မိုးကုတ်မြို့နယ်တွင် ပြန်ပေးဆွဲကာ ငွေတောင်းခြင်း၊ မြို့ပေါ်ထိ ဒေသခံများကို ဝင်ရောက်ဖမ်းဆီးသည့် လုပ်ရပ်များကို လုပ်ဆောင်ခြင်းက ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၏ အမျိုးသားရေး လှုပ်ရှားမှုကို မေးခွန်းထုတ်စရာ ဖြစ်သည်ဟု လူ့အခွင့်အရေး တတ်ကြွလှုပ်ရှားသူများနှင့် ဒေသခံရပ်မိရပ်ဖများက ပြောဆိုကြသည်။
လူ့အခွင့်အရေး တတ်ကြွလှုပ်ရှားသူတဦး ဖြစ်ပြီး Equality Myamar ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှာ ၎င်းတို့၏ တိုင်းရင်းသားလူမျိုးများ ဖိနှိပ်ခံရသည့် အပေါ်တွင် တွန်းလှန်သည့် အနေဖြင့် အခြေပြုကာ ပေါ်ပေါက် လာသည့် အဖွဲ့အစည်းများဖြစ်သဖြင့် အရပ်သားများကို လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခြင်းက မလုပ်သင့်သည့် လုပ်ရပ်ဖြစ်သည်ဟု ပြောသည်။
ဦးအောင်မျိုးမင်းက “ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တဲ့ အချက်တွေက ပြဒါးတလမ်း၊ သံတလမ်း ဖြစ်တာက အဖွဲ့အစည်းကို ထိခိုက်စေပါတယ်။ ကိုယ့်ရဲ့ အမျိုးသားရေး လှုပ်ရှားမှုကိုလည်း အများကြီး အရောင်ဆိုးသွားစေနိုင်ပါတယ်။ ဒါမျိုးတွေ သတိပြုဖို့ လိုအပ်ပါတယ်။ အစိုးရက လုပ်လို့ ၊ စစ်တပ်က လုပ်လို့ ငါတို့လည်း ပြန်ကျူးလွန်မယ်ဆိုတာက ဘယ်လိုမှ မှန်ကန်သော နိုင်ငံရေးလမ်းစဉ်လည်း မဖြစ်နိုင်သလို ဒီအဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကို သွားမယ့် လမ်းကြောင်းမှာ ဂုဏ်သိက္ခာ ရှိရှိ ရပ်တည်နိုင်ဖို့လည်း အများကြီး သက်ရောက်မှု ရှိပါတယ်” ဟု ပြောသည်။
ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းထားရခြင်း၊ စီးပွားရေးလုပ်ငန်းများလည်း ဝင်ငွေ ကျဆင်း နေချိန်တွင် TNLA တပ်ဖွဲ့မှ မိုးကုတ် ဒေသခံများကို ဆက်ကြေးငွေ ပေးရန် တောင်းခြင်း၊ အမျိုးသမီး တဦးကိုလည်း ချဲရောင်းသည်ဟု ခေါင်းစဉ်တပ်ကာ ဖမ်းဆီးပြီး ငွေဖြင့် ပြန်ရွေးခိုင်းခြင်း အပြင် SP Bakery မုန့်တိုက် ပိုင်ရှင်ဦးကျော်ဝင်း ကိုလည်း မြို့လည်ခေါင်တွင် ဝင်ရောက်ဖမ်းဆီးသွားခြင်းတို့ကြောင့် မိုးကုတ်ဒေသခံများမှာ ထိတ်လန့် နေကြသည့် အခြေအနေဖြစ်နေသည်။
ဦးအောင်မျိုးမင်းက “လူ့အခွင့်အရေးဆိုတာဘယ်သူပဲ ကျူးလွန် ကျူးလွန် လူ့အခွင့်အရေး ချိုးဖောက်မှုပဲ ဖြစ်ပါတယ်။ စစ်တပ်ကျူးလွန်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကျူးလွန်မှ ဆိုတာ မရှိဘူး။ ပြည်သူလူထုရဲ့လုံခြုံမှုကို ခြိမ်းခြောက်တာ မှန်သမျှကို ကျနော် ဆန့်ကျင်ပါတယ်” ဟုလည်း ပြောသည်။
