်ဘာ ၁၁ ရက်တွင် စတင်ဖျား၍ Swab Test စစ်ခဲ့ရာ ၁၃ ရက်တွင် ကိုဗစ်ပိုး ကူးစက်ခံရကြောင်း သိခဲ့ရသည်ဟု ၎င်းက ပြောပြသည်။
ထို့နောက် ဧရာဝတီစင်တာတွင် ကုသမှုခံယူပြီးနောက် နိုဝင်ဘာ ၂၃ ရက်တွင် အိမ်ပြန်ရောက်ကြောင်း၊ ယခုအခါ အား နည်းပြီး အနည်းငယ် မောနေသေးသော်လည်း ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့ပျောက်ခြင်းတို့ မရှိတော့ကြောင်း၊ အိမ်ခန်းထဲ တွင် တယောက်တည်း Home Quarantine တပတ်ခန့် ဆက်နေအုံးမည်ဖြစ်ကြောင်း၊ မိသားစုဝင်များလည်း ကူးစက်မှုမရှိ ကြောင်း ၎င်းက ရှင်းပြသည်။
“ကျမတို့က အမှန်အတိုင်း ပြောရရင် ပိုက်ဆံထက်ကို ကတ်ပြားလေး တချပ်ရရင်တောင် ဂုဏ်ယူနေမယ့်သူတွေပါ။ MTF ကနေ မနေ့က လာချီးမြှင့်သွားတယ်။ ကျန်တဲ့ ဆရာမ ၇ ယောက်အတွက်လည်း ပေးသွားတယ်။ အသိအမှတ်ပြုခံရတာ ဝမ်းသာ တယ်။ ဒီ ၅၀၀၀၀ ဟာ ကျမတို့အတွက် သိန်း ၅၀ လောက် တန်တယ်လို့ ယူဆတယ်။ respect my job ပေါ့။ ကိုယ့်အလုပ် ကို လေးစားတဲ့သူတွေဆိုတော့ ကိုယ့်ရဲ့အဖွဲ့ချုပ်ကနေ ဒီလို အသိအမှတ်ပြုတာကို ဂုဏ်ယူတယ်။ မှတ်တိုင် တခုပေါ့” ဟု ဆရာမ ဒေါ်ထက်ထက်အေးက ပြောသည်။
ဆရာမ ဒေါ်ထက်ထက်အေးသည် အင်းစိန်မြို့နယ်၊ အထက(၆)မှ အထက် တန်းပြဆရာမတဦးဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာ တာဝန်များကို ၂၀၁၀ မှစတင်ကာ ယခု ၂၀၂၀ အထွေထွေရွေးကောက်ပွဲအထိ တာဝန်ထမ်းဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ တွင်လည်း ဆက်လက် တာဝန်ထမ်းဆောင်ပေးအုံးမည်ဟုလည်း ဆိုသည်။
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတဝန်းရှိ မဲရုံများတွင် တာဝန်ယူခဲ့ သည့် ဆရာ၊ ဆရာမပေါင်း ၂ သိန်းခန့် ရှိကြောင်း သိရသည်။
You may also like these stories:
ရန်ကုန်တိုင်း ရွေး/ကော်အဖွဲ့ဝင်များနှင့် မဲရုံတာဝန်ကျ ၈၀ ကျော် ကိုဗစ်ကူးစက်ခံရ