အခြေခံပညာ ဆရာ၊ ဆရာမ ၉၃ ဦးက ၎င်းတို့၏ ရာထူးတိုးကိစ္စဆိုင်ရာ နစ်နာချက်များ ဖြေရှင်းပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ သို့ ဒီဇင်ဘာလ ၁ ရက်တွင် အသနားခံစာပေးပို့လိုက်သည်။
အဆိုပါ အသနားခံစာတွင် အခြေခံပညာမူလတန်းမှ ဆရာ၊ ဆရာမများသည် မူလတန်းပြရာထူးမှ မူလတန်းကျောင်းအုပ်ရာထူးသို့ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်တွင် ရာထူးတိုး လျှောက်ထားခဲ့သော်လည်း ရာထူးတိုးကြောင်း ကြေညာချက်ထွက်မလာခဲ့ကြောင်း ရေးသားထားသည်။
ယင်းနောက် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်တွင် ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာဦးစီးဌာနက အခြေခံပညာတွင် ရာထူးတိုးဖွဲ့စည်းပုံ အသစ် ပြောင်းလဲကျင့်သုံးမည်ဖြစ်သဖြင့် ရာထူးတိုးစနစ်ဟောင်းအရ မူလတန်းကျောင်းအုပ် လျှောက်ထားခြင်းသည် ရာထူးအဆင့်ကျော် လျှောက်ထားခြင်းဖြစ်နေသောကြောင့် နိုင်ငံ့ဝန်ထမ်း ဥပဒေအရ ရာထူးတိုးပေး၍ မရပါကြောင်း ကြေညာခဲ့သည်။
အဆိုပါကြေညာချက်အရ ရာထူးတိုးစနစ်ဟောင်း ကာလအတွင်း မူလတန်းပြ ရာထူးမှ မူလတန်းကျောင်းအုပ် ရာထူးသို့ ရာထူးတိုးလျှောက်ထားသည့် လျှောက်ထားချက်များသည် ပယ်ဖျက်ခံလိုက်ရသည့် သဘောဖြစ်နေသဖြင့် ဆရာ၊ ဆရာမများအပေါ်နစ်နာမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း အသနားခံစာတင်သည့် ဆရာ၊ ဆရာများအဖွဲ့မှ မူလတန်းကျောင်းဆရာ ဦးဂင်ရှိန်က ပြောကြားသည်။
“စနစ်ဟောင်းမှာက မူလတန်းမှာ အနည်းဆုံး လုပ်သက် ၂ နှစ်ပြည့်လို့ရှိရင် မူလတန်းကျောင်းအုပ် လျှောက်ခွင့်ရှိတယ်ဗျ။ ကျနော်တို့သည် စနစ်ဟောင်းကာလမှာ လျှောက်ထားခဲ့တဲ့ သူတွေဖြစ်တယ်ခင်ဗျ။ အမှန်ဆိုရင် စနစ်ဟောင်းရဲ့ လက်ကျန်တွေအားလုံးကို အပြတ်ရှင်းထုတ်ပေးရမှာ ဖြစ်ပါတယ်။ အခုက အဲဒီလို အကုန်မရှင်းဘဲနဲ့ ကျနော်တို့ကို ရာထူးတိုးလျှောက်ခွင့်မရှိဘူးဆိုတော့ ဒါက တရားမျှတမှု လုံးဝမရှိပါဘူး” ဟု ၎င်းက ဆိုသည်။
အခြေခံပညာဦးစီးဌာနက အခြေခံပညာရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း စသည့် သက်ဆိုင်ရာ နယ်ပယ်အလိုက် ဆရာ၊ ဆရာမများကို ရာထူးတိုးမြှင့်ပေးမည့် စနစ်သစ်ကို ကျင့်သုံးမည်ဟု ကြေညာထားပြီး ယင်းစနစ်သစ်အရ ရာထူးတိုးသည့် ပုံစံများသည် ယခင်စနစ်ဟောင်းနှင့်မတူဘဲ လုံးဝ ကွဲပြားသွားသည်။
စနစ်ဟောင်းအရ ဆရာ၊ ဆရာမများသည် မူလတန်းပြ၊ အလယ်တန်းပြမှ အထက်တန်းပြအထိ အဆင့်ဆင့်ရာထူးတိုးသည်။
စနစ်သစ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းဟူ၍ နယ်ပယ်သုံးခု ခွဲထားသည်။
မူလတန်းတွင် မူလတန်းပြသည် ရာထူးအမြင့်ဆုံးဖြစ်ပြီး လုပ်သက် ၁၀ နှစ်ရှိသူများသာ ရရှိမည့် ရာထူးဖြစ်သည်။ ယင်းနောက်တွင် ဒု မူလတန်းပြ၊ လက်ထောက် မူလတန်းပြ ရာထူး အလိုက်ရှိ သည်။ အလယ်တန်းတွင်လည်း အလယ်တန်းပြ ရာထူးသည် အမြင့်ဆုံးဖြစ်ပြီး ယင်းနောက်တွင် ဒုအလယ်တန်းပြ၊ လက်ထောက် အလယ်တန်းပြ ရာထူးများ လိုက်သည်။ အခြေခံပညာ အထက်တန်းတွင်မူ ယင်းကဲ့သို့ ခွဲခြားမှု မရှိပေ။
စနစ်သစ်အရ လုပ်သက်နည်းနည်းဖြင့် မူလတန်းပြ သို့မဟုတ် မူလတန်းကျောင်းအုပ်ရာထူးများသို့ အလွယ်တကူရာထူးတိုးရန် မလွယ်တော့သဖြင့် ဆရာ၊ ဆရာမများက မကျေမနပ်ဖြစ်နေကြခြင်းလည်း ဖြစ်သည်။
