သတင်း

တပ်မတော်နှင့် AA တို့ နွေးဆွေးမှု ရခိုင်လူထု ကြိုဆို

Want create site? Find Free WordPress Themes and plugins.

ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲများများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဆက်ဆံရေးတင်းမာနေသည့် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့အကြား နိုဝင်ဘာ ၂၅ ရက်နေ့က Online မှတဆင့် ဆွေးနွေးမှုများ စတင်ခဲ့သည့် အပေါ် ရခိုင်လူထုက ကြိုဆိုကြောင်း ပြောကြသည်။

ထိုဆွေးနွေးမှုတွင် ရခိုင်ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန်၊ တိုက်ပွဲကြောင့် အခြေခံစားသောက်ကုန်၊ ဆေးဝါးပြတ်လပ်ကာ သယ်ယူရေးခက်ခဲနေသည့် ကျေးရွာများကို သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ဆောင်ရွက်နိုင်ရန်နှင့် ရရှိထားသောနှစ်ဘက်အပြန်အလှန်နားလည်မှုတို့ကို ထိန်းသိမ်းသွားရန်စသည့် အချက်များပါဝင်ကြောင်း AA ဘက်က သတင်းထုတ်ပြန်ထားသည်။

ရသေ့တောင်ဒေသခံ ကိုကျော်မင်းခိုင်က “ပြည်သူတွေရဲ့ အကျိုးစီးပွားကို ငဲ့ညှာတဲ့ သဘောနဲ့ နှစ်ဘက်တပ်တွေအနေနဲ့ ဒီထက် ဆက်လက်ပြီး အပစ်ခတ်ရပ်စဲပြီးနိုင်ရင်တော့ အရမ်းဝမ်းသာမိမှာ။ အခုက စပါးရိပ်သိမ်းကာလဖြစ်တာကြောင့် ပြည်သူအတွက် တပ်တွေအနေနဲ့ အခွင့်အရေးပေးတာဖြစ်တယ်။ အခုလက်ရှိမှာတော့ ပစ်ခတ်မှုတစုံတရာ မကြားရတဲ့ အတွက် ပြည်သူတွေက စိတ်ချမ်းနေကြတယ်။ ဆွေးနွေးမှုတွေ ဆက်လက် ခိုင်မာစေချင်တယ်” ဟု ဆိုသည်။

၂၀၁၈ နိုဝင်ဘာမှစ၍ အပြင်းအထန် ဖြစ်ပွားခဲ့သော နှစ်ဘက်တိုက်ပွဲများသည် နိုဝင်ဘာ ၈ ရက်နေ့ရွေးကောက်ပွဲ ရက်ပိုင်းမှ စ၍ ယနေ့အချိန်အထိ နှစ်ဘက် ပစ်ခတ်မှုမရှိဘဲ တည်ငြိမ်နေသလို စစ်ဘေးရှောင်အချို့နေရပ်ပြန်ခြင်း၊ ဒေသခံတို့ စပါးရိပ်သိမ်းခြင်းများပင် ပြုလုပ်နေကြပြီ ဖြစ်သည်။

တပ်မတော်နှင့် AA တို့သည် တဘက်နှင့် တဘက် ဆက်ဆံရေး တင်းမာနေသည့်အထဲမှ ယခုဖြစ်စဉ်မှာ နားလည်မှုရယူကာ အကြမ်းအားဖြင့် ကနဦးဆွေးနွေးမှုဖြစ်သော်လည်း ယင်းမှတစ်ဆင့် ဆွေးနွေးနိုင်မည့် အခွင့်အလမ်းများ ရရှိလာနိုင်ကြောင်းလည်းလည်း ရခိုင်နိုင်ငံရေးသမားများက မှတ်ချက်ပေးနေကြသည်။

