မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့နယ်အတွင်းမှ ဒေသခံ ၁၆ ဦးကို မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ဖမ်းဆီးထားသည်ဟု ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) က ဧရာဝတီကို ပြောသည်။
SSPP ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းသန်းအောင်က “မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့သူကိုပဲ ဖမ်းထားတယ်။ ၁၆ ယောက်လောက် ရှိတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်က စပြီး ဖမ်းတယ်။ ဘယ်အချိန်၊ ဘယ်အတိုင်းအတာထိ ဖမ်းထားမလဲ ဆိုတာ သူတို့ ပြစ်မှုအပေါ်မှာ မူတည်တယ်” ဟု ဆိုသည်။
ဖမ်းဆီးထားသည့် ၁၆ ဦးထဲတွင် အမျိုးသမီး ၆ ဦး ပါဝင်ပြီး ကျန် ၁၀ ဦးမှာ အမျိုးသားများ ဖြစ်ကာ ၎င်းတို့ကို ဒီဇင်ဘာ ၃ ရက်မှ ၅ ရက်အတွင်းက လိုက်လံ ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ဗိုလ်မှူး စိုင်းသန်းအောင်က ပြောသည်။
ထို ၁၆ ဦးကို SSPP ဘက်မှ မူးယစ်ဆေး ရောင်း မရောင်း ရှာဖွေ ဖမ်းဆီးခြင်း မဟုတ်ဘဲ မိုးကုတ်ဒေသခံအချို့က ၎င်းတို့ သားသမီးများ မူးယစ်ဆေးစွဲနေသဖြင့် ရပ်ရွာထဲတွင် မူးယစ်ဆေးရောင်းချနေသူများနှင့် သုံးစွဲနေသူများကို ဖမ်းပေးရန် နာမည်စာရင်းနှင့်တကွ တိုင်ကြားလာ သဖြင့် တိုင်စာ၌ ပါဝင်သူများကို သွားရောက် ဖမ်းဆီးခြင်း ဖြစ်သည် ဟုလည်း သိ ရသည်။
လက်ရှိတွင် SSPP က ဖမ်းဆီးထားသည့်၁၆ ဦးမှာ လက်လီ ရောင်းချသူများနှင့် သုံးစွဲသူများသာဖြစ်ပြီး မူးယစ်ဆေးဝါးကို ဒိုင်ကိုင်ကာ ကြီးကြီးမားမား ရောင်းချနေသူများ မဟုတ် ဟုလည်း သိရသည်။
ဗိုလ်မှူး စိုင်းသန်းအောင်က “မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ လူတွေကို ဖမ်းဖို့ ရှိသေးတယ်။ ပြည်သူလူထု သတင်းပေးချက် အရ ဘယ်နေရာမှာ ရှိတယ် ဆိုတာကို သိတာနဲ့ ကျနော်တို့ ဖမ်းမှာပါ။ အခုတလောတောင် ဖမ်းဖို့ မပြီးသေးဘူး။ ရှိသေး တယ်။ ထပ်ဖမ်းဖို့ ရှိသေးတယ်။ မိုးကုတ်ထဲမှာရော မိုင်းလုံမြို့နယ် ထဲမှာရောပဲ။ ကျန်တဲ့နေရာဒေသ၊ ကျနော်တို့ အုပ်ချုပ် ရေး ချထားတဲ့ နေရာ မှန်သမျှ လူထုက တိုင်ကြားရင် ကျနော်တို့ သွားဖမ်းမှာပါ” ဟု ဆိုသည်။
SSPP မှ ဖမ်းဆီးထားသူများကို မိသားစုများက ငွေကြေးနှင့် လာရောက် လဲလှယ်ရွေးယူခြင်းများ ပြုလုပ်ခြင်းကို လက်ခံ မည် မဟုတ်ဘဲ SSPP မှ တပ်တွင်း ချမှတ်ထားသည့် မူဝါဒအရ ပထမအကြိမ် ဖမ်းမိသည့် မူးယစ်ဆေးဝါး ရောင်းချသူကို ထောင်ဒဏ် ၆ လနှင့် အလုပ်ကြမ်း ပြစ်ဒဏ် ချမှတ်မည်ဟု ဗိုလ်မှူး စိုင်းသန်းအောင်က ဆိုသည်။
ဒုတိယ အကြိမ်၊ တတိယအကြိမ် ဖမ်းမိသူများဆိုပါက ပြစ်ဒဏ်များ တိုးမြှင့်ချမှတ်မည် ဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းသူ မဟုတ်ဘဲ သုံးစွဲသူဆိုလျှင် SSPP ၏ ဌာနချုပ်တွင် ဖွင့်လှစ်ထားသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စခန်းကို ပို့ကာ ဆေး ဖြတ်ပေးမည်ဟု သိရသည်။
