သတင်း

တရုတ် အကူအညီဖြင့် ကိုဗစ် စစ်ဆေးသည့် ဓာတ်ခွဲခန်း တခု “ဝ” ပိုင်ဆိုင်

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံဘက်မှ စက်ပစ္စည်း ကိရိယာများ လှူဒါန်းသဖြင့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ဌာန ချုပ်စိုက်ရာ ပန်ဆန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးသည့် ဓာတ်ခွဲခန်းတခု ပိုင်ဆိုင်သွားပြီဟု သတင်း ရရှိ သည်။

ဒီဇင်ဘာ ၆ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်ခရိုင်၊ မုန်းလင်မြို့ ကြက်ခြေနီဌာနမှ UWSA ကို ကိုဗစ်-၁၉ ရောဂါ ရှာဖွေသည့် စက်ကို ပေးအပ်ထားသည်။

တရုတ်ဘက်မှ ပေးသည့် စက်သည် ကိုဗစ်-၁၉ ရောဂါ ရှိ မရှိကို နှာခေါင်းနှင့် အာဖတ်တို့ ဖတ်ယူပြီး Reverse Transcription Polymerase Chain Reaction (RT-PCR) နည်းဖြင့် ရောဂါရှာဖွေ စစ်ဆေးရာတွင် အသုံးပြုသည့် စက်ဖြစ်သည်။

UWSA ၏ ပြောရေးဆိုခွင့် ရှိသူ ဦးညီရန်းက “မနေ့က ကျနော်တို့ တပ်ဆင်ပြီးသွားပြီ။ အခမ်းအနားလုပ်ပြီး သွားပြီ။ ကျနော် တို့ ဝ အစိုးရနဲ့ ယူနန်ပြည်နယ် အစိုးရက အရင်ကတည်းက ကျန်းမာရေးပိုင်းဆိုင်ရာမှာ ပူးပေါင်းမှုတွေ ရှိတယ်။ သူတို့က လည်း စက်ကို တပ်ဆင်ပေးတဲ့အပြင် လှူဒါန်းပေးတဲ့အပြင်ကို ပညာရှင်တွေနဲ့ စမ်းသပ်ဖို့နဲ့ သုံးစွဲတတ်အောင်လည်း သင် တန်းပေးတယ်” ဟု ပြောသည်။

ပန်ဆန်း ဓာတ်ခွဲခန်းတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးသည့် စက်လှူဒါန်းသည့် ဖူအယ်ခရိုင်သည် တရုတ်ဗဟိုအစိုးရက စီစဉ်နေသည့် ပိုးလမ်းမ စီမံကိန်း (OBOR) ၏ အစိတ်အပိုင်း တခုဖြစ်ပြီး ဖူအယ်ခရိုင် နယ်စပ်တွင် Cross Border Corporation Zone တခု ဆောက် လုပ်ပြီး ဝ ဒေသနှင့် ချိတ်ဆက်ကာ ကုန်သွယ်ရေး လမ်းကြောင်းကြီး တခုဖွင့်ရန် တရုတ်က လျာထားသည့် နယ်မြေ ဖြစ်သည်။

ပန်ဆန်းဓာတ်ခွဲခန်းတွင် ရရှိထားသည့် စက်သည် ၃ နာရီတွင် လူဦးရေ ၉၀ ကျော်၏ တို့ဖတ် နမူနာများကို စစ်ဆေးနိုင်ပြီး ထိုစက်သည် တရုတ်နိုင်ငံတွင် နောက်ဆုံးပေါ်စက် ဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာ ၄ သိန်းကျော် တန်ဖိုး ရှိသည်ဟု သိရသည်။

ဓာတ်ခွဲခန်း ဖွင့်သည့် ဒီဇင်ဘာ ၆ ရက်တွင် UWSA ဘက်မှ လူဦးရေ ၃၀ ကို ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးခဲ့ပြီး စစ်ဆေးသူ အားလုံး ရောဂါကူးစက် ခံထားရခြင်း မရှိဟု သိရသည်။

ဦးညီရန်းက ဝ ဒေသ အားလုံးတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးရန် လိုအပ်ပါက ပန်ဆန်းမြို့သို့ တို့ဖတ်နမူနာများ ပို့ကာ စစ်ဆေးမည် ဟုလည်း ပြောသည်။

သို့သော် ဝ တောင်ပိုင်းဒေသသည် ပန်ဆန်းမြို့နှင့် အလှမ်းဝေးပြီး ကြားတွင် မိုင်းလားမြို့၊ ကျိုင်းတုံမြို့၊ မိုင်းဆတ်၊ မိုင်းတုံ အဆင့်ဆင့် ဖြတ်ပြီးမှ သွားရမည် ဖြစ်သည်။

ဝ တောင်ပိုင်း ဒေသတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရန် ရှိပါက မည်သို့ ဆောင်ရွက်မည်နည်းဟု မေးမြန်းရာ ဦးညီရန်းက “လိုအပ်ရင် တော့ ပန်ဆန်းအထိ သယ်ရမှာပေါ့။ အကယ်လို့ တာချီလိတ်၊ မိုင်းဆတ်ဘက်မှာ မရှိဘူး ဆိုရင်ပေါ့” ဟု ပြော သည်။