ရခိုင့်ဦးဆောင်ပါတီ နာယကတဦးလည်းဖြစ် ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးကျော်လွင်က “ဒီပုံစံမျိုးအတိုင်းဆိုရင် အပြန်အလှန် ဆွေးနွေးနိုင်မယ့် စားပွဲဝိုင်းတခုကို ရောက်လာနိုင်တယ်လို့ အစမြင်တာပေါ့” ဟု ဆိုသည်။

ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် စစ်ပွဲဖြစ်စဉ်ကြောင့် ဒေသခံများသာ ထိခိုက်၊ နစ်နာ၊ ပျက်စီးမှု ပိုများသည့်အတွက် ပြည်သူလူထုများ၏ ဘဝလုံခြုံမှု၊ ငြိမ်းချမ်းမှုတို့ကို စာနာထောက်ထားကာ လမ်းများရှာဖွေပြီး နှစ်ဘက်တပ်များအနေဖြင့် ဆက်လက်ဆွေးနွေး ထပ်မံ အဖြေရှာသင့်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

စစ်ဘေးရှောင်အရေး အကူအညီပေးနေသည့် မင်းပြားဒေသခံ အမ်းသားကြီးက “ရခိုင်မှာ တိုက်ပွဲဖြစ်နေတာက နိုင်ငံရေးပဋိပက္ခကြောင့်ဖြစ်တာ။ နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ မဟုတ်ဘဲ စားပွဲဝိုင်းမှာ ဖြေရှင်းဖို့ လိုလားတယ်။ ရခိုင်မှာ စစ်ပွဲ ၂ နှစ်အတွင်းမှာ လူပေါင်းများစွာသေ၊ အိုးမဲ့အိမ်မဲ့ဖြစ်၊ နေအိမ်မီးရှို့ခံရ၊ သံသယနဲ့ ဖမ်းဆီးခံရတာတွေ မလိုချင်တော့ဘူး။ ဒါကြောင့် အခုကတော့ ပစ်ခတ်မှုတွေလျော့နည်းလာသလို ဆက်လက်ပြီးလည်း ဒီအတိုင်းဖြစ်စေချင်တယ်” ဟု ဆိုသည်။

လက်ရှိတွင် နှစ်ဘက်တပ်များ ပစ်ခတ်မှုရပ်တန့်နေခြင်းအပြင် ကားလမ်း၊ ရေလမ်းတလျောက် တပ်မတော်စစ်ဆေးရေး ဂိတ်တို့တွင်လည်း ပြည်သူများအပေါ် စစ်ဆေးမေးမြန်းမှုများ လျော့နည်းသွားကြောင်းလည်း ဒေခံများ ပြောပြချက်အရ သိရသည်။

ကိုအမ်းသားကြီးက “လက်ရှိမှာတော့ တိုက်ပွဲရပ်တော့ မှာလား၊ ပြန်ဖြစ်ဖို့ အားယူနေတာလားဆိုကိုတော့ မပြောနိုင်သေးဘူး။ ဒီကာလမှာတော့ စစ်အင်အား ဖြည့်တင်းမှုတွေကို မြင်နေရတယ်။ တပ်မတော်စစ်ဆေးရေး ဂိတ်တွေမှာလည်း စစ်ဆေးမှုတွေတော့ ရှိသေးတယ်။ ဒါပေမယ့်လည်း အရင်ကထက် စစ်ဆေးမှုတွေ လျော့နည်းသွားကိုလည်း တွေ့ရတယ်” ဟု ဆိုသည်။

ဆက်လက်ပြီး ယခုကဲ့သို့ နှစ်ဘက်စလုံးမှ အပစ်အခတ်ရပ်စဲနေခြင်းမှာ အချိန်ကာလတခု အထိသာဖြစ်နိုင်ပြီး လက်ရှိတွင် တပ်မတော် ဇက်သင်္ဘောများ သွားလာနေခြင်းတို့မှာ နေစဉ်ရှိနေသလို နှစ်ဘက်တပ်များ ရိက္ခာ၊ လက်နက်၊ လူအင်အား ဖြည့်တင်းခြင်းလည်း ဖြစ်နိုင်သည့်အတွက် ပြည်သူတို့မှာ စစ်ပွဲတကျော့ပြန်ဖြစ်လာမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။

