ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့၏ စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြသည့် ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံစသည့် မြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် အနွေးထည်နှင့် စောင်များ လို အပ်လျက်ရှိကြောင်း သိရသည်။
စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ ငါးစင်ရိုင်းချောင်း ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် ကျောက် တော်မြို့နယ် ပြိုင်းတိုင်းကျေးရွာမှ ဦးအောင်ကျော်ထွန်းက “အခု ဆောင်းရောက်ပြီဆိုတော့ အနွေးထည်တွေ လိုနေပြီ။ ဖြစ်သလို ဒီလိုပဲ နေရတယ်။ ရွာကလာတုန်းက ဘာမှ မယူလာရဘဲ အသက်လု ထွက်ပြေးနေရတာ။ ဒီမှာနေရတာက ကိုယ့်ရွာမှာလို အလုပ်အကိုင်လည်း မရှိဖြစ်နေတော့ ဝင်ငွေ မရှိဘူးလေ။ ဒါကြောင့် အခက်အခဲ ဖြစ်နေတာ” ဟု ပြော သည်။
စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) နှင့် အစိုးရအပြင် ဒေသအတွင်း လူမှု ကူညီရေး အဖွဲ့အစည်းများက ထောက်ပံ့ လှူဒါန်းကြသော်လည်း အနွေးအထည်နှင့် စောင်များကို ထောက်ပံ့မှုများကို မရှိ သေးကြောင်းလည်း စခန်း တာဝန်ခံများထံက သိရသည်။
ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ဘေးရှောင် စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်က “အဓိက ဆောင်းဝင်လာတော့ ဒီဒေသက အရမ်းအေးတယ်။ စခန်းမှာကလည်း သက်ကြီးပိုင်းနဲ့ ကလေးတွေ များတယ်။ ဒါကြောင့် အနွေးအထည်တွေ စောင်တွေ လိုအပ်နေတာ။ အလုပ်အကိုင်ကလည်း မရှိတော့ ဝယ်မယ်ဆိုရင်လည်း ငွေကြေးမတတ်နိုင်ကြဘူး။ တချို့ ကလေးတွေဆိုရင် အနွေးထည် မရှိဘဲ နေကြရတယ်” ဟု ဆိုသည်။
အဆိုပါ ညောင်ချောင်း စခန်းတွင် ကျောက်တော်မြို့နယ် အထက်ပိုင်း ကုလားတန်မြစ်ကြောင်းရှိ တင်းမ၊ လောင်းရှည်၊ မာ လာ၊ နဂရာ၊ ရွှေပြည်၊ မျောက်တောင် စသည့် ကျေးရွာအပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်က မီးလက်ဝ၊ ပျဉ်ဝ၊ နှမဒါ၊ ပလုတ်တောင် စသည့် ကျေးရွာတို့မှ လူဦးရေ ၄၁၀၀ ကျော် နေထိုင်ကြပြီး ယင်းအထဲတွင် သက်ကြီးရွယ်အိုနှင့် ကလေး ငယ် ၃၀၀၀ ခန့်မှာ အနွေးထည်များ လိုအပ်နေခြင်း ဖြစ်သည်။
ဦးခိုင်မျိုးအောင်က “အရင်တုန်းကတော့ အဖွဲ့အစည်းတွေကနေ စောင်၂ ထည်၊ အိပ်ရာခင်း ၂ ခုစီကို မိသားစု အလိုက် ထောက်ပံ့ပေးခဲ့တာ ရှိတယ်။ ဒါပေမယ့်လည်း မိသားစုတစုမှာ တချို့ဆိုရင် လူ ၅ ယောက် ၇ ထိ ပါဝင်ပြီးတော့ သားသမီး လူပျို၊ အပျိုတွေလည်း ပါတာရှိနေတော့ အခု ဆောင်းရာသီမှာ မလုံလောက်တာ ” ဟု ရှင်းပြသည်။
အလားတူ မြေပုံမြို့နယ်ရှိ လူဦးရေ ၅၀၀ ကျော် နေထိုင်သော ရက်ချောင်း စစ်ဘေးရှောင်စခန်းနှင့် လူဦးရေ ၁၄၀၀ ကျော် ရှိေသော ကမ်းထောင်းကြီးမြို့ရှိ စစ်ဘေးရှောင်စခန်းတို့ရှိ လူဦးရေ ထက်ဝက်ကျော်တို့တွင် အနွေးထည်၊ စောင်နှင့်အိပ်ရာ ခင်း မရှိသည့်အတွက် အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက အကူအညီ၊ အထောက်ပံ့များ ရရှိရန် မျှော်လင့်နေကြ သည်။
မြေပုံမြို့နယ်အတွင်း စစ်ဘေးရှောင်အရေးကို အကူအညီပေးနေသည့် ကမ်းထောင်းကြီးမြို့ ရက္ခဒါန ဖောင်ဒေးရှင်းမှ အတွင်းရေးမှူး ဦးအောင်ဝင်းမြင့်က “ဒီစခန်းတွေမှာ အနွေးထည်နဲ့ စောင်တွေကလည်း ရှိတဲ့လူတွေ ရှိတယ်။ မရှိတဲ့ လူ တွေ မရှိကြဘူး။ အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း စားနပ်ရိက္ခာ ထောက်ပံ့တာပဲ ရှိတယ်။ အနွေးထည်၊ စောင်တွေ၊ အခင်းတွေကတော့ ထောက်ပံ့တာ မရှိကြဘူး” ဟု ဆိုသည်။
