ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ကွတ်ကျေးရွာအနီး တောင်တန်းပေါ်တွင် တပ်စခန်းချထားသည့် ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့သည် ဒီဇင်ဘာလ ၇ ရက် မနက် ၈ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယင်းနေရာသည် ၂၀၁၈ ခုနှစ်က နှစ်ဖက် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည့် နေရာ ဖြစ်သည်။ အဆိုပါ တိုက်ပွဲပြီး နောက် RCSS က ဆုတ်ခွာခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် အစိုးရတပ်မတော်က TNLA ကို ထိုးစစ်ဆင်ခဲ့သည့် နေရာဖြစ် သည်။
TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှူး ဗိုလ်မှူး တားအိုက်ကျော် က “RCSS က နယ်မြေကျူးကျော်ဝင်လာလို့ တိုက်ပွဲဖြစ်သွားတယ်။ ပစ်ခတ်ရပ်ထားဖို့ စာထုတ်ထားတော့ အဲဒီနယ်မှာ ကျနော် တို့ တပ်တွေ ဆုတ်ထားတယ်။ အခု ရှောင်နေတဲ့ကြားက အဲဒီဒေသကို RCSS က နယ်မြေကျူးကျော်ပြီး ပြန်ဝင်လာတယ်။ အဲဒါကြောင့်မို့လို့ တိုက်ပွဲဖြစ်ပွားတာ ဖြစ်တယ်” ဟု ပြောသည်။
ယခု တိုက်ပွဲဖြစ်ပွားရာ ဒေသတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တပ်များ တည်ရှိနေသည်မှာ ကြာ မြင့်နေပြီဖြစ်ကြောင်း RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေး ကလည်း ပြောဆိုသည်။
ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေး က “RCSS တပ်ဖွဲ့တွေ ရှိတဲ့နေရာမှာ TNLA က ဝင်တိုက်တာပေါ့နော်။ နမ့်တွန်တံတားနားမှာ ဖြစ်တာ။ အဲဒီမှာ ပေးမနေချင်လို့ ဝင်တိုက်တဲ့ သဘောပါပဲ” ဟု ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်းတွင် အခြေချသည့် RCSS တပ်ဖွဲ့များသည်၂၀၁၁ ခုနှစ်ကစပြီး ရှမ်းပြည်နယ်အလယ်ပိုင်းနှင့် ရှမ်း ပြည်နယ် မြောက်ပိုင်းအထိ အစိုးရ တပ်မတော်ရှေ့ပြေးတပ်ဖွဲ့အနေနှင့် ထိုးဖောက် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲကာလအတွင်း နှစ်ဖက် အပစ်ရပ်ကြေညာချက်များကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုလျှော့နည်းနေ သည့် နမ္မတူမြို့နယ်အပြင် နယ်မြေချင်း ထိစပ်နေသည့် နမ့်ဆန်မြို့နယ်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်များ၌ ဒီဇင်ဘာ လအစ၌ နှစ်ဖက်ထိတွေ့ တိုက်ပွဲငယ်များ ပြန်လည် ဖြစ်ပွားလာခဲ့သည်။
ယခုကဲ့သို့ တိုက်ပွဲငယ်တွေကြောင့် ဒေသခံများ အနေဖြင့် ထိခိုက်မှု မရှိသေးသလို၊ စစ်ပြေးရှောင်ရမည်အခြေအနေလည်း မရှိသေးကြောင်း၊ ကျေးရွာများနှင့် လှမ်းသောနေရာများ၌သာ ဖြစ်ပွားနေကြခြင်းဖြစ်ကြောင်း နမ္မတူမြို့နယ် မန်စံဒေသခံ နန်းခမ်းမီး က ယနေ့ တိုက်ပွဲ အခြေအနေကို ရှင်းပြသည်။
You may also like these stories:
မိုင်းကိုင်မြို့နယ်၌ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပါက ကန့်ကွက်ရန် မရှိဟု RCSS ပြော
တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် ပဏာမ အပစ်ရပ်ရေး ဘယ်လိုညှိမလဲ