ကမာ္ဘ့ဆေးဝါးထုတ်လုပ်မှု ကုမ္ပဏီကြီးများဖြစ်သည့် Pfizer နှင့် BioNTech တို့က ၎င်းတို့၏ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသုံးပြုခွင့် ခွင့်ပြုချက်ရရေး လုပ်ဆောင်နေချိန်တွင် မြန်မာနိုင်ငံသည်လည်း ကာကွယ်ဆေး ဝယ်ယူရန်၊ ဖြန့်ချိရန်နှင့် ကာကွယ်ဆေးထိုးနှံရန် အစီအစဉ်များ ပြင်ဆင် နေသည်။
စမ်းသပ်ဆဲကာကွယ်ဆေး အတည်ပြုရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အသိအမှတ်ပြု ဆေးဝါးမှတ်ပုံတင် ဌာနသုံးခု၏ အတည်ပြုမှုရရှိပါက မြန်မာအစိုးရသည်လည်း တခြားနိုင်ငံများနည်းတူ ကာကွယ်ဆေး ဝယ်ယူနိုင်မည်ဖြစ်သည်။
ကာကွယ်ဆေး ဝယ်ယူခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ချိထိုးနှံပေးခြင်းစီမံချက်များကို ပြင်ဆင်ဆောင်ရွက်နေပြီး၊ ကာကွယ်ဆေး ဝယ်ယူရန် ဆုံးဖြတ်ချက်ကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ချမှတ်မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ဒီဇင်ဘာ ၃ ရက်နေ့က ပြောထားသည်။
ဒီဇင်ဘာ ၆ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ လူနာ ၉၉၁၅၅ ဦး၊ သေဆုံးသူ ၂၁၁၀ ဦးနှင့် ပြန်လည်ကောင်းမွန်လာသူ ၇၄၆၃၆ ဦးရှိသည်။
အမေရိကန် ဆေးဝါးလုပ်ငန်းကြီးဖြစ်သော Pfizer နှင့် ဂျာမဏီမှ ပူးပေါင်းဆောင်ရွက်သည့် BioNTech SE ကုမ္ပဏီတို့က ဖေါ်ထုတ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမဆုံးအနေဖြင့် ဗြိတိန်နိုင်ငံက ဒီဇင်ဘာ ၂ ရက်တွင် အတည်ပြုထားသည်။ ကမ္ဘာတဝန်း နိုင်ငံအလိုက်စမ်းသပ်ဆဲဖြစ်သော အခြားကာကွယ်ဆေးများတွင် Moderna၊ အောက်စဖို့ဒ် တက္ကသိုလ်၏ AstraZeneca နှင့် ရုရှားနှင့် တရုတ်နိုင်ငံများမှ ကာကွယ်ဆေးများ ပါဝင်သည်။
မည်သည့်ကာကွယ်ဆေး အမျိုးအစားကို အသုံးပြုမည်ကို မြန်မာနိုင်ငံက ရွေးချယ်ထားခြင်း မရှိသေးပေ။
မည်သည့်ကာကွယ်ဆေး အမျိုးအစားကို အသုံးပြုမည်ကို မြန်မာနိုင်ငံက ရွေးချယ်ထားခြင်း မရှိသေးပေ။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အဆိုအရ မြန်မာနိုင်ငံလူဦးရေ ၅၄.၄ သန်းမှ ၂၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးရေးအတွက် WHO ၏ COVAX အစီအစဉ်နှင့် ကာကွယ်ဆေးထိုးနှံရေး ကမ္ဘာ့မဟာမိတ် – Global Alliance for Vaccines and Immunisation (Gavi) တို့၏ အကူအညီဖြင့် စီစဉ်ထားသည်။
မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုင်ငံတိုင်း ညီမျှ မျှတစွာ ရရှိနိုင်ရေးအတွက် ဦးတည်ကာ WHO ကဖွဲ့စည်းထားသည့် COVAX အဖွဲ့ဝင် ၉၂ နိုင်ငံအနက် တစ်နိုင်ငံဖြစ်သည်။ COVAX အဖွဲ့ဝင်နိုင်ငံများသည် ကိုဗစ်ကာကွယ်ဆေးပေါ်ပေါက်လာပါက ကာကွယ်ဆေးကို အချိုးကျ သက်သာသောနှုန်းဖြင့် ဝယ်ယူနိုင်ရေး အကျုံးဝင်သဖြင့် နိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေးများကို အခမဲ့ သို့မဟုတ် လျှော့ဈေးဖြင့် ဝယ်ယူရရှိနိုင်သည်။
မြန်မာနိုင်ငံ၏ ၂၀ ရာနှုန်းသော လူဦးရေ ၁၀.၈ သန်းအတွက် ခန့်မှန်းခြေ ကာကွယ်ဆေး ၂၂ သန်း လိုအပ်သည်ဟု ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး၏ အဆိုအရ သိရသည်။ ကာကွယ်ဆေးကို လူတဦးလျှင် သုံးပတ်ခြားပြီး နှစ်ကြိမ် ထိုးရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျန်းမာရေး ဝန်ထမ်းပေါင်း တသိန်းတသောင်း (၁၁၀၀၀၀) ကျော်ရှိသည့်အနက် ဆေးရုံ ဆေးခန်းတာဝန်ကျ ကျန်းမာရေးဝန်ထမ်းများကို ပထမဆုံး ဦးစားပေးအဖြစ် ကာကွယ်ဆေးထိုးပေးမည်ဖြစ်ပြီး၊ ထိုကျန်းမာရေးဝန်ထမ်းများ ကျန်းမာမှသာ ကိုဗစ်-၁၉ လူနာများ အပါအဝင် ပြည်သူများအား စောင့်ရှောက်မှု ပေးနိုင်မည်ဖြစ်သည်ဟု ဒီဇင်ဘာလ အစောပိုင်းက ဒေါက်တာခင်ခင်ကြီးက ဧရာဝတီ သတင်းဌာနသို့ ပြောဆိုထားသည်။
သို့သော် မည်သူကို အရင်ကာကွယ်ဆေးပေးမည်နှင့် မည်သို့ခွဲဝေမည်ကမူ ကာကွယ်ဆေးဝယ်ယူပြီးနောက် အသုတ်လိုက် ရောက်ရှိမှုပေါ် မူတည်သည်ဟု ဆိုသည်။
သို့သော် မည်သူကို အရင်ကာကွယ်ဆေးပေးမည်နှင့် မည်သို့ခွဲဝေမည်ကမူ ကာကွယ်ဆေးဝယ်ယူပြီးနောက် အသုတ်လိုက် ရောက်ရှိမှုပေါ် မူတည်သည်ဟု ဆိုသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ၏ နိုဝင်ဘာလ ၂၀ ရက်နေ့ မိန့်ခွန်းတွင် ဆေးဝါးကုမ္ပဏီများ၏ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုဆိုင်ရာ နောက်ဆုံးအခြေအနေတွင် စမ်းသပ်မှု ၉၇ ရာနှုန်းပြီးစီးနေသည်ဟု သိထားကြောင်းနှင့် ဆေးဝါးရရှိနိုင်မည့် ကာလတို့အား ပြောကြားရာတွင် “ကျမတို့အနေနဲ့လည်း စောစောစီးစီး ကာကွယ်ဆေးပေါ်ရင် ကမာ္ဘလုံးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုအဖွဲ့တွေရဲ့ အကူအညီနဲ့ မြန်မြန်ဆန်ဆန် ကျမတို့ ပြည်သူတွေအတွက် ကာကွယ်ဆေးရအောင် လုပ်ဖို့ အစီအစဉ်တွေ လုပ်ထားပါတယ်” ဟု ပြောဆိုထားသည်။
တနိုင်ငံလုံး ရာနှုန်းပြည့် ကာကွယ်ဆေး ထိုးပေးနိုင်မှာ မဟုတ်သော်လည်း အစိုးရသည် လာမည့်နှစ်အတွင်း ကျန်လူဦးရေ၏ ၄၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေးများကို ဝယ်ယူရန် ရည်မှန်းထားကြောင်း ဒေါက်တာခင်ခင်ကြီးက ဆိုသည်။ စုစုပေါင်းလူဦးရေ၏ ၆၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေးဝယ်ယူနိုင်ပါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်သည့် နိုင်ငံတိုင်းလူဦးရေ၏ ၅၀ ရာနှုန်းထံ ကာကွယ်ဆေးထိုးပေးရေးလမ်းညွှန်ချက်နှင့် ကိုက်ညီကြောင်းလည်း သူပြောသည်။