ဒီဇင်ဘာလ၏ ပထမ ရက်သတ္တပတ်အတွင်း မိုးကုတ်မြို့တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ဖမ်းဆီးခြင်း ခံရသည့် ဒေသခံမှာ ၁၇ ဦး ရှိပြီဖြစ်သည်။
ထိုထဲမှ ၁ ဦးမှာ ဒီဇင်ဘာ ၄ ရက်က TNLA က ဖမ်းဆီးသွားသည့် SP Bakery မုန့်တိုက် ပိုင်ရှင်ဦးကျော်ဝင်း ဖြစ်ပြီး ကျန် ၁၆ ဦးမှာ မူးယစ်ဆေးရောင်းသည်ဟူသည့် စွပ်စွဲချက်ဖြင့် ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP) က ဖမ်းဆီး ထားခြင်း ဖြစ်သည်။
ထို ၁၇ ဦး အဖမ်းမခံရခင် အောက်တိုဘာအတွင်းကလည်း မိုးကုတ်မြို့ဒေသခံ ဒေါ်ခင်မြင့်ဌေးကို ချဲရောင်းသဖြင့် အပြစ် ရှိသည်ဟု အကြောင်းပြကာ TNLA တပ်ဖွဲ့က နေအိမ်တွင် ဝင်ဖမ်းသွားပြီး ငွေကျပ် သိန်း ၆၅၀ ဖြင့် ရွေးရန် မိသားစုကို အကျပ်ကိုင်ခဲ့သည်။
တောင်းသည့် ငွေမပေးနိုင်သဖြင့် မိသားစုဘက်မှ အခက်အခဲဖြစ်နေချိန် TNLA တပ်ဖွဲ့က ဒေါ်ခင်မြင့်ဌေးကို ညှင်းပန်း နှိပ်စက်ထားပြီး မိသားစုဘက်မှ အိမ်ပေါင်ကာ ငွေကျပ် သိန်း ၃၄၀ ဖြင့် လာရွေးမှ ပြန်လွှတ်ပေးခဲ့သည်။
SP Bakery မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်း ဖမ်းဆီးခံထားရသည်မှာ ၅ ရက်ကြာပြီဖြစ်သော်လည်း ယနေ့ထိ ၎င်းကို ဖမ်းဆီး ရသည့် အကြောင်းအရင်းကို TNLA မှ ဖြေရှင်းချက် ပေးခြင်း မရှိသေးပါ။ ဦးကျော်ဝင်း၏ ကျန်းမာရေး ကောင်းမွန်သည်ဟုသာ TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောဆိုသည်။
ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းမှ အတွင်းရေးမှူး၊ ဦးစိုင်းအောင်သန်းက “သူတို့ကို ဘယ်လိုမြင်လာမလဲဆိုတော့ ကိုယ့်အမျိုးသားရေးအတွက် အခွင့်အရေးအတွက် တိုက်တယ်ဆိုရင် ဒီလို အရပ်သားတွေ အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်အောင် အထိတ်တလန့် ဖြစ်အောင် မလုပ်သင့်ဘူးလို့ ကျနော်မြင်တယ်။ ကျနော်တု့ိက အခု မလုံခြုံဘူးလို့ ခံစားနေရတယ်။ ကိုယ့်အိမ်ကို တံခါး လာခေါက်ရင်တောင် ဘယ်သူမှန်းမသိ ဖွင့်ရမလား၊ မဖွင့်ရမလားပဲ။ ဒါကျနော်တို့ မလုံခြုံဘူးလို့ ခံစားနေရတဲ့ အခြေအနေပါ” ဟု ဆိုသည်။
ရပ်ရွာ လုံခြုံရေးအတွက် တာဝန်ရှိသည့် လုံခြုံရေးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ အစိုးရတို့အနေဖြင့် မိုးကုတ် ဒေသခံများ မိမိရပ်ရွာတွင် လုံလုံခြုံခြုံ နေနိုင်ရန် ဆောင်ရွက်ပေးစေလိုသည်ဟုလည်း ဦးစိုင်းအောင်သန်းက ပြောသည်။
