ရွေးကောက်ပွဲ စာရွက်စာတမ်းများ ကူးယူခွင့်ရရေး ညွှန်ကြားပေးရန် တပ်မတော်၏ မေတ္တာရပ်ခံမှုသည် ဥပဒေနှင့် မညီသည့် လုပ်ဆောင်မှုဖြစ်စေသည့်အတွက် ညွှန်ကြားပေးနိုင်ခြင်းမရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် (UEC) က ဒီဇင်ဘာ ၇ ရက်နေ့ညပိုင်းတွင် ကြေညာလိုက်သည်။
တပ်မတော်သားများနှင့် မိသားစုဝင်များ မဲပေးခဲ့သည့် ၂၁၈ မြို့နယ်တွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဥပဒေနှင့် ညီညွတ်မှုရှိမရှိ စိစစ်သုံးသပ်ရန်နှင့် လိုအပ်ပါက ကန့်ကွက်လွှာတင်သွင်းရန် စာရွက်စာတမ်းများ ရရှိရေးအတွက် သက်သေခံဥပဒေ ပုဒ်မ ၇၄ နှင့် ပုဒ်မ ၇၆ တို့အား ကိုးကားပြီး တပ်မတော်အနေဖြင့် နိုဝင်ဘာ ၃၀ ရက်နေ့က မေတ္တာရပ်ခံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
UEC ၏ကြေညာချက်တွင် “တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မေတ္တာရပ်ခံသည့်အတိုင်း ဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ အသီးသီးအား ဥပဒေနှင့်မညီသော ဆောင်ရွက်မှုကိုြ ပြုလုပ်စေရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနှင့်မညီသော ညွှန်ကြားမှုကို ပြုရာရောက်မည်ဖြစ်သဖြင့် ညွှန်ကြားပေးနိုင်မည်မဟုတ်ပါ” ဟု ဖော်ပြထားသည်။
တပ်မတော် ကိုးကားခဲ့သည့် သက်သေခံဥပဒေနှင့် ပတ်သက်၍လည်း လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၈ အရ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများအား ရွေးကောက်ပွဲ ကော်မရှင်ခုံအဖွဲ့က စစ်ဆေးရာတွင်သာ သက်သေခံ ဥပဒေပါ ပြဌာန်းချက်များအား ကျင့်သုံးဆောင်ရွက်ခွင့်ရှိကြောင်း UEC က ရှင်းလင်းထားသည်။
သက်သေခံဥပဒေသည် သာမန်အားဖြင့် အဖွဲ့အစည်းချင်းဖြစ်စေ၊ လူတဦးချင်းဖြစ်စေ ကျင့်သုံးတောင်ခံခွင့်မရှိဘဲ တရားရုံးတွင် တိုင်းကြားမှုများအား လက်ခံစစ်ဆေးခြင်းနှင့် နိုင်ငံဝန်ထမ်းဥပဒေအရ စစ်ဆေးမှုများ၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေအရ ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်များက တိုင်ကြားချက်များအပေါ် စစ်ဆေးရန် ပေါ်ပေါက်သည့်အခါမှာသာ သက်သေခံအထောက်အထား တောင်းခံခွင့်၊ တင်ပြခွင့် အခွင့်အရေးရှိကြောင်း ဥပဒေအ ကြံပေးတဦးဖြစ်သူ ဦးခင်မောင်မြင့်က ရှင်းပြသည်။
တပ်မတော်သား မဲဆန္ဒရှင်များ အနေဖြင့် ကန့်ကွက်လွှာတင်သွင်းရန်နှင့် မှတ်တမ်းထားရှိရန်ဟု အကြောင်းပြကာ ကြိုတင်မဲစာရင်းများ၊ မဲပေးသည့်နေ့ မဲစာရင်းများ၊ ကိုယ်စားလှယ်လောင်းများ မဲရရှိမှုစာရင်း၊ ပယ်မဲစာရင်း၊ မဲလက်မှတ်ဖြတ်ပိုင်းများ၊ ကျန်ရှိသည့် မဲလက်မှတ်စာရင်များစသည်တို့ကို တောင်းခံလာကြောင်းလည်း UEC က ထုတ်ပြန်ထားသည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့်လည်း တပ်ရင်းတပ်ဖွဲ့များနှင့် သက်ဆိုင်သည့် မဲရုံ ၁၂၇ ရုံအတွက် မဲစာရင်းအပါအဝင် ရွေးကောက်ပွဲစာရွက်စာတမ်း ၁၁ မျိုးအား ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံသို့ နိုဝင် ဘာ ၂၉ ရက်နေ့က တောင်းခံထားကြောင်း သိရသည်။