ဒီဇင်ဘာ ၃ ရက်တွင်လည်း ကမ္ဘာ့ဘဏ်က အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ရံပုံငွေအဖွဲ့ (IDA19) မှ နောက်ထပ် ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ (ကျပ် ၇၉ ဘီလျံ) ကို မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူ၊ ပို့ဆောင် ၊ ဖြန့်ချိရာတွင် သုံးစွဲနိုင်ရန် လျာထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနနှင့် အွန်လိုင်းတွေ့ဆုံပွဲတွင် ပြောဆိုသည်။
လူဦးရေ ၂၀ ရာခိုင်နှုန်းကျော်အတွက် ကာကွယ်ဆေး ဝယ်မည်ဆိုပါက မြန်မာနိုင်ငံသည် COVAX အစီအစဉ်မှ တဆင့် ရံပုံငွေမျှဝေထည့်ဝင် ဝယ်ယူခြင်း သို့မဟုတ် ကမ္ဘာ့ဘဏ်မှ ချေးငွေလျှောက်ထားကာ ဝယ်ယူနိုင်ကြောင်း ကမ္ဘာ့ဘဏ်မှ ကျန်းမာရေး ပါရဂူ ပေါလ် ဂျက်ကော့ ရော်ဘင် က ဆိုသည်။
လူဦးရေ ၂၀ ရာခိုင်နှုန်းကျော်အတွက် ကာကွယ်ဆေး ဝယ်မည်ဆိုပါက မြန်မာနိုင်ငံသည် COVAX အစီအစဉ်မှ တဆင့် ရံပုံငွေမျှဝေထည့်ဝင် ဝယ်ယူခြင်း သို့မဟုတ် ကမ္ဘာ့ဘဏ်မှ ချေးငွေလျှောက်ထားကာ ဝယ်ယူနိုင်ကြောင်း ကမ္ဘာ့ဘဏ်မှ ကျန်းမာရေး ပါရဂူ ပေါလ် ဂျက်ကော့ ရော်ဘင် က ဆိုသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ချေးငွေရယူခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဒေါက်တာ မြင့်ထွေးက ပြောသည်။
တချိန်တည်းတွင် နိုင်ငံတော်အတိုင်ပင်ခံကလည်း ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်စဉ် နှာခေါင်းစည်း၊ မျက်နှာကာများ ဝတ်ဆင်ခြင်းဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေး အစီအမံများကို လိုက်နာရန်၊ လူစုလူဝေးရှောင်ရန်နှင့် လာမည့် ခရစ်စမတ်နှင့် နှစ်သစ်ကူးကာလတွင် လူစုလူဝေးမလုပ်ရန်လည်း ဆက်လက် တိုက်တွန်းလျက်ရှိသည်။
ဇော်ဇော်ထွေး ပူးပေါင်းရေးသားသည်။
(Nyein Nyein ၏ Myanmar Moves Ahead with COVID-19 Vaccine Plans ကိုဘာသာပြန်ဆိုပြီး ကိုဗစ်လူနာ နောက်ဆုံးအရေအတွက် ဖြည့်စွက်ထားသည်။)
You may also like these stories:
အောက်စဖို့ဒ် ကိုဗစ်ကာကွယ်ဆေးက ဘာ့ကြောင့် ကမ္ဘာကို ပိုအကျိုးများစေနိုင်သလဲ
ယူကေရဲ့ ကာကွယ်ဆေး ခွင့်ပြုချက်ဟာ အလျင်စလိုနိုင်တယ်လို့ ဝေဖန်ခံရ
ကိုဗစ် ကာကွယ်ဆေးထိုးဖို့ ခွင့်ပြုလိုက်တဲ့ ဒုတိယမြောက်နိုင်ငံ ဘာရိန်း