သတင်း

စစ်ရေးကြောင့် မိုးကုတ်ဒေသခံများ မြို့ပေါ်သို့ လာရောက်ခိုလှုံ

Want create site? Find Free WordPress Themes and plugins.

တပ်မတော်နှင့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား စစ်ရေးအခြေအနေ မတည်ငြိမ်သဖြင့် မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့နယ်ရှိ ချောင်းကြီးကျေးရွာအုပ်စုနှင့် ကျောက်ဝါကျေးရွာအုပ်စုမှ ဒေသခံ ၁၁၀၀ ကျော် မှာ နေရပ်ရင်းမှ ထွက်ပြေးပြီး မိုးကုတ်မြို့ပေါ်သို့ လာရောက် ခိုလှုံနေကြသည် ဟု သတင်းရရှိသည်။

မိုးကုတ်မြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်က “ဒီကို ရောက်လာတဲ့ သူတွေက ချောင်းကြီး၊ မာနား၊ ကျောက်ဝါ အဲဒီဘက်တွေကပါ။ လာတာကတော့ များသောအားဖြင့်၂၅ ရက်မှာ ဒီကို ရောက်လာကြတာပါ။ တိုက်ပွဲဖြစ်ပြီး နောက်နေ့ မနက်မှာ ရောက်လာကြတာပါ။ လူဦးရေက ၁၁၂၉ ဦး ရှိပါတယ်” ဟု ပြောသည်။

မိုးကုတ်မြို့တွင်းမှ ဘုန်းကြီးကျောင်း၂ ကျောင်း၊ ရိပ်သာ ၁ ကျောင်း၊ ဓမ္မာရုံတခုနှင့် ခရစ်ယာန်ဘုရားကျောင်း တခုတို့တွင် ခိုလှုံနေကြပြီး သက်ဆိုင်ရာ ကျောင်းမှ ဘာသာရေး ဆရာတော်များက နေရာထိုင်ခင်းများ စီစဉ်ပေးထားပါသည် ဟု ဦးအောင်နိုင်က ပြောသည်။

စားသောက်ရေး အတွက်လည်း မန္တလေးတိုင်း ဒေသကြီး၊ အစိုးရအာဏာပိုင်များမှလည်း လာရောက် ထောက်ပံ့ပေးထား ပြီး ဒေသမှ လူမှုကူညီရေး အသင်းများကလည်း လာရောက် လှူဒါန်းထားသည်ဟု သိရသည်။

ဦးအောင်နိုင်က “ကျနော်တို့ မိုးကုတ်က အားလုံး ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်း နေချင်ကြပါတယ်။ ဒီလို မငြိမ်းချမ်းမှု ဖြစ်လာတော့ စိတ်ထိခိုက်မှု ဖြစ်ရပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ အားလုံး ငြိမ်းချမ်းရေးရဖို့ လိုအပ်ပါတယ်။ ငြိမ်း ချမ်းရေးရမှ ဒီက တိုင်းရင်းသား အားလုံး လုပ်ကိုင် စားသောက်လို့ ရမှာပါ။ မငြိမ်းမချမ်း ဖြစ်နေရင် သက်ဆိုင်ရာ တိုင်းရင်း သားတွေနဲ့ ပတ်သက်တဲ့သူတွေရော မြို့ပေါ်ကသူတွေရော အားလုံး စိတ်ပင်ပန်း လူပင်ပန်း ရပါတယ်” ဟု ပြောသည်။

တပ်မတော်နှင့် TNLA သည် နိုဝင်ဘာ၂၄ ရက် ည ၇ နာရီ ၄၀ ခန့်က မိုးကုတ်မြို့နှင့် ၇ မိုင်ခန့်ဝေးသည့် ချောင်းကြီးကျေး ရွာအုပ်စုနှင့် ကျောက်ဝါကျေးရွာ အုပ်စုတို့ အနီးတွင် တိုက်ပွဲ ဖြစ်ပွားထားသည်။

မိုးကုတ်မြို့ အောင်မင်္ဂလာရပ်ကွက်သို့ ရောက်ရှိလာကြသည့် စစ်ရှောင်များ (ဓာတ်ပုံ- ဦးအိုက်ပါ/ Facebook)

တိုက်ပွဲဖြစ်ပွားချိန်က ပစ်ခတ်သံများမှာ မိုးကုတ်မြို့ပေါ်မှ ကြားရပြီး နိုဝင်ဘာ၂၄ ရက် ည ၉ နာရီနောက်ပိုင်းမှ စ၍ယနေ့ အချိန်ထိ ပစ်ခတ်သံများ ထပ်မံကြားရခြင်း မရှိပါဟုလည်း ဒေသခံများထံက သိရသည်။

မိုးကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးကလည်း “အခုတော့ အေးအေးဆေးဆေး ဖြစ်နေပြီ။ ဘာမှတော့ မရှိတော့ဘူး။ လာရောက် ခိုလှုံနေကြသူတွေလည်း မကြာခင် ပြန်ကြတော့မှာပါ။ မြို့ကလည်း အေးဆေးပါပဲ။ အကုန်လုံးက အခု သွား မလာမပျက်ပါပဲ” ဟု ပြောသည်။

TNLA သည်၂၀၁၉ ခုနှစ်အတွင်း မိုးကုတ်မြို့နယ်တွင် နယ်မြေ တည်ဆောက်ခြင်း၊ အင်အား တည်ဆောက်ခြင်းများ ပြုလုပ် လာပြီး နိုဝင်ဘာ၂၄ ရက်ကလည်း သတင်းရရှိသဖြင့် တပ်မတော်၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက ကင်းပုန်းဝပ် စောင့်ကာ တိုက်ခိုက်ရာမှ တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု တပ်မတော်က ပြောဆိုထားသည်။

နိုဝင်ဘာ ၂၄ ရက်တိုက်ပွဲတွင် တပ်မတော်ဘက်မှ တပ်ကြပ်တဦး သေဆုံးပြီး အခြားတပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာ ရထားသည်ဟု သိရသည်။

TNLA က တိုက်ပွဲဖြစ်ပွားခြင်းမှာ ကျောက်ဝါကျေးရွာအုပ်စုမှ ၎င်းတို့ တပ်ဖွဲ့များ ဆင်းလာစဉ် တပ်မတော်နှင့် ထိပ်တိုက် တွေ့သဖြင့် တိုက်ပွဲဖြစ်ရပါသည်ဟု သတင်းထုတ်ပြန်ထားပြီး ၎င်းတို့ဘက်မှ ထိခိုက်မှု ရှိ မရှိကို ထုတ်ပြန်ထားခြင်း မရှိပါ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ၁ ရက်အလို နိုဝင်ဘာ ၇ ရက်ကလည်း TNLA တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်လာပြီး မူးယစ်ဆေးဝါး သုံးမသုံး စစ်ဆေးခြင်း၊ ကျေးရွာများအတွင်း လက်နက်ခဲယမ်းများဖြင့် သွားလာနေခြင်းတို့ ကြောင့် ကျောက်ဝါကျေးရွာအုပ်စုနှင့် ချောင်းကြီးကျေးရွာအုပ်စုမှ ဒေသခံ ၁၀၀၀ ကျော်မှာ ထိတ်လန့်ပြီး မိုးကုတ်မြို့ပေါ်သို့ ခေတ္တ လာရောက် ခိုလှုံခဲ့ရသည်။

ဒေသခံများ၏ ပြောဆိုချက်အရ နိုဝင်ဘာ ၁၉ ရက်နှင့်၂၀ ရက်တို့ တွင် TNLA တပ်ဖွဲ့ဝင်များက ကျောက်ဝါကျေးရွာ အုပ်စု နှင့် ချောင်းကြီး ကျေးရွာအုပ်စုဘက်သို့ ထပ်မံ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မိုးကုတ်မြို့နယ်သည် TNLA ၏ တပ်မဟာ၂ လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားသည်။

TNLA က ၎င်းတို့ ချမှတ်ထားသည့် အမျိုးသားရေး တာဝန်ကို တအန်းလူမျိုးများ တအိမ်လျှင်တဦး ထမ်းဆောင်ရမည် ဟူ သည့် အချက်အရ ၎င်းတို့ လှုပ်ရှားသည့် နယ်မြေများတွင် ဒေသခံ တအန်းလူမျိုးများကို စစ်သားစုဆောင်းခြင်းများ ပြုလုပ် သည်။

ထို့ပြင် TNLA မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဒေသခံများကို မူးယစ်ဆေးဝါး ရောင်းချခြင်း၊ သုံးစွဲခြင်း၊ လက်ဝယ် ထားခြင်း ရှိမရှိ စစ်ဆေးမှုများ ပြုလုပ်ပြီး ကျောက်မဲ-မိုးကုတ်သွား ကားလမ်းမကြီးပေါ်တွင်လည်း ခရီးသွား ကားများကို တားဆီး စစ်ဆေးကာ မူးယစ်ဆေး လက်ဝယ်တွေ့ရှိပါက ထောင်ဒဏ် ချမှတ်ခြင်းများလည်း ပြုလုပ်သည်။

TNLA သည် အစိုးရ၊ တပ်မတော်တို့နှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် တစုံတရာ ချုပ်ဆိုထားခြင်း မရှိဘဲ ပဏာမ အပစ် ရပ် စာချုပ် (Bilateral) တစောင် ချုပ်ဆိုရန် ညှိနှိုင်းနေဆဲ ဖြစ်သည်။

You may also like these stories:

မိုးကုတ်၌ TNLA စစ်ကြောင်းကို တပ်မတော်က တိုက်ခိုက်

ရခိုင်တွင် စစ်ပွဲများ ရပ်တန့်နေ၍ စစ်ဘေးရှောင်အချို့ နေရပ်ပြန်

Did you find apk for android? You can find new Free Android Games and apps.
Loading