ဦးကျော်လွင်က “အခုက အပြန်အလှန် စားပွဲဝိုင်းတခုမှာ လက်မှတ်ထိုးပြီး သဘောတူထားတာ ဘာမှ မရှိသေးဘူး။ ဒါကြောင့် သူတို့နှစ်ဘက် အပြန်အလှန်သံသယရှိတဲ့ အတွက် တဘက်က စိုးမိုးထားတဲ့ နေရာတခုခုကို ဝင်ရောက်လာတာနဲ့ တိုက်ပွဲကတော့ ချက်ချင်းဖြစ်လာနိုင်တယ်။ ဒီဟာတွေနဲ့ ပတ်သက်လို့ ရခိုင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရွေ့တွေဟာ စိတ်မချရသေးဘူး” ဟု ထောက်ပြသည်။

သိုသော်လည်း စစ်ပွဲရပ်တန့်နေသည့်အတွက် ယခုရက်ပိုင်းအတွင်း စစ်ဘေးရှောင်တချို့မှာ နေရပ်ပြန်ပြီး အခြေချရန် ပြင်ဆင်နေမှုအပြင် ဒေသခံ အချို့မှာ ပျော်ရွင်စွာဖြင့် ကျောက်တော်၊ မြောက်ဦးမြို့နယ်တို့ကို ဘုရားဖူး ခရီးသွားနေခြင်းများကိုလည်း မြင်တွေ့နေရသည်။

ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဗဟိုကော်မတီဝင် ဦးထွန်းအောင်ကျော်က “အခုလို ပြည်သူတွေရဲ့ အကျိုးကို ကြည့်ပြီးတော့ နှစ်ဘက်လက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ တိုက်ပွဲတွေရပ်စဲဖို့အတွက် ဆွေးနွေးမှုတခုဟာ ရခိုင်အတွက် ကောင်းမွန်တဲ့ အရာတခုဖြစ်တယ်လို့မြင်တယ်။ ဆက်လက်ပြီးတော့လည်း နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ စားပွဲဝိုင်းတွေမှာ အောင်မြင်စွာညှိနှိုင်းစေချင်တယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် တပ်မတော်နှင့် AA တို့သည်၂၀၁၈ ခုနှစ် နိုဝင်ဘာလ ကုန်ကတည်းက နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ၂ နှစ်ကျော် အချိန်ထိ ကြာမြင့်လာနေပြီး တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဒေသခံ အရပ်သား သေဆုံးသူ ဒဏ်ရာရသူတို့လည်း ပို၍ များပြားလာနေသည်။

ယင်းသို့ တိုက်ပွဲ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဒေသခံများ ကျေးရွာများ မီးရှို့ခံရမှု၊ သံသယဖြင့် နှစ်ဖက်တပ်များ၏ ဖမ်းဆီး ထိန်းသိမ်းခံရမှုတို့ကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး လက်ရှိတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်တို့တွင် စစ်ဘေးဒုက္ခသည် ၂၃၀၀၀၀ ကျော် ရှိကြောင်း စစ်ဘေးရှောင်အရေး စာရင်းကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ၏ စာရင်းအရ သိရသည်။

You may also like these stories:

လာမည့် ပြည်နယ်အစိုးရသစ်အပေါ် ရခိုင်ပြည်သူတွေ ဘယ်လိုမျှော်လင့်ကြသလဲ

မိုင်းကိုင်မြို့နယ်၌ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပါက ကန့်ကွက်ရန် မရှိဟု RCSS ပြော

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များ အနွေးထည်နှင့် စောင်များ လိုအပ်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading