မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသည့် ဆရာဝန်နှင့် ဆေးရုံဝန်ထမ်း စုစုပေါင်း ၁၀၀ ခန့် Covid-19 ရောဂါ ကူးစက်ခံထားရကြောင်း သိရသည်။
တာဝန်ကျ ဆရာဝန် ၂၀ ဦး၊ သူနာပြု ၂၀ ဦးနှင့် ဆေးရုံဝန်ထမ်း ၆၀ ဦးခန့် ကူးစက်ခံထားရခြင်းဖြစ်ကြောင်း မန္တလေးပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ နွေးနွေးလှိုင်က ဧရာဝတီ၏ မေးမြန်းမှုကို ဖြေကြားသည်။
ကိုဗစ် ပိုးတွေ့လူနာများကို ကုသမှုပေးရာမှတဆင့် ကျန်းမာရေးဝန်ထမ်းများ ကူးစက်ခံရမှုဖြစ်နိုင်သလို မိသားစုမှတဆင့် ကူးစက်ခံရခြင်း၊ ယင်းမှတဆင့် ကျန်းမာရေးဝန်ထမ်း အချင်းချင်း ထိစပ်မှုရှိ၍ ထပ်ဆင့် ကူးစက်ခြင်းလည်း ဖြစ်နိုင်ကြောင်း ဆေးရုံအုပ်ကြီးက ရှင်းပြသည်။
ဒေါက်တာနွေးနွေးလှိုင် က “လူထုကြားမှာ တော်တော်လေး ကူးစက်မှုနှုန်းများပြီး ပျံ့နှံ့နေတာဆိုတော့ ဆေးရုံမှာ ဆေးကုသရင်းနဲ့လည်း ကူးပြီး မိသားစုကို ကူးသွားတာလည်း ဖြစ်နိုင်တယ်။ မိသားစုတွေက ရပ်ကွက်ထဲမှာနေတာဆိုတော့ မိသားစုကနေကူးပြီး ကျန်းမာရေးဝန်ထမ်းကို ကူးစက်သွားတာလည်း ဖြစ်နိုင်တာပဲ” ဟု ပြောသည်။
ယင်း ကူးစက်ခံရသူများကို ကိုဗစ်လူနာများအတွက်ထားရှိသည့် သီးသန့်ဆောင်သို့ ပို့ဆောင်၍ ကျန်ရှိသည့် ကျန်းမာရေးဝန်ထမ်း အင်အားဖြင့် ဆက်လက် လည်ပတ်နေကြောင်း သိရသည်။
ကိုဗစ် ရောဂါနှင့်ပတ်သက်ပြီး မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် စစ်ဆေးမှုများပြုလုပ်ပေးနေပြီး ပိုးတွေ့လူနာများကို ဧရာဝတီစင်တာ၊ ကန်တော်နဒီဆေးရုံ၊ ကုတင် ၃၀၀ ဆေးရုံ၊ အလုပ်သမားဆေးရုံ၊ တိုင်းရင်းဆေးရုံနှင့် သံဃာ့ဆေးရုံ စသည်တို့တွင် ကုသမှုများဆောင်ရွက်ပေးနေပြီး Quarantine ထားရှိရန်နှင့် ကုသမှုပေးရန်အတွက် စင်တာများ၊ ဆေးရုံများ ထပ်မံတိုးချဲ့လုပ်ဆောင်နေကြောင်း သိရသည်။
လက်ရှိတွင် တိုင်းဒေသကြီးအစိုးရက ကိုဗစ် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တားမြစ်ကန့်သတ်ချက်များ ထုတ်ပြန်ထားသလို ပြည်သူများကလည်း ရောဂါထိန်းချုပ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်သင့်ကြောင်း မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ နွေးနွေးလှိုင်က ဆိုသည်။
“Mask တပ် လက်ဆေး ၊ အပြင်မထွက်နဲ့၊ လူစုလူဝေးရှောင်။ ဒါတွေပဲ လုပ်ရမှာပါ။ ဈေးဝယ်ဈေးရောင်း Mask တပ် Face Shield တပ်ပေါ့။ ပွဲတွေလည်း မမက်ကြပါနဲ့ဦး။ ကျမတို့ တလလောက်ကို သေချာအောင့် လိုက်ရင် ရောဂါကို ထိန်းချုပ်နိုင်သွားမှာပါ။ အဓိက ပြည်သူလူထုက လိုက်နာဆောင်ရွက်မှ ဒီရောဂါက ပျောက်မှာပါ” ဟု ဒေါက်တာ နွေးနွေးလှိုင်က ပြောသည်။
ကိုဗစ်ကူးစက်မှုနှုန်းကျဆင်းရေးအတွက် ပြည်သူများက ကိုဗစ်စည်းကမ်းများကို လိုက်နာမည်ဆိုပါက ကူးစက်မှုကို ထိန်းသိမ်းနိုင်မည်ဖြစ်၍ လူစုလူဝေးမဖြစ်အောင် စည်းကမ်းလိုက်နာပေးကြရန် လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီဇင်ဘာလ ၁ ရက်နေ့က သတင်းမီဒီယာများအား ပြောကြားထားသည်။
ဒေါက်တာဇော်မြင့်မောင်က “ထုတ်ထားတဲ့ စည်းကမ်းတွေ လိုက်နာရင် ကျနော်တို့ မန္တလေးအတွက်က ထိန်းနိုင်မှာ၊ အကယ်၍ မလိုက်နာဘူးဆိုရင် ဆက်ဖြစ်သွားမယ်။ ကူးသွားမယ်။ ဘယ်ထိ ကူးသွားမလဲဆိုရင် နောက်နှစ်ပိုင်းထိ ကူးသွားမယ်။ ဘာလို့ဆိုပွဲကြီးက ၂ ပွဲကျန်သေးတယ်။ ခရစ်စမတ် တပွဲကျန်တယ်။ နယူးရီးယား တပွဲကျန်တယ်။ ကျနော်တို့ လူမစုစေချင်ဘူး” ဟု ပြောသည်။
မန္တလေးခရိုင် ၇ မြို့နယ်တွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၄၇၀၀ ကျော်နှင့် ခရိုင်လူဦးရေမှာ ၁.၃ သန်းခန့်ရှိသည်ဖြစ်ရာ အချိုးအရ လူ ၁၀၀၀ တွင် ၄ ဦးခန့် ကိုဗစ်ကူးစက်ခံနေရကြောင်း၊ လက်ရှိတွင် မန္တလေး ကျုံးဘေးတွင် မိသားစုများ၊ စုံတွဲများ၊ အုပ်စုလိုက် လာရောက် အနားယူ အပန်းဖြေနေကြသည်များ ရှိနေပြီး ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့က လူစုလူဝေးမဖြစ်စေရန် လိုက်လံ သတိပေးနေရကြောင်း ၎င်းက ဆိုသည်။
ဒေါက်တာဇော်မြင့်မောင်က “မန္တလေးလူထုက ကိုဗစ်ကိုကြောက်သလား၊ မကြောက်သလားကတော့ ဆုံးဖြတ်ရတောင် ခက်ခဲနေတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်မြို့ထဲပတ်ကြည့်ပါတယ်။ အုပ်စုလိုက် မိသားစုလေးတွေ၊ အတွဲလေးတွေ ကျုံးဘေးမှာ အပန်းဖြေနေကြတာ။ သူတို့လည်း သွားစရာမရှိဘူးနဲ့တူပါတယ်။ ဒါပေမယ့် ကျနော်တို့က ရဲ နဲ့ အုပ်ချုပ်ရေးနဲ့က လူစုခွဲပေးဖို့ လိုက်ပြီးတော့ ကြေငြာနေတာကို ဘယ်သူကမှ ဂရုမစိုက်ကြဘူး ဖြစ်နေတယ်” ဟု ဒီဇင်ဘာလ ၁ ရက်က ပြောကြားထားသည်။
မန္တလေးမြို့တွင် ရောဂါကူးစက်မှုများလာသည့်အခြေအနေမှာ ပြည်သူများအတွက် စိုးရိမ်စရာဖြစ်လာကြောင်း၊ ကျုံးဘေးကဲ့သို့သော နေရာများတွင် အပျော်သဘော လည်ပတ်မှုများကြောင့် လူစုလူဝေးပုံစံ ဖြစ်နေသည်ကို အစိုးရအနေဖြင့် သေသေချာချာ ကြပ်မတ်ထိန်းသိမ်းသင့်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိအသိစိတ်ဖြင့် ရှောင်ရှားသင့်ကြောင်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှ ဦးသိန်းတိုးအောင်က ပြောသည်။
