သတင်း

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ဇေယျာလွင်ကို တပ်မတော်က ထပ်မံတရားစွဲ

Want create site? Find Free WordPress Themes and plugins.

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီး တဦး က တရားလိုလုပ်၍ အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် မအူပင် မြို့နယ်တရားရုံးတွင် ထပ်မံတရားစွဲ ထားကြောင်း သတင်းရရှိသည်။

ယခင်ကလည်း ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးသူနှင့် ကိုပိုင်ဖြိုးမင်းတို့ကို ၂၀၁၉ ခုနှစ် ဧရာဝတီတိုင်း သင်္ကြန်တွင် တပ်မတော်ကို ထိခိုက်ပုတ်ခတ်စော်ကားသော စကားလုံးများဖြင့် သံချပ်ထိုးခဲ့သည်ဆိုကာ တပ်မတော်ကိုယ်စား အနောက်တောင် တိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး သက်နိုင်ဝင်းက တရားလိုပြုလုပ်၍ ဖျာပုံ၊ ဒေးဒရဲနှင့် မအူပင်မြို့နယ်တရား ရုံးများတွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့ပြီးဖြစ်သည်။

ယင်းအမှုများအတွက် ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးသူ၊ ကိုပိုင်ဖြိုးမင်းတို့ကို ဖျာပုံ၊ ဒေးဒရဲ၊ မအူပင်မြို့နယ်တရားရုံးများ က ထောင်ဒဏ် ၁ နှစ်စီဖြင့် စုစုပေါင်း ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ရာ ၎င်းတို့၃ဦးမှာ ရန်ကုန်မြို့ရှိ အင်းစိန် ထောင်တွင် လက်ရှိထောင်ဒဏ်ကျခံနေရသည်။

ယခုအခါ ထောင်ကျနေချိန် ကိုဇေယျာလွင်ကို သံချပ်ထိုးမှုအား လူမှုကွန်ရက် Facebook တွင် တိုက်ရိုက် ထုတ်လွှင့် ခဲ့သည် ဆိုကာ ဒု ဗိုလ်မှူးကြီး သက်နိုင်ဝင်းက တရားလို ပြုလုပ်၍ အီလက်ထရောနစ် ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် မအူပင်မြို့၌ ထပ်မံတရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော့်ကို မအူပင်တရားရုံးကို ရုံးထုတ်တယ်ဆိုတော့ စစ်ဆေးမယ် ထင်ခဲ့တာ။ တကယ်တမ်းကျ ဘာမှ မစစ်ဘူး။ ရုံးချိန်းခေါ်ပေးတဲ့သဘော ဖြစ်နေတယ်။ ဧရာဝတီတိုင်းမှာ အမှုတွေ တရားစွဲဆိုကတည်းက တခါတည်း ထည့်စွဲလို့ ရရဲ့သားနဲ့ ၄ လကျော်ကြာမှ ထပ်ပြီးတရားစွဲတယ်ဆိုတော့ ဒါက သွေးရိုးသားရိုး ပိုပြီးဒုက္ခရောက်အောင်၊ ပိုပြီး အခက် အခဲတွေ့အောင် လုပ်ဆောင်နေတာလို့ မြင်တယ်”ဟု ကိုဇေယျာလွင်က တရားရုံးထုတ်ချိန်တွင် ဧရာဝတီကို ပြောသည်။

ယင်းအမှုအတွက် ကိုဇေယျာလွင်ကို ယမန်နေ့က မအူပင်မြို့နယ်တရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးရာ ရန်ကုန် အင်းစိန်ထောင်မှ ခေါ်ယူ၍ PPE ဝတ်စုံဖြင် တရားခွင်သို့ တက်စေသော်လည်း တရားလို ဒုဗိုလ်မှူးကြီး သက်နိုင်ဝင်း မလာသဖြင့် ရုံးချိန်းကို ဒီဇင်ဘာ ၄ရက်သို့ ပြောင်းရွှေ့ ချိန်းဆိုခဲ့သည်။

တရားခွင်သို့ တက်ရောက်သတင်းယူခဲ့သည့် မအူပင်မြို့မှ ဧရာဝတီတိုင်းမ်သတင်းထောက် ကိုအောင်မြသန်း က“တရားခွင်မှာ ကိုဇေယျာလွင်နဲ့ တရားသူကြီး အပြန်အလှန် စကားခပ်တင်းတင်း ပြောကြတာတွေ ဖြစ်တယ်။ ကိုဇေယျာလွင်ပြောတာက သူ့ကိုစာထုတ်ပြီးခေါ်သလို တဖက်က တရားလိုကျတော့ ရအောင်မခေါ်၊ တရားခွင် မလာတဲ့ဟာက သူ့ကို သက်သက်ဒုက္ခရောက်အောင် လုပ်နေတာလို့ ပြောတယ်။ ရုံးထုတ်ချိန်မှာရော ပြန်ပို့တဲ့ အချိန်ရော ကိုဇေယျာလွင်ကို တောက်လျှောက် PPE ဝတ်ခိုင်း ထားတာ တွေ့ရတယ်”ဟု ပြောသည်။

ကိုဇေယျာလွင်ကို ရန်ကုန် အင်းစိန်ထောင်သို့ ပြန်ပို့ရန် အဆင်မပြေခြင်း၊ မအူပင်ထောင်၌ ကိုဗစ်လူနာများ ရှိနေ ခြင်းကြောင့် ကျန်းမာရေးဌာနက ကိုဗစ်ပိုး စစ်ဆေးမှုများ ပြုလုပ်၍ မအူပင်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း မြို့ခံများထံမှ သိရသည်။

အီလက်ထရောနစ်ဥပဒေပုဒ်မ ၆၆ (ဃ) မှာ မည်သူမဆို ဆက်သွယ်ရေးကွန်ရက်တခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကျူးလွန်ကြောင်း ထင်ရှားပါက ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် နိုင်ကြောင်း ပြဌာန်းထားသည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှာ ၂၀၁၉ ဧပြီ သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် လှည့်လည် သံချပ်ထိုးခဲ့ရာ တပ်မတော်နှင့်ပတ်သက်၍ သံချပ်များရေးသားစပ်ဆိုကာ အများပြည်သူကို ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုအတွက် သံချပ်အဖွဲ့ဝင်ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇော်လင်းထွန်း နှင့် မကေခိုင်ထွန်းတို့ကို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တရားရုံးတွင် တပ်မတော်က တရားလို ပြုလုပ်၍ ရာဇဝတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့ရာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် မရမ်းကုန်း မြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့သည်။

ထိုသို့ထောင်ဒဏ်ချမှတ်ခံထားရသည့်အတွက် အင်းစိန်ထောင်တွင် အကျဉ်းကျနေစဉ် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနှင့် ကိုပိုင်ဖြိုးမင်းတို့ကို ဧရာဝတီတိုင်းရှိ ဖျာပုံနှင့် မအူပင်ထောင်များသို့ လွဲှပြောင်းပို့ဆောင်၍ တပ်မတော်က ဧရာဝတီ တိုင်း၌ တရားစွဲဆိုထားသောအမှုများကို ကြားနာစစ်ဆေးကာ ဖျာပုံ၊ ဒေးဒရဲနှင့် မအူပင်မြို့နယ်တရားသူကြီးများက ထောင်ဒဏ်များ ထပ်မံချမှတ်ခဲ့ကြသည်။

ရာဇဝတ်ကြီးပုဒ်မ ၅၀၅ (က) မှာ တပ်မတော်တွင်အမှုထမ်းနေသော တပ်မတော်သားများကို စစ်ပုန် ကန်ခြင်း၊ သက်ဆိုင်ရာ တာဝန်ဝတ္တရားများကို မလေးစားစေခြင်း၊ ပျက်ကွက်စေခြင်းသော်လည်းကောင်း ပြုစေရန် အကြံရှိလျှင် (သို့မဟုတ်) ထိုသို့ဖြစ်စေတန်ရာသည့်အကြောင်းရှိလျှင် ထိုသူကို ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို တက္ကသိုလ်ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ဟောင်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ သင်္ကြန်ကာလအတွင်း သံချပ်စာသားများကိုဆင်ဆာအဖွဲ့သို့ မတင်ပြခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဆုပေးမဏ္ဍပ်များတွင် စင်ပေါ်တက် ဖျော်ဖြေခွင့်ပိတ်ပင်ခံရသည့် သံချပ်အဖွဲ့ဖြစ်သည်။

You may also like these stories:

ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင် ၃ ဦး ဧရာဝတီတိုင်း တရားရုံးများက ထောင်ဒဏ်များချမှတ်

Did you find apk for android? You can find new Free Android Games and apps.
Loading