ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်း မွတ်စလင် ဒုက္ခသည်စခန်းမှ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တဦး အား အဓမ္မပြုကျင့်ခဲ့သူ ၃ ဦးကို အရေးယူရန် လိုက်လံရှာဖွေနေကြောင်း သတင်း ရရှိသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြစ်မှု ကျူးလွန်သူ ၃ ဦးကို ပေါက်တော မြို့မ ရဲစခန်းတွင် မုဒိမ်းမှု၊ မတရား ချုပ်နှောင်ထားမှု၊ အမှုတွင် ပူးပေါင်း ပါဝင်မှုစသည့် ရာဇသတ်ကြီး ပုဒ်မတို့ဖြစ်သော ၃၇၆၊ ၃၄၃၊ ၁၄၄၊ ၃၂၃၊ ၃၅၄ ပုဒ်မတို့ဖြင့် အမှုဖွင့်ထား ကြောင်း မြို့မရဲစခန်း တာဝန်ရှိထံမှ သိရသည်။
ပေါက်တောမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး လှဌေးက “ကျနော်တို့က ကျူးလွန်သူတို့ကိုတော့ ရာဇသတ်ကြီးပုဒ်မ ၃၂၃၊ ၃၄၃၊ ၃၅၄၊ ၃၇၆၊ ၁၄၄ ပုဒ်မတွေနဲ့ အမှုု ဖွင့်ထားတယ်။ သူတို့ကို ဒေသက အမာခံတွေနဲ့ စုံစမ်းပြီးတော့ လိုက်ရှာနေပါ တယ်။ မော်လဝီအပါဝင် ၃ ဦးကို အမှုဖွင့်ထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ၂၉ ရက်က ငှက်ချောင်း မွတ်စလင် ဒုက္ခသည်စခန်းမှ အသက်က ၄၅ နှစ်အရွယ် မော်လဝီ ဟိုက် ဒေါရ်အာလီ၊ အသက်၂၅ နှစ်အရွယ် အဒူဖူးဂျာနှင့် အသက်၂၇ နှစ်အရွယ် ဂျူးဘတ်တို့မှာ ထိုမိန်းကလေးငယ်အား စခန်း အပြင်ဘက် လယ်ကွင်းထဲသို့ ခေါ်ယူကာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင်များနှင့် စခန်း တာဝန်ရှိသူတို့ ထံမှ သိရသည်။
အဓမ္မပြုကျင့်ခံခဲ့ရသူ၏ ဦးလေး တော်စပ်သူ ဦးမောင်နူ က “ကလေးမမှာ အောက်ကနေ သွေးဆင်းတာတွေ၊ ကိုယ်မှာ လည်း ကတ်ကြေးနဲ့ ထိုးထားတဲ့ ဒဏ်ရာတွေ၊ ကြိုးနဲ့ချည်ထားတဲ့ ဒဏ်ရာတွေလည်း ရှိတယ်။ အဲဒီမှာ ကလေးမက နှာ ခေါင်းနဲ့ အင်္ဂါတွေက သွေးတွေကျတယ် ဆိုတော့ အရမ်း စိုးရိမ်မိတာ။ ဒဏ်ရာတွေကိုကျတော့ ပေါက်တော ဆေးရုံမှာ ဆေးစစ်ခဲ့တယ်။ အဲဒီကနေ စခန်းကို ယူလာပြီးတော့ အခုတော့ စစ်တွေကို ပို့လိုက်ရတာ” ဟု ဆိုသည်။
အဆိုပါ မိန်းကလေးမှာ မော်လဝီ ဟိုက်ဒေါရ်အာလီ၏ နေအိမ်တွင် အကူအဖြစ်လုပ်ကိုင်နေသူဖြစ်ပြီး ယင်းနေအိမ်မှ ငွေ များကို ခိုးယူသည်ဆိုသည့် စွပ်စွဲချက်ဖြင့် မိန်းကလေးအား ဖမ်းဆီးချုပ်နှောင်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် ၎င်း၏ တပည့်ဖြစ်သူတို့နှင့်အတူ အုပ်စုလိုက် အဓမ္မကျင့်ကြံခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
