မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ သမ္မတကြီး ဦးနေဝင်း၏ စတုထ္တမြောက်ဇနီးဖြစ်ခဲ့သူ ရတနာနတ်မယ် (၈၉ နှစ်)သည် အီတလီနိုင်ငံ ဖလောရင့်စ်မြို့တွင် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။
ရတနာနတ်မယ်ဟု လူသိများသည့် June Rose Bellamy သည် ၁၉၇၆ ခုနှစ်က ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းနှင့် တရားဝင်လက်ထပ်ခဲ့သော်လည်း လအနည်းငယ်သာ ပေါင်းသင်းခဲ့ရသူဖြစ်သည်။
သူမသည် လင်းပင်မင်းသားကြီး၏ မြေးတော်စပ်ပြီး၊ သြစတြေးလျနိုင်ငံသား မြင်းပွဲဘွတ်ကီဒိုင် ဟာဘတ် ဘယ်လာမီနှင့် လင်းပင်းထိပ်တင်မ လတ်တို့မှ ၁၉၃၂ ခုနှစ် ဇွန်လ ၁ရက်နေ့ ရန်ကုန်တွင် မွေးဖွားခဲ့သူဖြစ်သည်
အနောက်တိုင်းသွေးရောသည့် မြန်မာမင်းမျိုးမင်းနွယ်တဦးဖြစ်သော ရတနာနတ်မယ်သည် ကလေးဘ၀ ဒုတိယကမ္ဘာ စစ်အတွင်း အိန္ဒိယနိုင်ငံသို့ စစ်ရှောင်ခဲ့ရပြီးနောက် အသက် ၁၄နှစ် အရွယ်တွင် မြန်မာနိုင်ငံသို့ ပြန်လာကာ ပြင်ဦးလွင် (မေမြို့)တွင် နေထိုင်ခဲ့သည်။
၁၉၅၄ ခုနှစ်တွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)မှ အီတလီလူမျိုး ဆရာဝန် Mario Lucia Postiglione နှင့် အိမ်ထောင်ပြုခဲ့ပြီး၊ ခင်ပွန်းသည် တာဝန်ကျရာ နေရာများသို့ လိုက်ပါရင်း ဖိလစ်ပိုင်နိုင်ငံတွင် ရုပ်သံတင်ဆက်သူ တဦးအဖြစ် လုပ်ကိုင်ခဲ့သလို၊ ပန်းချီဆွဲခြင်း စသည့် အနုပညာများကို လိုက်စားခဲ့သည်။
သို့သော် သားနှစ်ယောက် ထွန်းကားပြီးနောက် ၁၉၆၃ ခုနှစ်တွင် ခင်ပွန်းသည်နှင့် ကွာရှင်းခဲ့သည်။
အသက် ၄၀ ကျော်အရွယ်ရှိ ရတနာနတ်မယ်၏ ဘဝတွင် သမိုင်းတွင်မည့် ဖြစ်ရပ်တခုဖြစ်လာခဲ့သည်၊ ထိုသည်က မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် ဗိုလ်ချုပ်ကြီးနေဝင်းက လက်ထပ်ခွင့် တောင်းခံခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီးနေဝင်း၏ ဇနီးဖြစ်သူ ဒေါ်ခင်မေသန်းနှင့် ရင်းနှီးသူဖြစ်ရာ အပြန်အလှန်ဆက်ဆံရင်း ဒေါ်ခင်မေသန်း ဆုံးပြီးနောက် ဗိုလ်ချုပ်ကြီးနေဝင်းက ရတနာနတ်မယ်ကို လက်ထပ်ခွင့် တောင်းခံခဲ့သည်။
ထို့အတွက် ၁၉၇၆ ခုနှစ် ဒီဇင်ဘာလတွင် တရားဝင်လက်ထပ်ခဲ့သော်လည်း ၅လခန့်သာ ပေါင်းသင်းခဲ့ရပြီး အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် ရန်ပွဲနှင့် အဆုံးသတ်ကာ ကွာရှင်းပြတ်စဲခဲ့သည်။
ဗိုလ်ချုပ်ကြီး နေဝင်းနှင့် လက်ထပ်ခဲ့ခြင်း အဓိက အကြောင်းအရင်းမှာ သမ္မတကတော် အနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်အပေါ် သြဇာလွှမ်းမိုးနိုင်လိမ့်မည်၊ ပြည်သူများကို ကူညီနိုင်လိမ့်မည်ဟု ယုံကြည်ချက်ကြောင့် ဖြစ်ကြောင်း၊ ယခုအခါ ထိုထင်မြင်ယူဆချက်မှာ မာန်တက်မိခဲ့သည့် အပြစ်တခုအဖြစ် တွေးမိကြောင်းကို Lunch with Myanmar Princess ကို ရေးသားခဲ့သူ Anne Bayin တွေ့ဆုံရာတွင် သံဝေဂအဖြစ်အပျက်တခုအဖြစ် ပြောဆိုခဲ့သည်။
နောက်ပိုင်းတွင် ငယ်စဉ်ကတည်းက အချက်အပြုတ် လုပ်ကိုင်ရခြင်း အပေါ် စိတ်ဝင်စားသည့် ရတနာနတ်မယ်သည် လန်ဒန်မြို့သို့ သွားရောက်ကာ စားဖိုမှူးကြီး Kenneth Lo ထံတွင် သင်ကြားကာ ဖလော့ရင်စ်မြို့သို့ ပြန်လာပြီးနောက်အရှေ့တိုင်းအစားအစာ၊ အီတလီအစားအစာနှင့်ပတ်သက်ပြီး အချက်အပြုတ်သင်တန်းများကို ဖွင့်လှစ်ကာ ဘဝကို ဆက်လက် လျှောက်လှမ်းခဲ့သည်။
၂၀၁၇ ခုနှစ် အီတလီနိုင်ငံ တူရင်မြို့တွင် ပြုလုပ်ခဲ့သည့် စာအုပ်ပွဲတော်တွင် တင်ခဲ့သော The Soul of Spice အပါအဝင် ချက်နည်းပြုတ်နည်း စာအုပ်များ ရေးသားခဲ့သလို၊ ပန်းချီဆွဲခြင်းနှင့် ဘဝကို ဖြတ်သန်းခဲ့သည်။
ဘဝ၏ နောက်ဆုံးပိုင်းကာလများတွင် မြန်မာနိုင်ငံသို့ တခါတရံလာရောက်ခဲ့သလို ဆင်းရဲချို့တဲ့သူတချို့ကိုလည်း လူမှုရေး အကူအညီအထောက်အပံများ ပေးအပ်ခဲ့သည်။
You may also like these stories:
ရတနာနတ်မယ်နှင့် နေ့လယ်စာစားခြင်း