ယင်းသို့ တောင်ခံလာသည့်အချက်အလက်များသည် ရွေးကောက်ပွဲပြီးသည့် ချိပ်ပိတ်သိမ်းဆည်းထားရသည့် အချက်အလက် စာရွက်စာတမ်းများဖြစ်သည့်အတွက် ရွေးကောက်ပွဲခုံအဖွဲ့၏ အမိန့်နှင့်ဖြစ်စေ၊ ရွေးကောက်ပွဲကော် မရှင်၏ သီးသန့်ညွှန်ကြားချက်ဖြစ်စေ ရရှိမှသာ ပြန်လည်ဖွင့်ဖောက်စစ်ဆေးနိုင်ကြောင်း မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တဦးက ရှင်းပြသည်။
ယခုကဲ့သို့ တပ်မတော်၏ စိစစ်သုံးသပ်မည့်အစီအစဉ်နှင့် ပတ်သက်ပြီး တပ်မတော်သား မဲဆန္ဒရှင်များအပေါ် သက်ရောက်မှုရှိလာမည်ကို စိုးရိမ်ကြောင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူအချို့က ထုတ်ဖော်ပြောကြား ထားပြီး ရွေးကောက်ပွဲလွတ်လပ်မှုနှင့် တရားမျှတမှုအပေါ် ထိခိုက်လာပါကလည်း ကန့်ကွက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် (NLD) ပါတီဘက်က ပြောထားသည်။
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က “လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ် မြောက်ရေးကို ထိခိုက်စေမယ့် စစ်ဆေးမှုမျိုး မဖြစ်ဘူးဆိုရင်တော့ ကျနော်တို့ ကန့်ကွက်ဖို့မရှိပါဘူး။ ဒီလိုမှမဟုတ်ဘဲ လွတ်လပ်စွာမဲပေးခွင့်မရှိဘူး၊ တစုံတရာ အရေးယူမှုရှိမယ်ဆို ရင်တော့ ဒါဟာ ရွေးကောက်ပွဲရဲ့ အနှစ်သာရကို ထိခိုက်စေပါလိမ့်မယ်။ မဲဆန္ဒရှင်များ မိမိတို့ နှစ်သက်ရာ ပါတီကို မဲပေးခြင်းကြောင့် အရေးယူခံရမယ်ဆိုရင် ဒါဟာ ရွေးကောက်ပွဲရဲ့ လွတ်လပ်မှု၊ တရားမျှတမှုကို ထိခိုက်ပါလိမ့်မယ်။ ထိခိုက်မှုရှိ/မရှိကိုတော့ စောင့်ကြည့်ရမှာပေါ့” ဟု ပြောထားသည်။
ယင်းအပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်အ ချို့မှ ရွေးကောက်ပွဲတွင် အသုံးပြုသည့် မဲစာရင်းများ မိတ္တူကူးယူခွင့် တင်ပြမှုနှင့်ပတ်သက်၍လည်း အဆိုပါ စာ ရင်းများသည် ချိပ်ပိတ်သိမ်းဆည်းထားသည့် အထုပ်များတွင် ပါဝင်သည့်အတွက် မဲစာရင်းမိတ္တူမှန် ကူယူခွင့် ပြု ပေးနိုင်မည်မဟုတ်ကြောင်းနှင့် ယင်းသို့ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများအား မိတ္တူကူးယူခွင့်ပြုရမည်ဆိုသည့် ဥပဒေပြဌာန်းများလည်း မရှိကြောင်း UEC က ကြေညာခဲ့သည်။
ကော်မရှင်အဖွဲ့ခွဲများအနေဖြင့်လည်း ရွေးကောက်ပွဲကာလအတွင်း မဲစာရင်းမိတ္တူ ကူးယူလိုကြောင်း လျှောက် ထားသည့် ကိုယ်စားလှယ်လောင်းများအား ကူယူခွင့်ပြုခဲ့ပြီး ရွေးကောက်ပွဲကျင်းပပြီးစီးသည့်နေအထိ ခိုင်လုံသည့် အကြောင်းပြချက်ဖြင့် မဲစားရင်းကူးယူလိုကြောင်း လျှောက်ထားမှုများအား နည်းဥပဒေနှင့်အညီ ထုတ်ပေးနိုင် သော်လည်း လျှောက်ထားတောင်းခံခြင်းမရှိခဲ့ကြောင်းလည်း UEC က ရှင်းလင်းထားသည်။
You may also like these stories:
“ရွေးကောက်ပွဲ ကျင်းပချင်စိတ် မရှိဘူးလို့ ပြောတာကတော့ လူကျွံဘောတော့ ဖြစ်သွားတာ”
NLD အနိုင်ရတဲ့ အခြေခံတရားနဲ့ ပြည်သူပေးတဲ့တာဝန်
တပ်မဲဆန္ဒနယ် စစ်ဆေးမှု တရားမျှတမှု ထိခိုက်ပါက ကန့်ကွက်မည် ဟု NLD ပြော