ဖက်ဒရယ် အခြေခံမူများကို ဆက်ဆွေးနွေးရန်အတွက် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ (EAOs)တို့ နှစ်ဖက်လုံးမှ ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု သတင်း ရရှိသည်။
အစိုးရဘက်က အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ ငြိမ်းချမ်းရေး ကော်မရှင် (PC) တို့မှ ကိုယ်စားလှယ်များနှင့် နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး တို့နှင့် ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းညှိနှိုင်းရေး အစည်းအဝေး ကျင်းပပြီး ပြင်ဆင်လျက် ရှိသည်။
EAOs များ ဘက်ကလည်း အစိုးရနှင့် ပြန်တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းရေးအဖွဲ့သစ် တဖွဲ့ကို ဖွဲ့စည်းထားပြီး ဖက်ဒရယ် အခြေ ခံမူများ ဆက်ဆွေးနွေးနိုင်ရန် ပြင်ဆင်နေသည်ဟု သိရသည်။
“လက်မှတ်ထိုးပြီးသား အဖွဲ့တွေကတော့ 5+5 အဖွဲ့တွေ ဖွဲ့ထားတာရှိတော့ မကြာခင် အွန်လိုင်းကနေ စဆွေးနွေးတာတွေ စရင် စရမှာပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အခက်အခဲက အွန်လိုင်းချည်းပဲ အဆင်မပြေဘူး။ အွန်လိုင်းက အကန့်အသတ် အရမ်း ရှိတယ်”
ငြိမ်းချမ်းရေးကော်မရှင် (PC) ၏ အကြံပေး ဦးလှမောင်ရွှေက အစည်းအဝေးတွင် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်လက် ဆွေးနွေးရေး၊ လက်မှတ် မထိုးရသေးသည့် ညှိနှိုင်းနေဆဲ အဖွဲ့များနှင့် တွေ့ဆုံရေး တို့ကို ဆွေးနွေးကြသော်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ရှိနေသေးသဖြင့် လူချင်းတွေ့ဆုံညှိနှိုင်းကြရန်လည်း အခက် အခဲများ ရှိသည်ဟု ပြောသည်။
ဦးလှမောင်ရွှေက “လက်မှတ်ထိုးပြီးသား အဖွဲ့တွေကတော့ 5+5 အဖွဲ့တွေ ဖွဲ့ထားတာရှိတော့ မကြာခင် အွန်လိုင်းကနေ စဆွေးနွေးတာတွေ စရင် စရမှာပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အခက်အခဲက အွန်လိုင်းချည်းပဲ အဆင်မပြေဘူး။ အွန်လိုင်းက အကန့်အသတ် အရမ်း ရှိတယ်” ဟု ဆိုသည်။
အစည်းအဝေးတွင် ဆွေးနွေးထားသည်မှာ အွန်လိုင်းမှ ညှိနှိုင်းနိုင်သည်များကို ညှိနှိုင်းထားပြီး ထပ်မံညှိနှိုင်းရမည့် အချက် များကို လူချင်းတွေ့မှသာ ဆက်ညှိနှိုင်းရမည့် အခြေအနေ ရှိသည်ဟုလည်း ဦးလှမောင်ရွှေက ပြောသည်။
အစည်းအဝေး ၂ ရက်တာ ပြုလုပ်ခဲ့သည်နှင့် ပတ်သက်၍ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က သတင်း ထုတ်ပြန်ထားပြီး ထိုထဲတွင် အပစ်ရပ် ၁၀ ဖွဲ့နှင့် ဆွေးနွေးပွဲများ ပြန်ကျင်းပနိုင်ရေး ဆက်ဆောင် ရွက်မည့် အစီအစဉ်များ ဆွေးနွေးခဲ့သည်ဟု ရေးသားထားသည်။
ထိုထဲတွင် ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား-၂) နှင့် လမ်းညွှန် အခြေခံမူ သဘောတူညီချက်များအား ဆက်ညှိနှိုင်းမည့် အစီအစဉ်များ၊ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပြင်ဆင်ရေး ကိစ္စများလည်း ဆွေးနွေးခဲ့သည်ဟု ထည့်သွင်း ရေးသားထားသည်။
ဦးလှမောင်ရွှေက “ဘယ်တော့ စမလဲဆိုတာကို UPDJC EAOs က ဒီဇင်ဘာ ၁၁ ရက်လုပ်လိမ့်မယ်။ အဲဒီနောက်ပိုင်းမှာ ကျနော်တို့နဲ့ ဆွေးနွေးဖို့စမယ် ဆိုပြီး မျှော်လင့်ပါတယ်။ ဘယ်ရက်စမလဲ ဆိုတာကတော့ သူတို့လည်း ၁၁ ရက် ဆွေးနွေးပြီး ပြန်ပြောပေါ့။ ကျနော်တို့လည်း ပြန်ပြောပေါ့။ အဲဒါက အွန်လိုင်းကနေ စနိုင်မယ့် အနေအထားရှိပါတယ်” ဟု ပြောသည်။
