မဲပေးပိုင်ခွင့်ရှိသူဦးရေ စာရင်းကြေညာရာတွင် လူဦးရေ ၁ သန်းကျော် ကွာခြားခဲ့မှုမှာ မဲစာရင်းအမှားများ ပြင်ဆင်ဖြည့်စွက် ခြင်း မပြုမီ ကနဦး စာရင်းအား ထုတ်ပြန်ခဲ့ခြင်းကြောင့်သာ ဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထုတ် ပြန် ဖြေရှင်းထားသည်။
ရွေးကောက်ပွဲ အပြီး နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ထုတ်ပြန်ရာ၌ မဲပေးပိုင်ခွင့်ရှိသူ ဦးရေမှာ ၃၇၂၆၈၈၇၆ ဦး ဖြစ် ကြောင်း ကြေညာခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၃၀ ရက်က ထုတ်ပြန်ရာတွင် မဲပေး ပိုင်ခွင့်ရှိသူ ဦးရေ ၃၈၂၇၁၄၄၇ ဦး ဖြစ်ကြောင်း ကြေညာခဲ့သည့်အတွက် ၁၀၀၂၅၇၁ ဦး ကွာခြားခဲ့သည်။
ကနဦး ကြေညာခဲ့သည့် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၃၇၂၆၈၈၇၆ ဦး စာရင်းသည် အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ ဒုတိယအကြိမ် ကြေညာခဲ့သည့် မဲစာရင်း စုစုပေါင်းမှ ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမည့် မဲဆန္ဒနယ်များမှ မဲစာရင်းများ နုတ်ပယ်ထားသည့် အတည် မပြုရသေးသော အခြေခံ မဲစာရင်းသာ ဖြစ်ကြောင်း ဖြေရှင်းထားသည်။
ယင်းသို့ ဒုတိယအကြိမ် မဲစာရင်းကြေညာပြီး ပြင်ဆင်၊ ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုထုတ်ပြန်သည့် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ စာရင်းအမှန်မှာ ၃၈၂၇၁၄၄၇ ဦးသာ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ဥပဒေ အကြံပေး တဦးဖြစ်သူ ဦးခင်မောင်မြင့်က “မဲစာရင်း ကွာဟမှုနဲ့ ပတ်သက်ပြီး အဓိကတော့ မဲစာရင်းပြုစုတဲ့သူတွေမှာ တာဝန်ရှိတယ်။ တကယ်လို့ ဒီလို မှားယွင်းမှုမှာ မဲမသမာမှုတွေ ရှိရင်လည်း ကော်မရှင်အနေနဲ့က ဘယ်လိုမျိုး ဖြေရှင်း ဆောင်ရွက်ထားတယ် ဆိုတာမျိုးကို ထွက်ရှင်းဖို့ လိုတယ်။ သူ့မှာ တာဝန်ယူ ဖြေရှင်းရမယ့် တာဝန်ရှိပါတယ်” ဟု ပြောဆို သည်။
ယင်းသို့ မှားယွင်းမှုကြေညာမှုနှင့် ပတ်သက်ပြီး နိုင်ငံရေး ပါတီများကြားတွင် မဲ မသမာမှုများ ရှိနေမည်ကို စိုးရိမ်ခဲ့ကြပြီး ဝေဖန်မှုများ ပြုလုပ်လျက် ရှိသည်။
You may also like these stories:
မဲရုံတာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ/ဆရာမ နှစ်ဦးကို ကြံ့ခိုင်ရေးပါတီ တရားစွဲ
USDP နှင့် တနေရာမျှ မနိုင်သည့် ၁၈ ပါတီက ရွေး/ကော်ကို အရေးယူရန် သမ္မတထံ စာပို့