မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်က ပြန်လည်ဝင်ရောက်လာသူများ အနက်မှ ကိုဗစ်ပိုး ကူးစက်မှု တွေ့ရှိသူ ၁၀ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန က ဒီဇင်ဘာ ၂ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုထားသည်။
ကိုဗစ်ပိုး ကူးစက်ခံရသည့် ထိုင်းအမျိုးသမီး ၁၀ ဦးသည် တာချီလိတ်မြို့ရှိ 1G1 ဟိုတယ်ရှိ ကာစီနိုလောင်းကစားရုံနှင့် ဖျော်ဖြေရေး လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ကြသူများဖြစ်ကြောင်း ကူးစက်ရောဂါများ ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ Sopon Iamsirithaworn က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
တာချီလိတ်မြို့ပေါ်က 1G1 ဟိုတယ်တွင် အလုပ်လုပ်ကိုင်ခဲ့သည့် ထိုအမျိုးသမီးများသည် တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့အကြားရှိ ချောင်းကို နိုဝင်ဘာလ နှောင်းပိုင်းက တရားမဝင် ဖြတ်ကျော်ကာ ပြန်ဝင်လာသူများဖြစ်ကြောင်း သိရသည်။
ထိုအမျိုးသမီးများသည့် ဘန်ကောက်၊ ချင်းမိုင်နှင့် ဖယောင်း တို့မှ ဖြစ်ပြီး ထိုင်းအစိုးရက ၎င်းတို့ကို ကျန်းမာရေး စောင့်လျှောက်မှု ြ့ပုလုပ်ပေးထားသလို ၎င်းတို့ရောက်ရှိခဲ့သည့် နေရာများ၊ ထိတွေ့ခဲ့သူများနှင့် ထိစပ်နိုင်ခြေရှိသူများကို ကိုဗစ် စစ်ဆေးမှုနှင့် စောင့်ကြည့်မှုများ ပြုလုပ်ထားကြောင်း သိရသည်။
ထိုင်းအမျိုးသမီးများ အလုပ်လုပ်ကိုင်ခဲ့သည့် တာချီလိတ်မြို့ပေါ်က 1G1 ဟိုတယ်မန်နေဂျာကိုတော့ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မဖြင့် နိုဝင်ဘာ ၂၉ ရက်နေ့ က တရားစွဲဆိုထားကြောင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က ဧရာဝတီသို့ အတည်ပြုသည်။
ဦးချမ်းမြေ့စော က “ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး 1G1 ဟိုတယ်မန်နေဂျာနကို တရားစွဲထားပါတယ်။ တခြားနေရာတွေမှာတော့ ကာစီနိုဖွင့်တယ်၊ ဖျော်ဖြေရေးတွေ ဖွင့်တယ်ဆိုတာမျိုးတော့ မရှိပါဘူး။ ဒါမျိုးတွေမလုပ်ကြဖို့လည်း ပြောချင်ပါတယ်” ဟု ပြောသည်။
တာချီလိတ်မြို့တွင် နေထိုင်သည့် သတင်းစာဆရာတဦးကတော့ အဆိုပါ 1G1 ဟိုတယ်တွင် တည်းခိုခန်းများအပြင် အွန်လိုင်း ကာစီနိုလောင်းကစားဝိုင်းများ၊ ကာရာအိုခေခန်းများ၊ အနှိပ်ခန်းများ ရှိကြောင်း ဧရာဝတီသို့ ပြောသည်။