“ကျနော်တို့မှာတော်တော်လေးကို နစ်နာတယ်။ အခုအလုပ်စဝင်မယ်ဆိုရင် ကျနော်တို့သည် လုပ်သက် ၇ နှစ်ပြည့်မှ ဒုမူလတန်းပြရာထူးကို ရမယ်ဗျ။ လုပ်သက် ၇ နှစ်မပြည့်ရင် လက်ထောက်မူလတန်းပြပဲ ဖြစ်နေမှာ။ ကျနော်တို့ လျှောက်ထားတဲ့ အတိုးအပြောင်းရာထူးကို သူတို့က လုံးဝ Cancel လုပ်လိုက်တာ။ အဲဒီလိုလုပ် လိုက်တာက ကျနော်တို့မှာ တော်တော်လေးကို နစ်နာတယ်။ ကျနော်တို့က စနစ်သစ်ဖွဲ့စည်းပုံအရဆိုရင် လက်ထောက်မူလတန်းပြ နေရာကိုရောက်သွားမှာဖြစ်တယ်” ဟု မူလတန်းပြ ဆရာ ဦးဂင်ရှိန်က ပြောကြားသည်။
အခြေခံပညာတွင် ရာထူးတိုးကိစ္စနှင့် ပတ်သက်၍ ဆရာ၊ ဆရာမများအတွက် နစ်နာမှုများရှိနေသည့်အပေါ် ဖြေရှင်းပေးရန် အစီအစဉ်ရှိမရှိ သိရှိနိုင်ရန် အခြေခံပညာဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူများထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။
အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကမူ ရာထူးတိုးစနစ်သစ်သည် ဆရာ၊ ဆရာမများအတွက် အခွင့်အလမ်းပင် ပိုမိုများပြားလာမည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးပတ်က ဧရာဝတီသို့ ပြောပြဖူးသည်။
ရာထူးတိုးစနစ်သစ်သည် မူလတန်းပြ ဆရာ၊ ဆရာမများ လုပ်သက်များလာသည်နှင့်အမျှ မူလတန်းသင်နေရသော်လည်း အထက်တန်းပြ လစာရလာမည်ဖြစ်ကြောင်း၊ ယခုစနစ်သည် ယခင်ကကဲ့သို့ လှေကားထစ်ပုံစံ ရာထူးတိုးမှုမျိုး မဟုတ်ဘဲ သက်ဆိုင်ရာနယ်ပယ်အလိုက် ရာထူးတိုးသွားမည့် သဘောဖြစ်ပြီး နယ်ပယ်တခုတည်းမှာပဲ အချိန်ကြာကြာတာဝန်ထမ်းရမည်ဖြစ်သဖြင့် ဆရာ၊ ဆရာမများ၏ သင်ကြားမှု အရည်အသွေးပိုကောင်းလာမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အခုက တချို့ကကျတော့ မူပြသည် နိမ့်တယ်။ အလယ်တန်းပြက နဲနဲမြင့်တယ်။ လက်ရှိရာထူးကနေပြောင်းလိုက်ရလို့ မကျေနပ်တဲ့သူတွေလည်းရှိတယ်။ ဒါက ခဏပြောင်းတာပါ။ နောက်ကျရင် ကိုယ်လိုချင်တဲ့ ရာထူးကို ပြန်ပြောင်းလို့ရတယ်။ ကျနော့်အမြင်အရတော့ အားနည်းချက်က မရှိသလောက်ပဲ။ နိုင်ငံတကာမှာလည်း ဒီလိုပဲ သွားနေတာ” ဟု ဦးကိုလေးဝင်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ထံ အသနားခံစာ တင်ထားသည့် ဆရာ၊ ဆရာမများသည် ဆင်ပေါင်ဝဲ၊ ဘိုကလေး၊ မော်လမြိုင်၊ နေပြည်တော်၊ ဖောင်းပြင်၊ တာချီလိတ်၊ ကန်ပက်လက်၊ ပုလော၊ ကျိုင်းတုံ၊ ဒလ၊ ကော့မှူး၊ ကျောက်မဲ၊ ကော့သောင်း၊ မော်လမြိုင်ကျွန်း၊ ပေါက်ခေါင်း၊ မိုးမိတ်၊ ပန်းတနော်နှင့် ဝက်လက်မြို့တို့တွင် သင်ကြားရေး တာဝန်ထမ်းဆောင်နေသူများဖြစ်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံပညာ ဆရာ၊ ဆရာမများကို တန်ဖိုးထားသူဖြစ်သည်ဟု ယူဆသဖြင့် ဆရာ၊ ဆရာမများ၏ နစ်နာချက်များကို အမြန်ဆုံးဖြေရှင်းပေးရန် စာပေးပို့တောင်းဆိုရခြင်းဖြစ်ကြောင်း အသနားခံစာပို့သည့် ဆရာ၊ ဆရာမများထံမှသိရသည်။
You may also like these stories:
တပါတီတည်း အနိုင်ရသော်လည်း အစိုးရကို ထိန်းကျောင်းခွင့် ရှိကြောင်း NLD ဒုဥက္ကဋ္ဌ ပြော
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များ အနွေးထည်နှင့် စောင်များ လိုအပ်နေ
မြန်မာနိုင်ငံတွင် HIV ကူးစက်ခံရမှု ၃၆ ရာခိုင်နှုန်းအထိ ကျဆင်းလာ