၎င်းတို့ ၃ ဦးအား တရားဥပဒေအတိုင်း ထိရောက်စွာ အရေး ယူပေးရန် လိုလားကြောင်းလည်း ဦးလေးတော်စပ် သူ ဦးမောင်နူက ဆိုသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အဆိုပါ ဒုက္ခသည် စခန်းသို့ မြို့နယ် ရဲတပ်ဖွဲ့မှလာရောက်ပြီး တရားခံကို ရှာဖွေမှုများ ရှိနေ သော်လည်း တရားခံတို့မှာ ထွက်ပြေး လွတ်မြောက်နေကြောင်း ငှက်ချောင်း မွတ်စလင် ဒုက္ခသည် စခန်း တာဝန်ခံက ပြော ပြချက်အရ သိရသည်။
စခန်း တာဝန်ခံ ဦးမောင်နူမိယာက “မုဒိမ်းကျင့်ခဲ့ကြတဲ့ ဖြစ်စဉ်မှာ ပါဝင်သူတို့ကို ရဲစခန်းမှာ အမှုဖွင့်ထားတဲ့အတွက် ရဲ တွေကလည်း တရားခံဖမ်းမယ်၊ စစ်ဆေးမယ် ဆိုပြီးတော့ ကျနော်တို့ စခန်းကို ရောက်လာကြတယ်။ ဒါပေမယ့်လည်း မတွေ့ခဲ့ဘူး။ ကျူးလွန်သူတွေက ထွက်ပြေးနေကြတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း သက်ငယ် မုဒိမ်းမှုအပါဝင်၊ မုဒိမ်းမှုများတွင် ထိရောက်စွာ အရေးယူမှု အားနည်းခြင်း၊ ခံရသူ အမျိုး သမီးများနှင့် မိသားစုတို့အပေါ်တွင် ငွေကြေးလာဘ်ပေးကာ အမှုကို ပပျောက်စေခြင်း အပါအဝင် ခြိမ်းခြောက် ဖိအားပေးမှု များရှိနေခြင်းမှာလည်း အဓမ္မ ကျူးလွန်ရန် တွန်းအားပေးနေသလိုဖြစ်နေကြောင်း ရခိုင် အမျိုးသမီး အရေးလှုပ်ရှား နေ သူတို့က ပြောဆိုသည်။
ရခိုင်ရှေ့ဆောင် အမျိုးသမီးအဖွဲ့ (RWIO) ဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူက “ဒီပေါက်တော ဒေသက သက်ငယ် မုဒိမ်းမှု အရမ်း များတာကို ကျမတို့ တွေ့ရတယ်။ အခုလို သက်ငယ် မုဒိမ်းမှုတွေ ဖြစ်ပေါ်တဲ့ အပေါ်မှာ ဒေသခံတွေကို ပညာပေးမှုတွေ အားနည်းနေတာလည်း ရှိတယ်။ နောက်ပြီးတော့ ဥပဒေအကြောင်းရာအရ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လည်း နည်းတာကို တွေ့ရတယ်။ ဒါကြောင့် တာဝန်ရှိသူတို့နေ ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်” ဟု ဆိုသည်။
ပေါက်တောမြို့နယ် ငှက်ချောင်း မွတ်စလင် ဒုက္ခသည် စခန်းတွင် လူဦးရေ ၄၀၀၀ ကျော် ရှိပြီး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ပေါက်တော၊ မြေပုံမြို့နယ်တို့မှ နေရပ်စွန့်ခွာကာ ယင်းစခန်းတွင် လာရောက် နေထိုင်ကြ ခြင်းဖြစ်ကြောင်း သိရသည်။
You may also like these stories:
စစ်ပဋိပက္ခအတွင်း ရခိုင်နှင့် ချင်းတွင် အိမ်ပေါင်း ၂ ထောင်ကျော် မီးရှို့ခံခဲ့ရ
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များ အနွေးထည်နှင့် စောင်များ လိုအပ်နေ