ထိုသို့ ရခိုင်စစ်ဘေးရှောင်များအား ဒေသအတွင်း အကူအညီပေးနေသည့် အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့်လည်း ပြည်တွင်းပြည်ပ အလှူရှင်များထံမှ ရရှိသည့် ငွေကြေးကို အသုံးပြုကာ ကူညီနေရသည့် အတွက် ပြည့်စုံလုံလောက်စွာ ကူညီမှု မပေးနိုင်ကြောင်း ရခိုင် အရပ်ဘက် အဖွဲ့အစည်းများက ဆိုသည်။
ရသေ့တောင်မြို့နယ် မေယုဒေသ ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ကိုမေယုထွန်းက “အခု ဆောင်းရာသီမှာ ရသေ့တောင်၊ ကျောက် တော်၊ အမ်း၊ နဲ့ မြေပုံ အခြားနေရာတွေက စစ်ဘေးရှောင်တွေ စောင်တွေ လိုအပ်နေတာရှိတယ်။ ကျနော်တို့က ရသေ့ တောင်ဘက်မှာ တတ်နိုင်သလောက်တော့ လှူဒါန်းပေးနေတယ်။ ကျန်တဲ့နေရာကိုတော့ နောက်မှ ပေးရမှာ။ အခုပေးနေ တာလည်း လူတိုင်းကိုတော့ လုံလုံလောက်လောက် မပေးနိုင်ဘူး။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို ဦးစားပေးပြီး ပေးနေရတာ” ဟု ဆိုသည်။
ယင်းသို့ စစ်ဘေးရှောင်များ အအေးဒဏ်ကို ခံရနေသည့်အတွက် ရောဂါများ ဖြစ်လာမည်ကို စိုးရိမ်နေရကြောင်း စခန်း တာဝန်ရှိသူတို့က ပြောဆိုနေကြသည်။
ရခိုင်ပြည်နယ် အစိုးရသည် ပြီးခဲ့သည့်နှစ်က ရခိုင်စစ်ဘေးရှောင်များအတွက် ဆောင်းရာသီ လိုအပ်ချက်ဖြစ်သည့် စောင်၊ အနွေးထည်၊ အိပ်ရာခင်းများကို ထောက်ပံ့ပေးမှုများ ရှိခဲ့သော်လည်း ယခုနှစ်တွင် ယင်းသို့ အစီအစဉ်ရှိ မရှိ မသိရသေး ကြောင်းနှင့် သက်ဆိုင်ရာမှ ညွှန်ကြားလာလျှင် ကူညီပေးရန် အသင့်ရှိကြောင်း ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။
ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲမင်းဦးက “ကျနော်တို့က ပြီးခဲ့တဲ့နှစ်က တချို့ စခန်းတွေကို စောင်တွေ၊ အထည်တွေ ထောက်ပံ့ခဲ့တာရှိတယ်။ ဒီနှစ်မှာတော့ သီးသန့်ထောက်ပံ့ဖို့တော့ ညွှန်ကြားထား တာ မရှိသေးဘူး။ ပြည်နယ်အစိုးရအနေနဲ့ သီးသန့်ထောက်ပံ့ဖို့ အစီစဉ်ရှိလား ဆိုတာ မသိရသေးဘူး။ ဌာနအနေနဲ့ ညွှန် ကြားစာတွေ ရောက်လာရင်တော့ ဆောင်ရွက်ပေးဖို့ အဆင်သင့် ရှိပါတယ်” ဟု ပြောသည်။
ယင်းသို့ ရခိုင်စစ်ဘေးရှောင်များ လိုအပ်နေသည့် အနွေးထည်များကို အစိုးရအနေဖြင့် မည်သို့ ကူညီပေးမည့် ဆိုသည့် ကိစ္စ နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရဖွဲ့ ပြောရေးဆိုခွင့် ရှိသူ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်ကို ဧရာဝတီက ဆက် သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် တပ်မတော်နှင့် AA တို့သည်၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်က တည်းက နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ၂ နှစ်ကျော် အချိန်ထိ ကြာမြင့်လာနေပြီး တိုက်ပွဲ ဖြစ်စဉ် များနှင့် ပတ်သက်ပြီး ဒေသခံ အရပ်သား သေဆုံးသူ ဒဏ်ရာရသူတို့လည်း ပို၍ များပြားလာနေခဲ့သည်။
တိုက်ပွဲ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဒေသခံများ ကျေးရွာများ မီးရှို့ခံရမှု၊ သံသယဖြင့် နှစ်ဖက်တပ်များ၏ ဖမ်းဆီးထိန်း သိမ်းခံရမှုတို့ကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ အိုးအိမ် စွန့်ခွာထွက်ပြေးနေရပြီး လက်ရှိတွင် ရခိုင်ပြည်နယ် မြောက် ပိုင်းမြို့နယ်တို့၌ စစ်ဘေးဒုက္ခသည် ၂၃၀၀၀၀ ကျော် ရှိကြောင်း စစ်ဘေးရှောင်အရေး စာရင်း ကောက်ယူနေသည့် ရခိုင် တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) ၏ စာရင်းအရ သိရသည်။
You may also like these stories:
စစ်ရှောင်တွေ နေရပ်ပြန်ရေးက ငြိမ်းချမ်းရေး အတွက် လှေကားထစ် တခုပါ
ရခိုင်တွင် စစ်ပွဲများ ရပ်တန့်နေ၍ စစ်ဘေးရှောင်အချို့ နေရပ်ပြန်