ဦးသိန်းတိုးအောင်က “အဲဒါမျိုးတွေကို အစိုးရက စိစစ်ပြီး အရေးယူသင့်တာတွေကို ယူနိုင်ရင် ကောင်းတာပေါ့။ အခုဟာက အစိုးရပိုင်းကလည်း အဲဒီအပေါ်မှာ ထိထိရောက်ရောက် အရေးယူတာ သိပ်မတွေ့ရဘူး။ အရေးမယူတဲ့အပိုင်းကို အသုံးချလာပြီး မလိုလားအပ်ဘဲနဲ့ လူစုလူဝေးတွေ ဖြစ်နေတယ်။ အဲဒီအပေါ်မှာ မန္တလေးက ရောဂါမဖြစ်သင့်ဘဲ ပိုပြီး ဖြစ်လာတယ် တိုးပွားလာတယ်လို့ ကျနော်က အဲဒီလိုပဲ မြင်တယ်”ဟု ပြောသည်။
မန္တလေးတွင် ကိုဗစ်ပိုးတွေ့သူ တရက်လျှင် ၁၅၀၊ ၂၀၀ ခန့်အထိ ရှိလာသည့်အတွက် မြို့သူမြို့သားအချို့က Semi lockdown ပုံစံ နိုင်ငံတော်က လုပ်စေချင်ကြသည်များရှိကြောင်း၊ ပြည်သူများ၏ စည်းကမ်း လိုက်နာမှု အားနည်းသည်ကိုလည်း တွေ့ရကြောင်း ပရဟိတ မင်းခေါင် ရှာဖွေကယ်ဆယ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်တင့်က ပြောသည်။
လက်ရှိတွင် အနံ့ပျောက်လူနာများ အရမ်းများလာ၍ ဆေးရုံသို့ လူနာသယ်ယူပို့ဆောင်ခြင်းကို မနက် ငါးနာရီခန့်မှ ညသုံးနာရီခန့်အထိ ပြုလုပ်ပေးရသည့်အခြေအနေအထိ ဖြစ်လာကြောင်း၊ ဆေးရုံများတွင်လည်း ကိုဗစ်သံသယလူနာအရေအတွက်များလာသည်နှင့်အမျှ နေရာအခက်အခဲများ ကြုံနေရကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ပြည်သူတွေအနေနဲ့ ဒီအချိန်မျိုးမှာ လုံးဝ စည်းကမ်းတကျ နေသင့်တယ်။ Mask နဲ့ သွားတာလာတာ။ Semi-lockdown ဆိုရင်လည်း နိုင်ငံတော်အစိုးရက ချမှ lockdown လို့ မသက်ရောက်ဘဲနဲ့ မိမိကိုယ်ကို မိမိ အသိစိတ်လေးနဲ့ ကိုယ့်ကိုယ်ကို Semi-lockdown ချနေသင့်တယ်လို့ ထင်တယ်” ဟု ဦးခင်မောင်တင့်က ဆိုသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ် ကာကွယ်ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ယခင်ထုတ်ပြန်ထားသည့် ကန့်သတ်မှုထားများကို ဒီဇင်ဘာလ ၁၆ ရက်အထိ တိုးမြှင့်လိုက်ကြောင်းလည်း တိုင်းဒေသကြီးအစိုးရက ကြေငြာထားသည်။
ထို့ကြောင့် လူထုအပန်းဖြေရာနေရာများ၊ ပန်းခြံ၊ ကလေးကစားကွင်း၊ စကိတ်ကွင်း၊ KTV၊ စင်တင်တေးဂီတ၊ ရုပ်ရှင်ဗီဒီယိုရုံများ၊ အလှပြင်ဆိုင်များ၊ အားကစားခန်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ ဆက်လက် ယာယီ ပိတ်ထားရမည်ဖြစ်သလို စားသောက်ဆိုင်၊ ဘီယာဆိုင်၊ လဘက်ရည်ဆိုင်များလည်း ဆက်လက်ပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရမည်ဖြစ်သည်။
လူစုလူဝေးဖြင့် ကျင်းပမည့် ဘာသာရေး လူမှုရေးဆိုင်ရာ အခမ်အနားများ၊ ပွဲတော်များ၊ ဆုတောင်းပွဲများကိုလည်း ယာယီ ရပ်နားထားရမည်ဖြစ်သည်။
ထို့အပြင် တိုင်းအစိုးရက မန္တလေးခရိုင်အတွင်း ကိုဗစ် ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုပိုမိုများပြားလာ၍ဟုဆိုကာ ဒီဇင်ဘာလ ၅ ရက်မှ ၁၈ ရက်အထိ နှစ်ပတ်အကြာ တားမြစ်ကန့်သတ်မှုများထပ်မံချလိုက်ကြောင်း အချက် ၁၇ ချက်ပါ ကြေညာချက်ကို ဒီဇင်ဘာလ ၂ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းထုတ်ပြန်ချက်အရ ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီ အရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သားငါး၊ အအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာလုပ်ငန်းများ၊ ရေသန့်လုပ်ငန်း၊ နေ့စဉ်တကိုယ်ရေသုံးပစ္စည်းထုတ်လုပ်သည့် စက်ရုံများလုပ်ငန်းများ၊ ဆိပ်ကမ်း ပို့ကုန် သွင်းကုန် သယ်ဆောင်သည့် ကုန်တင်မော်တော်ယာဉ်များ၊ ရေယာဉ်လုပ်ငန်းများ၊ ကုန်တွင်းကုန်သေတ္တာစခန်းများ၊ ကုန်းတွင်းဆိပ်များ၊ ကြိုးဖုန်းနှင့် မိုဘိုင်းဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှု၊ တာဝါနှင့်ဖိုင်ဘာပြုပြင်ခြင်း စသည်များမှ ကျန်လုပ်ငန်းများကို လုပ်ကိုင်ခြင်းမပြုလုပ်ရန် တားမြစ်ထားသည်။
ယင်းလုပ်ငန်းများတွင် မပါဝင်သည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများအနေဖြင့် နေအိမ်မှ လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မဖြစ်မနေ ဈေးဝယ်ရန် တအိမ်တဦးသာ သွားရောက်ရန်နှင့် ယာဉ်မောင်းတဦး ဈေးဝယ်သူ တဦးကိုသာ ခွင့်ပြုမည်ဖြစ်ကြောင်း၊ ဆေးရုံဆေးခန်းသွားလိုပါက ယာဉ်မောင်းအပါအဝင် သုံးဦးသာ သွားရောက် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ကျုံးဘေးတွင် အပန်းဖြေအနားယူခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်းများကို သတ်မှတ်ကာလအတွင်း လုံးဝမပြုလုပ်ရန်လည်း တားမြစ်ထားသည်။
ညအိပ်လာရောက်တည်းခိုမည့်သူများအနေဖြင့် ရောဂါပိုးကင်းရှင်းကြောင်း ကျန်းမာရေးဌာန၏ ထောက်ခံချက် ပါရှိရမည်ဖြစ်ကြောင်း၊ ကုန်စည်ပို့ဆောင်သောကားများမှ လွဲ၍ ကျန်မော်တော်ယာဉ်များ ညအိပ်ရပ်နားခြင်း မပြုရန်လည်း ထုတ်ပြန်ထားသည်။
ယင်းညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ပြီး ထုတ်ပြန်ချက်ကို အသိပညာပေးကာလအဖြစ် ပြည်သူလူထုအား လိုက်လံအသိပေးနေပြီဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂ ရက်နေ့အထိ မန္တလေးခရိုင်တွင် ကိုဗစ် ပိုးတွေ့ရှိသူ ၅ ထောင်ကျော်၊ ရောဂါပျောက်ကင်းသူ ၃ ထောင်ကျော်၊ ဆေးရုံတက် ကုသခံနေရသူ ၁၉၀၀ ကျော်၊ သေဆုံးသူ ၅၀ ကျော်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ၏ ထုတ်ပြန်ချက်အရ သိရသည်။
You may also like these stories:
အောက်စဖို့ဒ် ကိုဗစ်ကာကွယ်ဆေးက ဘာ့ကြောင့် ကမ္ဘာကို ပိုအကျိုးများစေနိုင်သလဲ
ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်သည့် ဆရာ၊ ဆရာမ ၅၀ ကျော် ကိုဗစ်ကူးစက်ခံရ
တရားမဝင် ကိုဗစ်ဆေးစစ်မှုများ တွေ့ရှိက ဆေးရုံဆေးခန်း ပိတ်သိမ်းမည်