EAOs များဘက်မှလည်း ညှိနှိုင်းရေးအဖွဲ့တဖွဲ့ကို ဖွဲ့စည်းထားပြီး ဒီဇင်ဘာလအတွင်း တဖွဲ့ချင်းစီ၏ သဘောထားများ ရယူကာ အစိုးရနှင့် ပြန်လည်တွေ့ဆုံညှိနှိုင်းရေးအတွက် အဆင်သင့်ဖြစ်ရန် ပြင်ဆင်နေသည်ဟု သိရသည်။
NLD အစိုးရတာဝန်ယူထားသည့် ကာလအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ အစည်းအဝေး ၄ ကြိမ် ကျင်းပနိုင်ခဲ့ပြီး ညီလာခံများတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ပိုင်း ချုပ်ဆိုနိုင်ခဲ့သည်။
EAOs များဘက်မှ ဖွဲ့စည်းထားသည့် ညှိနှိုင်းရေးအဖွဲ့သစ်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြန်စတင်ပါက ဆွေးနွေးမည့် အချက်များကို အစိုးရ၊ တပ်မတော်တို့၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် အလွတ်တွေ့ဆုံမှုများ ပြုလုပ်ကာ ရှေ့ပြေး ညှိနှိုင်းမည့် အဖွဲ့ ဖြစ်သည်။
ညှိနှိုင်းရေးအဖွဲ့သစ်တွင် ပါဝင်သည့် ၁၀ ဦးအနက် ပဒိုစောတာဒိုမှူး၊ ဗိုလ်မှူးကြီး စိုင်းငင်း၊ ဦးမျိုးဝင်း၊ ဦးခွန်မြင့်ထွန်း ၊ ဒေါ်စောမြရာဇာလင်းတို့ ၅ ဦးမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင်များ ဖြစ်သည်။
မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မတီဝင် ဦးနိုင်အောင်မငေးက “အဖွဲ့ အမည်ကတော့ အစိုးရနဲ့ အလွတ်သဘောတွေ့ဖို့ ညှိနှိုင်းရေး အဖွဲ့ပေါ့။ အရင်က NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် ညှိနှိုင်းရေးအဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး ခိုင်မာရေးဆိုင်ရာ ၂ ဖွဲ့က ဖျက်လိုက်ပြီ။ UPCC ပြီးတော့ ပျက်သွားပြီလေ။ ဒါပေမယ့် အခုအဖွဲ့မှာ ပြန်ပါတာကတော့ ဒီလူတွေပါပဲ။ အခြားတော့ သိပ်များများ စားစား မရှိပါဘူး” ဟု ပြောသည်။
အစည်းအဝေးများ ပြန်စရန် EAOs ဘက်မှ အဆင်သင့်ဖြစ်ရေးအတွက် ပြင်ဆင်နေသော်လည်း လက်ရှိအချိန်ထိ အစိုးရဘက်နှင့် တိုက်ရိုက် တိတိကျကျ ညှိနှိုင်းထားခြင်းများ မရှိသဖြင့် အစိုးရဘက်မှ အစီအစဉ်များကို မသိရှိသေးပါဟု ဦးနိုင်အောင်မငေးက ဆိုသည်။
ဦးနိုင်အောင်မငေးက “ရောဂါအခြေအနေက ဘယ်လိုရှိလာမလဲ မသိဘူး။ အစိုးရမှာလည်း အစိုးရရဲ့သဘောထားက မတ်လလောက်မှ သေသေချာချာ သိမယ်ဆိုတော့ သူတို့ ဖွဲ့စည်းပုံ စုဖွဲ့မှု ဘယ်လိုပြောင်းလဲမလဲ ဆိုတာ စောင့်ကြည့် ရမယ်။ ကျနော်တို့ အတွင်းထဲမှာတော့ ပြောင်းလဲမှု မရှိဘူး။ ဒီယန္တရားတွေ အရင်တိုင်းပဲရှိမယ်လို့ ထင်တယ်”ဟု ပြောသည်။
တွေ့ဆုံဆွေးနွေးမှုများ ပြန်စပါက ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ချုပ်ဆိုရာတွင် မပါဝင်ခဲ့ဘဲ ကျန်ခဲ့ သည့် ဇယား (၂) နှင့် ဖက်ဒရယ်အခြေခံမူတွင် အရေးပါသည့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လွှတ်တော် ပြုပြင် ပြောင်း လဲရေးဆိုင်ရာ အချက်များကို ဆွေးနွေးရမည်ဟု ဦးနိုင်အောင်မငေးက ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ဥက္ကဌ ရဲဘော်သံခဲကလည်း “၂၁ ပင်လုံမှာ ဖက်ဒရယ်မူပိုင်းဆိုင်ရာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ကျန်ခဲ့ပါတယ်။ အထူးသဖြင့် ပြည်နယ် ဖွဲ့စည်းအုပ်ချုပ်ပုံ ရေး ဆွဲရေးဆိုင်ရာ ကိစ္စ၊ လွှတ်တော်ပိုင်းဆိုင်ရာရပ်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေက အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအတွက် မလွဲမသွေကို မူပိုင်းဆိုင်ရာ အဖြေရှာရမှာ ဖြစ်ပါတယ်။ မူပိုင်းဆိုင်ရာ အဖြေရှာနိုင်မှပဲ လုပ်ငန်းစဉ် အဆင့်ဆင့်က ထွက်လာမှာပါ။ ဒါတွေကို ဆက်ဆွေးနွေးဖို့ လိုပါတယ်” ဟု ဆိုသည်။
လွှတ်တော်ဆိုင်ရာ အချက်နှင့် ပတ်သက်၍ ဆွေးနွေးရန်အတွက်လည်း အစိုးရနှင့် တပ်မတော်ဘက်မှ ဆွေးနွေးရန် မသင့်ဟု ပြောဆိုသဖြင့် ယခုအခါ ဆွေးနွေးမှုများ ပြန်စတင်ပါက ပြန်ဆွေးနွေးရမည်ဟု EAOs များဘက်မှ ဆိုသည်။
NLD အစိုးရတာဝန်ယူထားသည့် ကာလအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ အစည်းအဝေး ၄ ကြိမ် ကျင်းပနိုင်ခဲ့ပြီး ညီလာခံများတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ပိုင်း ချုပ်ဆိုနိုင်ခဲ့သည်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လတွင်း ကျင်းပသည့် ညီလာခံတွင် နောက်ဆုံးချုပ်ဆိုခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း- ၃ တွင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက်၊ ၂၀၂၀ အလွန် ဖော်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှု ဇယား (၁) ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူ ၅ ချက်တို့ကို ထည့်သွင်းချုပ်ဆိုနိုင်ခဲ့သည်။
သဘောတူညီမှုရရှိပြီး အခြေခံမူ ၅ ချက်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ဖွဲ့စည်းရန်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတခု ထူထောင်ရန်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများကြား အာဏာ၊ သယံဇာတ နှင့် ဘဏ္ဍာရေးခွဲဝေမှုဆိုင်ရာအချက်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး၏ ရပိုင်ခွင့်အာဏာ တန်းတူ ရှိရေး ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်း ရေးဆွဲရေး အပြင် တိုင်းရင်းသား လူ မျိုးများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးကို ဥပဒေနှင့ ်ပြဋ္ဌာန်းကာကွယ်ပေးရန်တို့ ဖြစ်သည်။
ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း-၃ ကို ချုပ်ဆိုရန် ဆွေးနွေးစဉ်က ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို သွားရာတွင် ပြည်နယ်တခုချင်းစီတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ ရေးအတွက် ညှိနှိုင်းရာ EAOs များဘက်မှ ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဟု ထည့်သွင်းလိုပြီး အစိုးရနှင့် တပ်မတော်က ပြည်နယ် အခြေခံဥပဒေ ဟုသာ သုံးနှုန်းလိုသဖြင့် ညှိနှိုင်းမရဘဲ ကျန်ခဲ့သည်။
လွှတ်တော်ဆိုင်ရာ အချက်နှင့် ပတ်သက်၍ ဆွေးနွေးရန်အတွက်လည်း အစိုးရနှင့် တပ်မတော်ဘက်မှ ဆွေးနွေးရန် မသင့်ဟု ပြောဆိုသဖြင့် ယခုအခါ ဆွေးနွေးမှုများ ပြန်စတင်ပါက ပြန်ဆွေးနွေးရမည်ဟု EAOs များဘက်မှ ဆိုသည်။
EAOs များဘက်မှ ဆွေးနွေးလိုသည့် လွှတ်တော်ဆိုင်ရာ အချက်မှာ လွှတ်တော်များ၏ ဖွဲ့စည်းပုံနှင့် စနစ် ပြုပြင် ပြောင်းလဲရေး၊ ရွေးကောက်ခံကိုယ်စားလှယ်ရွေးချယ်ရာတွင် ရွေးကောက်ခံသည့် စနစ် ပြုပြင် ပြောင်းလဲရေးဆိုင်ရာ အခြေခံမူများကို ညှိနှိုင်းလိုခြင်း ဖြစ်သည်။
You may also like these stories:
အပစ်ရပ်အဖွဲ့တိုင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန်လို
တပ်မတော်နှင့် အပစ်ရပ် အဖွဲ့များအကြား တပ်ပိုင်းဆိုင်ရာ အခက်အခဲရှိနေ
NCA အကောင်အထည်ဖော်မှု မူဘောင်တွင် အပစ်မရပ် အဖွဲ့များ သဘောထား ထည့်သွင်းမည်