ပန်ဆန်းမြို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပြီး မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့မှ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရန် အကူအညီလိုပါကလည်း ပန်ဆန်း ဓာတ်ခွဲခန်းတွင် လာရောက် စစ်ဆေးနိုင်ရန် အကူအညီပေးမည်ဟု ဦးညီရန်းက ဆိုသည်။

တပ်မတော်က ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးသည့် ဓာတ်ခွဲခန်းတခုကို ဖွင့်လှစ်ထားပြီး UWSA ကိုလည်း ရောဂါ စစ်ဆေးရန် လိုအပ်ပါက ကျိုင်းတုံမြို့တွင် လာရောက် စစ်ဆေးရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။

တရုတ်နိုင်ငံဘက်မှ ကိုဗစ်-၁၉ စစ်ဆေးသည့် စက် လှူဒါန်းစဉ် (ဓာတ်ပုံ- WSTV)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံမြို့နယ်သို့ မေ၊ စက်တင်ဘာနှင့် နိုဝင်ဘာတို့ တွင် ၃ ကြိမ် သွားရောက်ကာ UWSA ၏ တောင်ပိုင်းဒေသ တာဝန်ခံများနှင့် တွေ့ဆုံမှုများ ပြုလုပ်ကာ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ တွေ့ဆုံမှု တိုင်းတွင် အကူအညီပေးမည် ဟု ပြောဆိုထားသည်။

ကိုဗစ်- ၁၉ ရောဂါနှင့် ပတ်သက်၍ အကူအညီလိုအပ်ပါက တပ်မတော် ဆေးအဖွဲ့များ စေလွှတ်ပေးမည်ဟု ပြောသည့် အပြင် ဆေးစစ်မှုများ ပြုလုပ်လိုပါကလည်း ကျိုင်းတုံမြို့တွင် လာရောက်စစ်ဆေးနိုင်ရန် တပ်မတော်က ဆောင်ရွက်ပေး ထားကြောင်း၊ မိမိ တိုင်းပြည်ကို အားကိုးစိတ်မွေးရန် လိုပါသည်ဟုလည်း တွေ့ဆုံမှုတွင် ထည့်သွင်း ပြောဆိုထားသည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက “ဝ မှာ အခုလောလောဆယ် လုပ်ပေးနေတာ က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းပဲ လုပ်ပေးနေတယ်။ ပြီးရင် သူတို့မှာ လုပ်ထားတဲ့ ဆေးရုံတရုံရှိတယ်။ အဲဒီမှာ လည်း ကျွမ်းကျင်သူပေါ့။ ကျနော်တို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဝ ဘက်က ဦးညီကပ်နဲ့ တွေ့တော့ ကျွမ်းကျင် သူ ဆေးမှူး ၂ ယောက်လောက်ပဲ ရှိတယ်။ အဲဒါကို မလုံလောက်ဘူး ဆိုတဲ့အတွက် ကျနော်တို့ဘက်က နယ်လှည့် ဆေးကု သရေး တဖွဲ့က သွားထိုင်ပြီးတော့ ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းပဲ ရှိပါတယ်” ဟု ပြောသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝ တောင်ပိုင်းဒေသတွင် အကူအညီပေးနေသည်များကို ပြောဆိုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ ရောဂါ ကူးစက်မှု စတင်တွေ့ရှိသည့် မတ်လမှ စ၍ အစိုးရအဆင့်ဆင့်က သက်ဆိုင်ရာ ပြည် နယ်နှင့် တိုင်းဒေသကြီးများတွင် ကာကွယ်ရေး ပြုလုပ်ကြရာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကလည်း ၎င်းတို့ ထိန်း ချုပ်သည့် နယ်မြေများ၊ မြို့များတွင် ရောဂါ ကူးစက် မလာစေရန် ကာကွယ်မှုများ ပြုလုပ်ကြသည်။

ထိုထဲမှ ဝ နှင့် မိုင်းလားသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရ၏ ဆေးပညာ အထောက်အပံ့နှင့် အကူအညီများ ရရှိပြီး တရုတ်ဘက်မှ ဆေးတပ်သားများ စေလွှတ်ပြီး ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သတ်၍ ဝနှင့်မိုင်းလားတို့မှ ကျန်းမာရေး ဝန်ထမ်း များကို သင်တန်းများ ပို့ချခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် နှာခေါင်းစည်းနှင့် ပိုးသတ်ဆေးများ အကူအညီပေးခြင်း များကို ပြုလုပ်ပေးခဲ့သည်။

ဝ ဒေသတွင်း RT-PCR စက် မရရှိခင်က Rapid Test Kit များဖြင့် စစ်ဆေးခြင်း၊ တရုတ်နိုင်ငံဘက်မှ လာကူညီပေးသည့် တရုတ် ကျန်းမာရေးဝန်ထမ်းများနှင့် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့ပြီး ယခုအခါ ကူးစက်ခံရသူ ၁၀၀၄၃၁ ဦး၊ သေဆုံးသူ ၂၁၃၂ ဦး၊ ၇၉၂၄၀ ဦးမှာ ရောဂါ သက်သာသဖြင့် ဆေးရုံမှ ဆင်းသွားပြီဖြစ်ကာ ကျန်သူများမှာ ဆက်လက် ကုသနေရဆဲ ဖြစ်သည်

ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရန် လိုအပ်လာပါက အစိုးရနှင့် တပ်မတော်ဘက်မှ ကူညီပေးမည်ဟု ပြောဆိုထားသော်လည်း ဝ ဒေသတွင်း ရောဂါကူးစက်ခံရမှုများ မရှိစေရန် အတွက် မတ်လကုန်ပိုင်းမှ စ၍ အစိုးရအုပ်ချုပ်သည့် နယ်မြေများနှင့် ထိစပ် နေသည့် နယ်မြေများ၊ တရုတ်နိုင်ငံနှင့် ဆက်စပ်နေသည့် နယ်စပ်ဂိတ်များ၏ အဝင် အထွက်ကို ပိတ်ထားသည်။

UWSA သည် မြန်မာနိုင်ငံထဲရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအနက် အင်အားအကြီးဆုံး တပ်ဖွဲ့ တဖွဲ့ ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသရှိ ပန်ဆန်း၊ မိုင်းမော၊ မက်မန်း၊ နားဖန်း၊ ဟိုပန်နှင့် ပန်ဝိုင် မြို့နယ်တို့ကို ခရိုင်၂ ခုခွဲကာ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားပြီး ထိုနယ်မြေများကို UWSA က အုပ်ချုပ်သည်။

UWSA သည် ထိုမြို့နယ်များအပြင် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ဖြစ်သည့် မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၏ အစိတ် အပိုင်းအချို့နှင့် နားကောင်းမူ၊ ပုံပါကျင်မှ ထိုင်း-မြန်မာ နယ်စပ်တကြောတွင်လည်း ဝတောင်ပိုင်း အုပ်ချုပ်မှု နယ်မြေအဖြစ် သတ်မှတ်ကာ ထိန်းချုပ်ထားသည်။

UWSA အုပ်ချုပ်သည့် နယ်မြေများသည် အစိုးရနှင့် တပ်မတော်၏ အာဏာသက်ရောက်မှု မရှိဘဲ UWSA ကသာ အပြည့် အဝ အုပ်ချုပ်ထားသည်။

UWSA သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးနောက် သေနတ်ပြန် မပေါက်သည့် တပ်ဖွဲ့ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်လက်တွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် အပစ်ရပ် စာချုပ်များကို ထပ်မံချုပ် ဆို ထားသည်။

UWSA က ၎င်းတို့ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ်မှ ပြည်နယ်အဆင့်သို့ ဥပဒေထဲတွင် တိုးမြှင့်သတ်မှတ်ပေး ရန် အစိုးရထံ တောင်းဆိုထားပြီး ဒေသတွင်း ရုံးသုံးစာများတွင်လည်း ဝ ပြည်နယ်အစိုးရ ဟုသာ သုံးနှုန်းလျက် ရှိသည်။

၂၀၁၉ ခုနှစ်၊ ဧပြီ တွင် ကျင်းပသည့် UWSA ၏ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားတွင် မောင်းသူ မဲ့ စစ်ထောက်လှမ်းရေး လေယာဉ် ၄ စင်း၊ လေယာဉ်ပစ် စက်သေနတ် ၁၂ လက်နှင့် ပခုံးထမ်းပစ်ခတ်သည့် အမြှောက်များ ကို ထုတ်ပြသခဲ့သည်။

ထိုစဉ်ကလည်း UWSA ထုတ်ပြခဲ့သည့် လက်နက်ခဲယမ်းများသည် မှောင်ခိုဈေးကွက်တွင် ဝယ်ယူရနိုင်သည့် လက်နက် အမျိုးအမည်များ မဟုတ်သဖြင့် တရုတ်က ထောက်ပံ့ထားခြင်း ဖြစ်သည်ဟု သုံးသပ်ပြောဆိုကြသည့် အပြင် UWSA သည် တရုတ်၏ ကျောထောက်နောက်ခံဖြင့် ကြီးထွားနေသည့် လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ဖြစ်သည်ဟုလည်း ပြောဆိုမှုများ ရှိ သည်။

UWSA သည် လူ ၄ ဦး စီးနင်းလိုက်ပါနိုင်သည့် ရဟတ်ယာဉ် တစင်းကိုလည်း ပိုင်ဆိုင်ထားသည်။

You may also like these stories:

နမ္မတူတွင် RCSS နှင့် TNLA တို့ နယ်မြေအငြင်းပွားမှုဖြင့် တိုက်ပွဲပြန်ဖြစ်

အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့ ဖက်ဒရယ် အခြေခံမူများ ဆွေးနွေးရန် ပြင်ဆင်

တပ်မတော်နှင့် KNU ဖာပွန်တိုက်ပွဲ ဘယ်လို ဖြစ်ခဲ့သလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading