သတင်း

ကရင်ရိုးရာ ဒုံးအကအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး အစိုးရ ကြိုးပမ်း

ကရင်ရိုးရာ ဒုံးအကအား ကမ္ဘာ့အမွေအနှစ် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရေး ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း (UNESCO) သို့ တင်သွင်းနိုင်ရန် ကရင်ပြည်နယ် အစိုးရအဖွဲ့က ဦးစီးဆောင်ရွက်လျက် ရှိ ကြောင်း သိရသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကိုယ်တိုင် ဦးစီးဆောင်ရွက်မှုဖြင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူများ၊ ကရင်ရိုးရာ ဒုံးအက ပညာရှင်များ၊ ကရင်စာပေ ယဉ်ကျေးမှုအဖွဲ့များ၊ ဘားအံ တက္က သိုလ် သမိုင်းဌာနမှ ပါမောက္ခ၊ ကထိကနှင့် ဝန်ထမ်းများလည်း ပါဝင်ကူညီနေကြောင်း ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ဧရာဝတီကို ပြောသည်။

UNESCO တင်သွင်းရန် အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီကို အဆိုပြုထားပြီး ဇွန် လခန့်မှ စတင်ကာ ကရင်ရိုးရာ ဒုံးအက ကကြိုးကကွက်၊ တေးအလင်္ကာ၊ တူရိယာ၊ ရိုးရာသင်တိုင်း၊ စာပေယဉ်ကျေးမှု ဟူ၍ သုတေသနလုပ်ငန်း ၅ ခု ခွဲကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဦးဘိုဘိုဝေမောင်က “ကျနော်တို့ ယဉ်ကျေးမှုကို ရေရှည်တည်တံ့ ခိုင်မြဲစေချင်တယ်။ တကမ္ဘာလုံးကလည်း အသိအမှတ် ပြု စေချင်တယ်။ သမိုင်း အစဉ်အဆက်တွေကို လက်လှမ်းမီတဲ့ အချိန်မှာ၊ ပညာရှင်ကြီးတွေ ရှိနေသေးတဲ့အချိန်မှာ နောင်လာ နောက်သားတွေအတွက် စနစ်တကျ ပြုစုထားခဲ့ချင်တယ်။ ဒီလို ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်တာပါ” ဟု ပြောသည်။

ကရင်ရိုးရာ ဒုံးအကအား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် (Intangible Cultural Heritage-ICH) အဖြစ် UNESCO တင်ရန် သာမက ဒုံးအကနှင့် ပတ်သက်သည့် ကျမ်းစာတစောင် ပေါ်ပေါက်လာရေး၊ အခြေခံပညာရေးရှိ ဂီတချိန်များ၌ ဒုံးအကသင် ကြားနိုင်ရေးအထိပါ ကြိုးပမ်းနေသည်ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက ဒုံးဟူသည် ယဉ်ကျေးမှုသက်သက် မဟုတ်ဘဲ ကရင်လူမျိုးတို့၏ ဖြစ်တည်မှု၊ ဓလေ့စရိုက်များအပေါ် မူတည်၍ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဒုံးကသည့်အခါ ဝတ်စားဆင်ယင်မှုပုံစံ (Pattren)က အစ သီချင်းများအဆုံး တခုချင်းစီ၌ အနက် အဓိပ္ပာယ်များ ရှိကြောင်း၊ ထိုအရာများအားလုံး စုပေါင်းကာ တင်သွင်းသွားမည် ဖြစ်ကြောင်း ရှင်းပြသည်။

ဦးဘိုဘိုဝေမောင်က “ကျနော်တို့ဘက်ကတော့ အကောင်းဆုံး မျှော်လင့်ထားတယ်။ အကောင်းဆုံးလည်း ကြိုးစားတယ်။ တနှစ်မရရင် နောက်တနှစ်ပေါ့။ ရတဲ့အထိ လုပ်ရမယ်။ ဒါက သင်ယူမှု လုပ်ငန်းစဉ် တခုလည်း ဖြစ်ရင်ဖြစ်မယ်။ ပြည် ထောင်စု အဆင့်မှာရော၊ နိုင်ငံတကာ အဆင့်မှာရော ဝင်နိုင်အောင် ဆက်တိုက်ကြိုးပမ်းသွားမယ်။ ဝင်တဲ့အထိ အင်တိုက် အားတိုက် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ကရင်စာပေ ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး ဒေါ်နန်းမြင့်တင် ကလည်း လက်ရှိတွင် ဒုံးကကြိုးကကွက်များကို ပဒေသ ရာဇ် ခေတ်မှစ၍ ယနေ့ခေတ်ထိတိုင် တဆင့်ချင်း ရှာဖွေပြီး မှတ်တမ်းရိုက်ကူးမှုများ၊ ဒုံးအကကို မည်သို့ လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့သည် ဟူသော မှတ်တမ်းပြုစုခြင်းများ စသည်ဖြင့် သက်ဆိုင်ရာ သုတေသန လုပ်ငန်းအဖွဲ့များက မြေပြင်ကွင်း ဆင်း ဆောင်ရွက်လျက် ရှိကြောင်း ပြောပြသည်။

ဒေါ်နန်းမြင့်တင် က “ကိုယ်တောင် တချို့ဟာ ကောင်းကောင်း မသိဘူး။ အခုမှပဲ သွားတဲ့အခါ ဒေသကပြောပြတော့ အရမ်း ဆန်းကြယ်တာပဲ။ ကျမတို့ အခုမှ ရှာဖွေလေ၊ သိရှိလေလေ ဖြစ်တယ်။ ကိုယ်လုပ်ခွင့်ရတာကိုလည်း ဝမ်းသာတယ်။ အချက်အလက်တွေ လည်း တော်တော်လေး ရရှိခဲ့တယ်” ဟု ပြောသည်။

ကရင်ဒုံးသည် ရှေးယခင် ကရင်လူမျိုးများ စုပေါင်းတောင်ယာ လုပ်ကြချိန်၌ ဝါးပလိုင်းကို တုတ်ဖြင့် ခေါက်ပြီး ထွက်လာ သည့်အသံ၊ ဝါးစည်းချက်အပေါ် ခြေထိုးပြီးကရာမှ စခဲ့ကာ တဆင့်ဆင့် ပြောင်းလဲလာခြင်း ဖြစ်ကြောင်း၊ ကသည့်အခါ၌ ကလေးအရွယ်၊ အပျိုအရွယ် ကသည်က တမျိုး၊ အဖွားကြီး ကသည့်ဒုံး၊ လူပျိုးကြီးဒုံး စသည်ဖြင့် ကွဲပြားသလို သမင်ဒုံး၊ ကျားဒုံး၊ ဆင်ဖြူတော်ဒုံး၊ မိချောင်းဒုံး ဟူ၍လည်း အမျိုးအစား စုံလင်စွာ ရှိကြောင်း သိရသည်။

ဒေါ်နန်းမြင့်တင်က “တိုင်းရင်းသား အကကို ပထမဦးဆုံး ဆောင်ရွက်တဲ့အတွက်ကြောင့် UNESCO မှာ တန်းဝင်နိုင်ဖို့ တခြား တိုင်းရင်းသားတွေရဲ့ ထောက်ခံချက်ကိုလည်း ရချင်ပါတယ်။ Cabinet မှာ ပြန်ရွေးချယ်တဲ့ နေရာမှာလည်း ယှဉ်ပြိုင် စရာ တခု နှစ်ခု ရှိတယ်။ နောက်ထပ်လည်း တင်လို့ရပေမယ့် ပထမဦးဆုံး ကြိုးစားတဲ့အချိန်မှာပဲ တိုင်းရင်းသားအနေနဲ့ပါ ချင်ပါတယ်” ဟု ပြောသည်။

ဒီဇင်ဘာ၂ ရက်က ပြုလုပ်သည့် UNESCO တင်သွင်းရန် အဆိုပြုထားသော ကရင်ရိုးရာ ဒုံးအကဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး၌လည်း ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က UNESCO Form အတွက် လိုအပ်သည့် မူကြမ်းကို ရေးသွင်းပြီး ဖြစ်သော်လည်း ပြင်ဆင်ဖြည့်စွက်မှုများ ဆောင်ရွက်ရန် ကျန်ရှိနေသေးကြောင်း၊၂၀၂၁ ဇန်နဝါရီလဆန်းပိုင်း ခန့်တွင် အချောသတ် ထပ်မံ ရေးသွင်းသွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။

ပြည်ထောင်စု အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို စုစည်းပြီး အမျိုးသားအဆင့်၊ နိုင် ငံတကာအဆင့် (UNESCO တင်သွင်းပြီး) ထိန်းသိမ်းရန် ဆောင်ရွက်နေမှုများရှိရာ တိုင်းနှင့်ပြည်နယ်အလိုက် ဖွဲ့စည်းပေး ထားသော ICH ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်း ကော်မတီများက ၎င်းတို့ဒေသတွင်းရှိ ICH နှစ်ခုဆီကို အမျိုးသားအဆင့် ဗဟို ကော်မတီသို့ အဆိုပြုစာရင်း တင်ရကြောင်း သိရသည်။

ထိုအထဲတွင် ကရင်ရိုးရာဒုံးအကလည်း အပါအဝင်ဖြစ်ပြီး မှတ်တမ်းမှတ်ရာ၊ ထိန်းသိမ်းစောင့်ရှောက်မှု စသည်ဖြင့် အတော် ခရီးရောက်နေသည့်အတွက် UNESCO တင်သွင်းရန် အလားအလာကောင်းကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှု အားလုံး တန်းတူ တန်ဖိုးရှိပြီး ယင်းတို့အနက် အချက်အလက် ပြည့်စုံမှုအရှိဆုံးကို ရွေးချယ်ကာ UNESCO သို့ တင်ပေးရကြောင်း အမျိုးသား ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးရဲမြတ်အောင်က ရှင်းပြသည်။

“တကယ်လည်း တင်နိုင်မှာပါ။ သူတို့ဟာက စုံလည်း စံုံတာကိုး။ ကျန်တဲ့ဟာတွေက အဲဒီလောက်ကြီး အချက်အလက် မစုံ သေးဘူး။ အဖြစ်နိုင်ဆုံးနဲ့ အစုံဆုံးဟာကိုပဲ ရွေးပြီးတင်ပေးရမှာပေါ့” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် UNESCO သို့ နှစ်စဉ် မတ်လတွင် ICH အဆိုပြုလွှာ တင်သွင်းနိုင်ပြီး မြန်မာ့သနပ်ခါး ယဉ်ကျေးမှု ဓလေ့ကို မြန်မာနိုင်ငံ၏ ပထမဆုံး ICH အဖြစ် UNESCO သို့ ၂၀၂ မတ်လတွင် တင်သွင်းခဲ့ပြီး၂၀၂၁ နှစ်ကုန်ပိုင်းခန့်၌ အဖြေထွက်မည် ဖြစ်ကြောင်း သိရသည်။

You may also like these stories:

ပုဂံဒေသစိမ်းလန်းစိုပြည်ရေး အမွေအနှစ် ထိခိုက်နိုင်မှု ရှိမရှိ လေ့လာဆန်းစစ်ပြီးမှ ဆောင်ရွက်သင့်

မင်းကြီးတောင်ပေါ်မှ အိမ်ကြီးများဆီသို့

မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့အား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းမည်

Loading