ယခုနှစ် ဧပြီလကလည်း တာချီလိတ်မြို့နယ်၊ ဝမ်ကောင်းရပ်ကွက်၊ ကံ့ကော်လမ်းရှိ Mr. Crush Barတွင် လူစုလူဝေးဖြင့် သင်္ကြန်ရေကစား ကခုန်ခဲ့ကြသူ ထိုင်းနိုင်ငံသားအပါအဝင် ၁၂ ဦးကို အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ခဲ့သော်လည်း ပြည်နယ်သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ငွေကျပ် ၅၀၀၀ သာ ဒဏ်ရိုက်နိုင်သည့် ကူးစက်ရောဂါကာကွယ် နှိမ်နှင်းရေးဥပဒေဖြင့် ပြောင်းလဲ အရေးယူခဲ့သဖြင့် ဝေဖန်မှုများရှိခဲ့သည်။
ထိုင်းနိုင်ငံကတော့ ကိုဗစ်ကူးစက်မှု လျော့နည်းသွားတာ ကြာပြီဖြစ်သဖြင့် ပြည်တွင်း ခရီးသွားလုပ်ငန်းများ အပါအဝင် လုပ်ငန်းတော်တော်များများကို မကြာခင် လပိုင်းများကတည်းက ပြန်စနိုင်ခဲ့ကြသည်။ သို့သော်လည်း ယခု ကူးစက်မှုကြောင့် စိုးရိမ်မှုများရှိနေကြပြီး အဆိုပါ ဒေသအချို့တွင် ကျောင်းများပင် ပိတ်ထားလိုက်ရသည်။
ပြည်တွင်း၊ ပြည်ပ ခရီးသွားများဖြင့် စည်ကားသည့် ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော် ချင်းမိုင်ကတော့ ဒီဇင်ဘာနှင့် နှစ်သစ်ကူး ကာလများသည် ခရီးသွားအများဆုံး ကာလဖြစ်သဖြင့် ထိုအတွက် ပြင်ဆင်မှုတော်တော်များများ ပြုလုပ်ထားသည်ကို တွေ့ရသည်။
သို့သော်လည်း ယခု ကိုဗစ် ကူးစက်မှု သတင်းကြောင့် ခရီးသွားများ နည်းပါးသွားမည် စိုးရိမ်သဖြင့် ကူးစက်မှု မတိုး့ပွားစေရန် အတွက် ကိုဗစ်ပိုးရှိသူ တဦးကို ဘတ် တသိန်း (ကျပ် သိန်း ၄၀ ကျော်) ပေးမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ ကိုဗစ်ကြောင့် သေဆုံးခဲ့လျှင်တော့ ဘတ် တသန်း ပေးမည်ဖြစ်သည်။
ထိုင်းအစိုးရအနေဖြင့်လည်း ကိုဗစ်ကာကွယ်ဆေးကို ၂၀၂၁ မေလကစပြီး စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း ကြေညာလိုက်ပြီး ကာကွယ်ဆေးကို ကနဦး လူ ၁၃ သန်းကို အခမဲ့ ထိုးပေးမည်ဖြစ်ကြောင်းနှင့် ထိုအတွက်လည်း ပြင်ဆင်မှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ကိုဗစ် ရောဂါ စဖြစ်ကတည်းက ယခုချိန်ထိ ကူးစက်ခံထားရသူ စုစုပေါင်း ၄ ထောင်ကျော်ရှိပြီး သေဆုံးသူ ၆၀ ကျော်ရှိထားသည်။ မြန်မာနိုင်ငံတွင် စဖြစ်စဉ်ကတည်းက ယခုချိန်ထိ ကူးစက် ခံထားရသူ ၉ သောင်းကျော်ရှိပြီး သေဆုံးသူ စုစုပေါင်း ၂ ထောင်ကျော် ရှိပြီဖြစ်သည်။
You may also like these stories:
မန္တလေးပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်း ၁၀၀ ခန့် ကိုဗစ် ကူးစက်ခံရ
ယူကေရဲ့ ကာကွယ်ဆေး ခွင့်ပြုချက်ဟာ အလျင်စလိုနိုင်တယ်လို့ ဝေဖန်ခံရ
အောက်စဖို့ဒ် ကိုဗစ်ကာကွယ်ဆေးက ဘာ့ကြောင့် ကမ္ဘာကို ပိုအကျိုးများစေနိုင်သလဲ