တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေး မူဆယ်ဆန်ဈေးကွက်၌ တရုတ်နိုင်ငံသား ဆန်ကုန်သည် တဦးမှ မြန်မာဆန်ကုန် သည်များနှင့် တရုတ်နိုင်ငံ ရွှေလီ အခြေစိုက် ဆန်ကုန်သည်များအား ပေးချေရမည့် ဆန်နှင့်ဆန်ကွဲဖိုးငွေ ကျပ်သိန်းပေါင်း ၁ သိန်းကျော်ကို မပေးဘဲ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
အဆိုပါ တိမ်းရှောင်နေသူမှာ တရုတ်နိုင်ငံ ဟူပေပြည်နယ်မှ ဆန်ရောင်းဝယ်ရေး ကုမ္ပဏီပိုင်ရှင် လော်ကြံဖန် Luo Jianfang (ခေါ်) လော်လောပန်းဆိုသူဖြစ်ပြီး၊ ၎င်းမှ မြန်မာဆန်ကုန်သည်များအား ကျပ်ငွေသိန်း ၂၆,၀၀၀ နှင့် တရုတ်နိုင်ငံ ရွှေလီမြို့ အခြေစိုက် ဆန်ကုန်သည်များအား ကျပ်သိန်း ၈၀,၀၀၀ ကျော် စုစုပေါင်း ကျပ်သိန်းပေါင်း ၁ သိန်းကျော် မပေးဘဲ တိမ်းရှောင်နေခြင်းဖြစ်ကြောင်း မူဆယ် ဆန်ကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။
၎င်းက “အခု ကျနော်တို့ အလိမ်ခံလိုက်ရသူတွေနဲ့ အစည်းအဝေး လုပ်မယ်။ အဲဒီ အစည်းအဝေးကျရင် စာရင်းတွေဘာတွေ အတိအကျ ဖြစ်မယ်။ လူအရေအတွက်တွေရောပေါ့။ အဲဒီလို စာရင်းအတိအကျရပြီဆိုရင် စီးပွား/ကူးသန်းကို တင်ပြီး ကူညီ ဆောင်ရွက်ပေးဖို့ ပြောသွားမယ် ” ဟု ဆိုသည်။
အဆိုပါ ဆန်ဖိုးငွေများ မပေးချေဘဲ ထွက်ပြေး တိမ်းရှောင်သွားသည့် ဖြစ်ရပ်သည့် ပြီးခဲ့သည့် နိုဝင်ဘာလယ်ခန့် စတင်ဖြစ် ပေါ်ခဲ့ပြီး မြန်မာကုန်သည်များဘက်က အခြေအနေကို ပိုမိုသေချာအောင် စောင့်ကြည့်နေခဲ့ခြင်းကြောင့် ယခုရက်ပိုင်းမှ သာ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။
ယခု လိမ်လည်ခံရမှုတွင် မန္တလေးအခြေစိုက် ဆန်ကုန်သည် အများစု ပါဝင်ပြီး ၎င်းတို့မှတဆင့် ရန်ကုန်ရှိ ဆန်ကုန်သည် များ အနည်းငယ် လိမ်လည်ခံရခြင်း ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ဆန်ကုန်သည်တဦးက ဧရာဝတီသို့ပြောသည်။
၎င်းက “နယ်စပ် ဆန်အရောင်းအဝယ်က ဒီက ဆန်လာယူသွားပြီး တရုတ်ကုန်သည်က ဟိုဘက်မှာ သွားရောင်း၊ ပြီးရင် ဒီ ဘက်ကို ငွေပြန်လွှဲတဲ့ ပုံစံနဲ့ လုပ်ကြတာကို ပထမက တခုခုကြောင့် ရက်ကြာတယ်ဆိုပြီး စောင့်နေကြတာ အခုကတော့ အလိမ်ခံရတယ် ဆိုတာ သေချာသွားတာ ” ဟု ဆိုသည်။
ယင်းပြင် ယခု လိမ်လည်မှုတွင် တရုတ်နိုင်ငံ ရွှေလီမြို့မှ တရုတ်ဆန်ကုန်သည်များပါ အလိမ်ခံရသည့် အတွက် ထိုတရုတ် ဆန်ကုန်သည်များကို ဆန်ရောင်းချထားသော တခြားဆန်ကုန်သည်များအပေါ်ကိုလည်း လာရောက် သက်ရောက်မှု ရှိမည် ဖြစ်ကြောင်း အထက်ပါ ဆန်ကုန်သည်က ပြောဆိုသည်။
၎င်းက “အခုက တိုက်ရိုက် ခံလိုက်တဲ့သူတွေ ရှိသလို တဆင့်ခံတွေပေါ့။ မန္တလေးက ကုန်သည်က ရန်ကုန် ကုန်သည်ဆီက လှမ်းဆွဲယူပြီး ပေးတာမျိုးတွေ ရှိတယ်။ နောက် အခုခံရတဲ့ ရွှေလီက တရုတ်ဆန်ကုန်သည်တွေကလည်း ဒီက မြန်မာ ဆန် ကုန်သည်တွေကို ငွေပြန်ချေမယ့်သူတွေလေ။ အဲဒီတော့ သူတို့က ကြားထဲက စိုက်ပြီးလျော်မလား ဘာလုပ်မလဲ မသိသေး ဘူး” ဟု ပြောသည်။
လတ်တလောတွင် အလိမ်ခံခဲ့ရသည့် ဆန်ကုန်သည်များသည် သတ်မှတ်ထားသည့် စည်းကမ်းစည်းမျဉ်းများဖြင့် စနစ် တကျ မရောင်းချမှုမှ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မိမိအလိမ်ခံရသည်ကို ဖုံးကွယ်ထားသည့် အခြေအနေများလည်း ရှိကြောင်း ဆန်ကုန်သည်များထံက စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက “အခုက အလိမ်ခံရတဲ့သူကကျ မပြောချင်ဘူး။ ဘေးကလူက ပြောတာ ကျနော်တို့က ဟုတ်တယ် မဟုတ်ဘူးကို Facebook က ပျံ့နေတွေကို တွေ့ရတယ်။ အလိမ်ခံရတဲ့ လူတွေကိုယ်တိုင်က မြန်မာနိုင်ငံရဲ့ ထုတ်ကုန်သွင်းကုန် စည်းမျဉ်း ဥပဒေအတိုင်း မလုပ်လို့ ဖြစ်တာ” ဟု မှတ်ချက်ပြုသည်။
လက်ရှိအချိန်တွင် ထိုကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာအသင်းများနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနသို့ တရားဝင် ပြောကြားလာခြင်း မရှိသေးကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်လွင်က “ ဒီကိစ္စက ကျနော်တို့ဆီ ဘာမှ တရားဝင် လာပြောတာ မရှိသေးဘူး။ ဒါပေမယ့် လေ့လာစောင့်ကြည့်မှုတွေတော့ လုပ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ လိမ်လည်သွားသော တရုတ်ဆန်ကုန်သည်သည် တရုတ်နိုင်ငံအတွင်း ဆန်နှင့် ဆန်ကွဲတင်သွင်း ရောင်းချရာတွင် အခွန်တိမ်းရှောင်သည့် ပြဿနာများကြောင့် တရုတ်အစိုးရ၏ ထိန်းသိမ်းခံထားရသည့် အခြေအနေရှိကြောင်းလည်း သတင်းတွေ ထွက်ပေါ်လျက်ရှိသည်။
ထိုအခြေအနေကို သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပေ။
မြန်မာနိုင်ငံဆန်ကုန်သည်များနှင့် မြန်မာကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မှ ဆန်၊ ဆန်ကွဲ တင်ပို့ရောင်းချမှုများကို စာချုပ်စာတမ်း ခိုင်မာစွာ ချုပ်ဆိုရောင်းချရန်နှင့် လုပ်ထုံးလုပ်နည်းများကို စနစ်တကျ လိုက်နာ ဆောင်ရွက်ကြရန် နိုဝင်ဘာလ ၂၇ ရက်က မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်(MRF)က တိုက်တွန်းထားသည်။
ယင်းပြင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မူဆယ် ဆန်ကုန်စည်ဒိုင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် တရုတ်နိုင်ငံမှ ဆန် ဝယ်ယူသူများအား ရောင်းချရာတွင် ငွေကြး ဆုံးရှုံးမှု မရှိစေရေးအတွက် စာချုပ်စာတမ်း စနစ်တကျဖြင့် တရုတ်နိုင်ငံ အတွင်းသို့ တရားဝင် ဆန်တင်သွင်းခွင့် ကိုတာ (Quota) ရရှိထားသည့် ကုမ္ပဏီများကိုသာ ရောင်းချရန် ဆွေးနွေးခဲ့ ကြောင်း သိရသည်။
You may also like these stories:
တရုတ်က ပိတ်ထားသည့် မြန်မာဘဏ်အကောင့်များ ပြန်ဖွင့်ပေးရန် တောင်းဆို