ဖမ်းဆီးထားသူများကို ငွေကြေးနှင့် လဲလှယ်ခြင်း လုံးဝ လုပ်မည် မဟုတ်ဘဲ အောက်ခြေ တပ်သားများက လာဘ်စားခြင်း၊ ငွေကြေးနှင့် လဲလှယ်ခြင်း တစုံတခုလုပ်ပါက အရေးယူမည်ဟုလည်း ဗိုလ်မှူး စိုင်းသန်းအောင်က ဆိုသည်။
ဒီဇင်ဘာ ၅ ရက်ကလည်း မိုးကုတ်မြို့နယ် ကျောက်တလုံးကျေးရွာအုပ်စုအတွင်း ကားတစင်းပေါ်မှ အမျိုးသား၂ ဦးဆင်း လာကာ ဆိုင်ကယ်ဖြင့် သွားလာနေသည့် အမျိုးသမီး တဦးကို ဖမ်းဆီးသွားသည့် ဖြစ်စဉ်တခု ဖြစ်ပွားထားသည်။
အဆိုပါ အမျိုးသမီးကို ဖမ်းဆီးသည့် ဖြစ်စဉ်ကို ရိုက်မိထားသည့် CCTV မှတ်တမ်းသည်လည်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ နေသည်။
ထို အမျိုးသမီးကိုလည်း ဖမ်းဆီးထားခြင်း ရှိ မရှိ မေးမြန်းရာ SSPP ဘက်မှ CCTV မှတ်တမ်းပါ အမျိုးသမီးကို ဖမ်းသူများမှာ ၎င်းတို့ တပ်ဖွဲ့ဝင်များ ဟုတ် မဟုတ် အတည်မပြု နိုင်သေးပါဟု ပြောသည်။
မိုးကုတ်မြို့နယ်၏ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ကို မေးမြန်းရာ ၎င်းက လတ်တလော သိထားသည့် သတင်း အချက်အလက်များအရ မိုးကုတ်တွင် SP Bakery မုန့်တိုက် ပိုင်ရှင်ကို TNLA က ဖမ်းဆီးသည့် ဖြစ်စဉ်တခုနှင့် အမျိုးသမီး တဦးကို ဖမ်းဆီးသွားသည့် ဖြစ်စဉ်တို့ကိုသာ သိရှိပါသည်ဟု ပြောသည်။
ဒီဇင်ဘာ ၅ ရက်က ဖမ်းဆီးခံရသည့် အမျိုးသမီးသည် မိုးကုတ်မြို့နယ်တွင်း နေထိုင်သည့် ဒေသခံဖြစ်ပြီး ၎င်းက ရာသီပေါ် သီးနှံများ ရောင်းချသည့် ဆိုင်တဆိုင် ဖွင့်ထားသည်ဟုသာ သိရှိပြီး မည်သည့် အကြောင်းရင်းကြောင့် ဖမ်းဆီးခံရသည်ကို မသိရှိပါဟု ဦးအောင်နိုင်က ဆိုသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နေစဉ်တွင် တဖက်သတ် အပစ်ရပ်ဆိုင်းကြောင်း ထုတ်ပြန်ထားချိန်တွင် လူထုကို ဝန်ထုပ်ဝန်ပိုး ဖြစ်အောင် မလုပ်သင့်ကြောင်း ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “သူတို့ ဒီလို ထုတ်ပြန်ပြီးရင်တော့ ဒါနဲ့ပတ်သတ်ပြီး လိုက်နာဖို့ လိုတယ်။ အင်အားတိုးချဲ့တာ မလုပ်ဖို့လိုတယ်။ အခုက အင်အားတိုးချဲ့တာ နယ်မြေတိုးချဲ့တာတွေလုပ်တဲ့ အပြင် ပြည်သူလူထုကို ဝင်ရောက် ဖမ်းဆီးတာတွေပါ အတင့်ရဲပြီး လုပ်လာတယ်။ တပ်မတော်အနေနဲ့ကတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်၊ နယ်မြေဒေသ လုံခြုံရေးကို ဆက်လက် ဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြောသည်။
ဘာသာပေါင်းစုံ ပတ္တမြားမြေ ငြိမ်းချမ်းရေးကွန်ရက်၏ အတွင်းရေးမှူး ဦးစိုးဌေးက “ကျနော်တို့ မြို့က လူတွေက လတ်တလော ကြားနေတဲ့ သတင်းတွေ ဖြစ်နေတဲ့အခြေအနေတွေကြောင့် တမြို့လုံး စိုးရိမ်နေရတယ်။ မနေ့ညက ဆိုရင် ၇ နာရီခွဲ ၈ နာရီလောက်မှာ လူသူကင်းမဲ့ပြီး အကုန်မီးတွေ ပိတ်တောင် ဖြစ်သွားတယ်။ ဒီလိုအဖြစ်အပျက်မျိုးက ကျနော်တို့ ဘဝတလျှောက် မိုးကုတ်မှာ မကြုံခဲ့ဖူးဘူး။ ဒီလိုဖြစ်နေတာတွေက ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ရှေ့ကို သွားနေတဲ့ မြို့ အတွက် အင်မတန် ထိခိုက်ပါတယ်” ဟု ပြောသည်။
ဒေသခံများမှာ ကြောက်လန့်နေရသဖြင့် မိုးကုတ်မြို့နယ်တွင်း ဒေသခံများကို ဖမ်းဆီးခြင်း၊ ငွေကြေး တောင်းခြင်းများကို ရပ်တန့်ပေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများကို ဒေသခံ မြို့မိမြို့ဖများ၊ အရပ်ဘက်အဖွဲ့အစည်းများက လက်မှတ်ထိုးကာ တောင်းဆိုသော်လည်း တစုံတရာ အကြောင်းပြန်ခြင်း၊ ထူးခြားခြင်း မရှိသေးပါဟုလည်း ဦးစိုးဌေးက ပြောသည်။
ယခုရက်ပိုင်းအတွင်း မိုးကုတ်မြို့နယ်တွင်း ရဲတပ်ဖွဲ့များက လှည့်ကင်းလှည့်ခြင်း၊ တပ်မတော်က လုံခြုံရေး ယူခြင်းများ ပြုလုပ်နေသော်လည်း တဖက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက လှုပ်ရှားသွားလာနေသည်ကိုလည်း ဒေသခံများက သိရှိ မြင်တွေ့နေရသည်ဟု ဦးစိုးဌေးက ဆိုသည်။
ဆက်လက်ပြီး ဦးစိုးဌေးက “သူတို့ လှုပ်ရှားမှုက မြို့က လူထုကို အကြောက်တရား ပိုကြီးစေတယ်။ စိုးရိမ်မှု ဖြစ်စေတယ်။ ဒါကို ဘယ်လိုကိုင်တွယ်မလဲပေါ့။ အစိုးရအနေနဲ့ မြန်မြန် ညှိနှိုင်း ဖြေရှင်းပေးတာမျိုး လုပ်စေချင်တယ်။ အဲ့လိုမလုပ်ဘူးဆိုရင် ဒီမြို့ကို လာမယ့် ဧည့်သည်တွေ ဒီမြို့မှာ ရှိတဲ့ လူတွေက တချို့ဆို ကိုယ့်အိမ်မှာ ကိုယ်မအိပ်ရဲဘူး။ အဒေါ်အိမ်၊ သားသမီးအိမ် တခြားအိမ် ပြောင်းအိပ်နေရတယ်။ ကြောက်လန့်မှုတွေက ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ မြို့ပေါ်က လူတွေအတွက် တော်တော် ကို ခြောက်ခြောက်ခြားခြား အနေအထား ရှိနေပါတယ်”ဟုလည်း ပြောသည်။
ဒီဇင်ဘာ ၄ ရက် မနက် ၈ နာရီခွဲ ကလည်း SP Bakery မုန့်တိုက် ပိုင်ရှင် ဦးကျော်ဝင်းကို မိုးကုတ်မြို့ အောင်ချမ်းသာ ဈေး အနီးတွင် တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။
ဦးကျော်ဝင်းကို ဖမ်းဆီးထားသည်မှာ ၎င်းတို့ ဖြစ်ကြောင်း TNLA က ဝန်ခံသော်လည်း ဖမ်းဆီးရသည့် အကြောင်းအရင်းကို ယနေ့ထိ ထုတ်ဖော် ပြောဆိုခြင်း မရှိပါ။
TNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က “အားလုံးကို ကြည့်ရင် ဖမ်းတာတော့ အကြောင်းမဲ့ ဖမ်းတာ မဟုတ်ဘူး။ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တာ လောင်းကစားနဲ့ ဆက်နွယ်တာမျိုးကိုပဲ ဖမ်းတာပါ။ ကိုယ်က ဘာမှမလုပ်ရင် ဘာမှ စိုးရိမ်စရာ မရှိပါဘူး” ဟု ပြောသည်။
ဦးကျော်ဝင်းမှာ မူးယစ်ဆေး သို့မဟုတ် လောင်းကစားနှင့် ပတ်သက်၍ ဆက်နွယ်ခြင်းကြောင့် ဖမ်းခြင်း ဟုတ်မဟုတ် မေး မြန်းရာတွင်လည်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ၎င်းနှင့် ပတ်သက်၍ ဖြေဆိုရန် မရှိသေးကြောင်း ပြောပြီး လက်ရှိတွင် ၎င်းတို့ ဖမ်းဆီးထားသည့် ဦးကျော်ဝင်းမှာ ကျန်းမာရေး ကောင်းမွန်ပါသည် ဟုသာ ပြောသည်။
မိုးကုတ်မြို့နယ်သည် ဒေသခံများကို ဖမ်းဆီးခြင်းများ ပြုလုပ်ထားသည့် SSPP နှင့် TNLA သည် တန်းတူညီမျှရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်များရရှိရေး အကြောင်းပြပြီး အစိုးရနှင့် တပ်မတော်ကို တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သည်။
SSPP သည် အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ်စာချုပ် ၂ စောင်ကို လက်မှတ် ရေးထိုးထားပြီး တနိုင်ငံလုံး ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် (NCA) ကို လက်မှတ် ရေးထိုးရန် ညှိနှိုင်း နေဆဲ ဖြစ်သည်။
မိုးကုတ်မြို့နယ်လုံး ဆိုင်ရာ မြို့မိမြို့ဖ အဖွဲ့ကလည်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို မေတ္တာရပ်ခံသည် စာတ စောင်ကို ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ထားပြီး ဒေသခံများကို ဖမ်းဆီးကာ ငွေတောင်းခြင်း၊ ဆက်ကြေး ကောက်ခံခြင်း များ မပြုလုပ်ရန် တောင်းဆိုထားသည်။
ထိုထဲတွင် ဒေသခံများမှာ ကျောက်မျက် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း လုပ်နေကြရာ ကျောက်တူးဖော်မှုများလည်း ရပ်တန့်လုနီးပါး ဖြစ်နေသဖြင့် နှစ် ၈၀ ပွဲတော် ကျင်းပပြီး ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးစားနေရသည့် အခိုက် အတန့် ဖြစ်ပါသည်ဟု ရေးသားထားသည်။
ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရန် လုပ်ကိုင်နေစဉ် လက်နက်ကိုင် အဖွဲ့အစည်းများက စာပို့ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ ပြန်ပေး ဆွဲခြင်းများကို မလုပ်ဘဲ မြို့နေလူထုကို သနား ငဲ့ညှာပေးရန် မေတ္တာရပ်ခံ ပါသည် ဟုလည်း ရေးသားထားသည်။
ဧရာဝတီ၏ အမေးအဖြေ ကဏ္ဍတွင် မေးမြန်းထားသည့် မိုးကုတ်ဒေသခံ ဒေါ်ခင်မြင့်ဌေး ဆိုလျှင် ချဲရောင်းသည် ဟူသည့် အကြောင်းပြချက်ဖြင့် TNLA တပ်ဖွဲ့က ၎င်းကို အောက်တိုဘာ ၁၇ ရက်မှ ၂၆ ရက်ထိ ဖမ်းဆီးထားပြီး ငွေကျပ် သိန်း ၆၅၀ ဖြင့် ရွေးယူရန် အကျပ်ကိုင်ခံခဲ့ရသည်။
မိသားစုမှ လာမရွေးသဖြင့် ရိုက်နှက်ခဲ့ပြီး ၆ ရက်အကြာတွင် ၎င်း၏ မိသားစုက မိုးကုတ်မြို့ရှိအိမ်ကို ပေါင်နှံကာ ရသည့် ငွေ သိန်း ၃၄၀ ဖြင့် ဒေါ်ခင်မြင့်ဌေးကို ရွေးယူမှ TNLA က ပြန်လွှတ်ပေးခဲ့သည်။
You may also like these stories:
ချဲ ရောင်းတာကို အကြောင်းပြပြီး ပြန်ပေးဆွဲနေသလို ဖြစ်နေတယ်
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ဇေယျာလွင်ကို တပ်မတော်က ထပ်မံတရားစွဲ
အပြီးတိုင် နှုတ်ပိတ်ဖို့ ကြံစည်တာပါဆိုတဲ့ Myanmar Now အယ်ဒီတာချုပ်နှင့် မေးမြန်းခြင်း