မြန်မာနိုင်ငံ အတွင်း ကိုဗစ် ဒုတိယလှိုင်း စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၌ ပြီးခဲ့သည့် သြဂုတ်လမှ စတင်ပြီး ယနေ့အချိန်ထိ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၃၁ ဦးရှိလာနေကြောင်း ပြည်နယ် ကျန်းမာရေးဌာနမှ သတင်းရရှိသည်။
ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ၌ စစ်တွေဆေးရုံကြီးတွင် ဆေးကုမှုခံယူနေသည့် အသက် ၇၃ နှစ်အရွယ် အမျိုးသမီးတဦးမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသွားခဲ့ပြီး သေဆုံးသွားသူ အများစုမှာ သက်ကြီးပိုင်း အရွယ်များ ဖြစ်သလို ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစသည့် ရောဂါအခံ ရှိသူများဖြစ်ကြောင်းလည်း သိရသည်။
ယင်းကြောင့် ရခိုင်တွင် သေဆုံးသူ ၃၁ ဦးထိ ရှိလာခဲ့ပြီး ၎င်းတို့မှာ စစ်တွေမြို့နယ်မှ ၉ ယောက်၊ ကျောက်တော်က ၉ ယောက်၊ ကျောက်ဖြူ ၃ ယောက်၊ မောင်တော ၃ ယောက်၊ ပေါက်တော ၃ ယောက်၊ မြောက်ဦး ၂ ယောက်၊ ဘူးသီးတောင် ၁ ယောက်နှင့် မင်းပြား ၁ ယောက်တို့ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန စာရင်းများအရသိရသည်။
ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က “ကိုဗစ် ဖြစ်တာကတော့ ၃ လကျော်သွားပြီပေါ့။ အဲဒီအထဲမှာ ၉ လပိုင်းမှာ ရောဂါ ကူးစက်နှုန်း အမြင့်ဆုံးဖြစ်ခဲ့တယ်။ ဒီရက်ပိုင်းမှာတော့ တော်တော်လေးလျော့နည်းသွားတယ်။ ဒါပေမယ့်လည်း လူ ၁၀၀ စစ်ရင် ၇ ဦး လောက်တော့ ပို့တွေ့နေသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ပိုးတွေ့လူနာ နည်းလာသည်ဟု ပြောဆိုနိုင်သော်လည်း ယမန်နေ့ ဒီဇင်ဘာလ ၇ ရက်နေ့ က မြေပုံ ၄ ဦး၊ ကျောက်ဖြူ ၂ ဦး၊ ပုဏ္ဏားကျွန်း ၂ ဦး၊ သံတွဲ ၁ ဦး၊ ရမ်းဗြဲ ၁ ဦး၊ ဂွ ၁ ဦး၊ အမ်း ၁ ဦး စုစုပေါင်း ၁၂ ဦးတို့တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သတင်းထုတ်ပြန်ထားသည်။
ရခိုင်ရှိ မြို့နယ် အသီးသီးတွင် သြဂုတ် ၁၆ ရက်ကနေ အခုအချိန်ထိ ကိုဗစ်ဒုတိယလှိုင်းအတွင်း ပို့တွေ့လူနာပေါင်း ၃၈၁၃ ဦးရှိပြီး ယင်းအထဲမှ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၃၅၁၂ ဦးရှိကာ၊ လက်ရှိ ဆေးရုံတွင် ကုသနေရသူ ၃၀၁ ဦးကျန်နေသေးကြောင်း ဒေါက်တာစိုးဝင်းပိုင်ထံမှ သိရသည်။
ရခိုင်တွင် ရောဂါကူးစက်နှုန်းလျော့နည်းသော်လည်း သေဆုံးသူ ထပ်တိုးနေသဖြင့် တတ်နိုင်သမျှ အပြင်ကို မထွက်ဘဲ Stay at Home နေထိုင်ကြရန်နှင့် ကျန်းမာရေးဌာမှ ချမှတ်ထားသည့် ကိုဗစ်စည်းကမ်းများကို လိုက်နာကြရန် ဒေါက်တာစိုးဝင်းပိုင်က တိုက်တွန်းသည်။
သို့သော်လည်း လတ်တလော ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံများမှာ ကိုဗစ်စည်းကမ်းချက်များကို လိုက်နာမှုအားနည်းလာနေသည်ကို တွေ့ရသည်။
ရခိုင်ပြည်နယ် ကိုဗစ်ရောဂါ အန္တရာယ်စောင့်ကြည့်ရေးအဖွဲ့မှ ဦးဇော်လှိုင်ထွန်းက “လက်ရှိ ပြည်သူတွေ အခြေအနေက စည်းကမ်းမဲ့လာတာကိုတွေ့ရတယ်။ Mask မတပ်ဘဲ သွားလာနေကြတာရှိတယ်။ စစ်တွေမှာက Stay at home ရှိသေးပေမယ့်လည်း ကျောက်တော်တို့ ဘာတို့ကို ခရီးသွားတာတွေ ရှိကြပြီ။ ကိုယ်ဖြစ်လာရင် မိသားစု၊ ပတ်ဝန်းကျင်တွေပါ ထိခိုက်စေတဲ့ အတွက် မိမိက စလို့ ထိန်းထိန်းသိမ်းသိမ်း နေရမှာဖြစ်တယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်တွင် စစ်တွေမြို့ရှိ ဘဏ်ဝန်ထမ်း အမျိုးသမီးတဦး၌ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ရာမှ ကူးစက် နှုန်း မြန်သည့် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း စတင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် စစ်တွေမြို့တွင် ပိုးတွေ့လူနာများလည်း နေ့စဉ် ကူးစက်မှု များပြားလာခဲ့ပြီး ထိုမှတဆင့် မြောက်ဦး၊ ကျောက်ဖြူ စသည့် ရခိုင်ပြည်နယ် မြို့နယ်များအားလုံး၌ပါ ပိုးတွေ့လူနာ တနေ့ကို ၁ ထောင်ကျော်အထိ ဆက်တိုက်တိုးလာခဲ့သည့် အတွက် စိုးရိမ်ရသည့် အနေအထား ဖြစ်ခဲ့သည်။
အစိုးရအနေဖြင့် စစ်တွေမြို့မှ တခြားမြို့နယ်များကို ကူးစက်မှု မရှိစေရေးအတွက် ထိန်းချုပ်ရန် စစ်တွေမှ နေ့စဉ်ပြေးဆွဲ နေသော ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်း လမ်းခရီးစဉ်များကို ပိတ်ထားခဲ့ရသည်။ တမြို့နယ်နှင့်တမြို့သို့ ကူးလူးသွား လာမှုကို ချက်ချင်း တားမြစ်ခဲ့ရပြီး ပိုးတွေ့သူများပြားလာခဲ့မှုကြောင့် လူနာများကို ကုသနိုင်ရန် ရခိုင်ရှိမြို့နယ်တိုင်း၌ Quarantine စင်တာများကို ဆေးရုံ အပါဝင်၊ စာသင်ကျောင်း တို့တွင် ပြင်ဆင်ခဲ့ရသည်။
လူစုလူဝေး မဖြစ်စေရေးအတွက် စစ်တွေမြို့မဈေးကြီးကို နေရာပြောင်းလဲခြင်း၊ ဈေးရောင်းချခွင့်ကိုလည်း နံနက် ၆ နာရီမှ ၉ နာရီ အထိသာ ရောင်းချခွင့်ပြုခဲ့သည်။ ထို့ပြင် မလိုအပ်ဘဲ အပြင်သို့ မထွက်ကြရန် မြို့တွင်း လှည့်လည်ဆော်သြခြင်း၊ ပိုးတွေ့လူနာရှိသည့် ရပ်ကွက်များကို Lockdown ချခြင်းများ၊ မဖြစ်မနေ အပြင်သို့ ထွက်ရမည်ဆိုပါက ရပ်ကွက် အုပ်ချုပ် ရေးမှူး လက်မှတ်ပါသော ကတ်ပြားများဖြင့် သွားခွင့်ပြုခဲ့ရသည်။
ယင်းသို့ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါကူးစက်နှုန်းကို အချိန်မီ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းများကို လိုက်နာမှု မရှိသည့် ပြည်သူတချို့ကို ဝန်ခံကတိများ၊ ဒဏ်ငွေရိုက်ခြင်းများ ရခိုင်ပြည်နယ် အစိုးရက ပြုလုပ်ခဲ့ရသည်။
You may also like these stories:
ယူကေမှာ ပထမဆုံးအကြိမ် COVID-19 ကာကွယ်ဆေး စတင်ထိုးနှံ
တရုတ် အကူအညီဖြင့် ကိုဗစ် စစ်ဆေးသည့် ဓာတ်ခွဲခန်း တခု “ဝ” ပိုင်ဆိုင်
ကိုဗစ် ၁၉ ကာကွယ်ဆေး ဝယ်ယူ ထိုးနှံပေးနိုင်ရေး မြန်မာပြင်ဆင်နေ