ဧရာဝတီမှ ဆက်သွယ်မေးမြန်းထားသည့် မိုးကုတ်မြို့ ရပ်မိရပ်ဖများနှင့် ဒေသခံ ၁၀ ဦးခန့်မှာလည်း မိုးကုတ်မြို့တွင် လုံခြုံစိတ်ချသည့် အခြေအနေဖြင့် နေလိုပြီး လက်နက်ကိုင်တပ်ဖွဲ့များကို ကြောက်လန့်နေရသည့်အခြေအနေမျိုးဖြင့် မနေထိုင်လိုကြောင်း၊ ဒေသခံများ စီးပွားရေး ကျပ်တည်းနေချိန်တွင် ငွေတောင်းခံခြင်းများ မပြုလုပ်ရန် မေတ္တာရပ်ခံ လိုသည်ဟု ပြောဆိုကြသည်။
လူ့အခွင့်အရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့၏ တာဝန်ခံ ဦးတင်ထွန်းနိုင်ကလည်း “ဒေါ်ခင်မြင့်ဌေး၊ ဦးကျော်ဝင်း၊ ဒေါ်ကြည်သန်း၊ မနေ့တနေ့ကပဲ နောက်ထပ်တွေလည်း ကြားတယ်။ အများကြီးပဲ။ အယောက် ၂၀ လောက်ကို ရှိပါပြီ။ ငွေတောင်းခံရတယ်။ ဦးကျော်ဝင်းလိုကျ ဆွဲသွားတယ်။ လာပြီး ခြိမ်းခြောက်တယ်။ စာပစ်တယ်။ ဘယ်လောက်ပေးရမယ်၊ မဆောင်ရင် ဘယ်လိုအရေးယူမယ်ဆိုတာမျိုးတွေပေါ့။ အဲ့လို ခြိမ်းခြောက်မှုတွေ လာတာပါ”ဟု ပြောသည်။
မိုးကုတ်မြို့တွင် နေထိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များက ယခင်နှစ်များကလည်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို တိုးတိုးတိတ်တိတ် ငွေကြေး ပေးဆောင်နေရသော်လည်း ယခုလပိုင်းအတွင်း ဈေးဆိုင်ဖွင့်ထားသူများအထိ ပါ ငွေတောင်းခံခြင်းလာပြီး မပေးနိုင်ပါက အသက်အန္တရာယ်ကို ရန်ရှာမည့် အခြေအနေမျိုး ဖြစ်လာခြင်း ဖြစ်သည်ဟု ဦးတင်ထွန်းနိုင်က ပြောသည်။
ဦးတင်ထွန်းနိုင် က “သူတို့ ရည်ရွယ်ချက်က ဖက်ဒရယ်ဒီမိုကရေစီဆိုပြီး ပန်းတိုင်နဲ့ လုပ်နေတယ်။ ဒါလည်း ခေါင်းစဉ်ပဲ ရှိနေတယ်။ တကယ်လုပ် နေတဲ့ လုပ်ရပ်က အားလုံး မြင်တဲ့ အတိုင်းပဲ။ သူတလူငါတမင်းလုပ်နေတယ်။ အခု စာရွက်ပေါ်မှာ ဖက်ဒရယ် ရည်ရွယ်ချက်က ရှိပြီး အောက်မှာကျ ဆက်ကြေးတောင်း၊ ပြန်ပေးဆွဲနဲ့ ရိုက်နှက် ညှင်းပန်းနှိပ်စက်တယ်။ ဒါတွေက မဖြစ်သင့်ပါဘူး” ဟုလည်း ပြောသည်။
လူ့အခွင့်အရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့က မိုးကုတ်မြို့အခြေစိုက်သည့် ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်း၊ လီဆူ စာပေနှင့် ယဉ်ကျေးမှုအသင်း၊ မိုးကုတ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့၊ စိမ်းလန်းမိုးကုတ် အသင်း၊ မိုးကုတ် ကျောက်ကုန်သည်ပွဲစားများအဖွဲ့၊ ဘာသာပေါင်းစုံ ပတ္တမြားမြေငြိမ်းချမ်းရေးကွန်ရက် တို့နှင့် ပူးပေါင်းကာ TNLA ၏ လုပ်ရပ်များကို ကန့်ကွက်ကြောင်း စာတစောင် ထုတ်ပြန်ထားသည်။
ထို့ပြင် TNLA ဘက်မှ ဒေသခံများ ထိတ်လန့်အောင် လုပ်ဆောင်နေမှုများကို ရပ်တန့်ပေးရန် စာပို့တောင်းဆိုမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပြင် နိုင်ငံတကာ အဖွဲ့အစည်းများ ထံသို့လည်း စာများ ပေးပို့သွားမည်ဟု သိရသည်။
TNLA သည် အစိုးရ၊ တပ်မတော်တို့နှင့် အပစ်အခတ်ရပ်စဲရေး စာချုပ် တစုံတရာ ချုပ်ဆိုထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ဖြစ်ပြီး ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းနေဆဲ ဖြစ်သည်။
TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်၊ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ လားရှိုး၊ ကွတ်ခိုင်၊ သိန္နီ၊ ကျောက်မဲ ၊ နောင်ချို ၊ မိုးမိတ် အပြင် မန္တလေးတိုင်းဒေသကြီး ၊ မိုးကုတ်မြို့နယ်တွင် လှုပ်ရှားကာ ၎င်းတို့ လှုပ်ရှားသည့် နယ်မြေများ တွင် တပ်သားစုဆောင်းခြင်း၊ တော်လှန်ရေးရံပုံငွေအတွက်ဟု ဆိုကာ ဒေသခံများထံမှ ငွေကြေး ကောက်ခံမှုများ ပြုလုပ်သည်။
၂၀၁၈ ခုနှစ်၊ သြဂုတ် ကလည်း TNLA သည် နမ့်ခမ်းမြို့ပေါ်တွင် ကုန်စုံဆိုင်ဖွင့်လှစ်ထားသည့် ဆိုင်ပိုင်ရှင် ဒေါ်နန်းမိုဟွမ်ကို နေအိမ် အတွင်း ဝင်ရောက် ဖမ်းဆီးခဲ့သည်။
၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းက အရပ်ဝတ်ဖြင့် လာသည့် TNLA ၏ တပ်ဖွဲ့ဝင် ၂ ဦးက ဒေါ်နန်းမိုဟွမ်ထံတွင် ငွေ ၁၀ သိန်းကျော် တောင်းပြီး အပြန်လမ်းတွင် တပ်မတော် စစ်ကြောင်းက ပစ်ခတ်ဖမ်းဆီးရာ တဦးသေဆုံးကာ တဦးကို ဖမ်းဆီး တရားစွဲဆိုခဲ့သည်။
ထိုဖြစ်စဉ်ကို TNLA က စုံစမ်းစစ်ဆေးပြီးနောက် ဒေါ်နန်းမိုဟွမ်ကို တပ်မတော်ထံသတင်းပေးသည်ဟု စွပ်စွဲကာ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးပြီး ၎င်းတို့၏ အကျဉ်းထောင်တွင် ထောင် ၃ နှစ်ချရန် စီစဉ်ခဲ့သည်။
ထိုစဉ်ကလည်း ဒေါ်နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် လူ့အခွင့်ရေး တတ်ကြွလှုပ်ရှားသူများ၊ အရပ်ဘက်အဖွဲ့အစည်း များ၊ နမ့်ခမ်းဒေသခံများ ဝိုင်းဝန်းတောင်းဆိုခဲ့ပြီးနောက် TNLA ၏ မဟာမိတ်တပ်ဖွဲ့များထံလည်း စာပို့တောင်းဆိုခဲ့ရာ ၂လအကြာတွင် ပြန်လွှတ်ပေးခဲ့သည်။
You may also like these stories:
တရုတ် အကူအညီဖြင့် ကိုဗစ် စစ်ဆေးသည့် ဓာတ်ခွဲခန်း တခု “ဝ” ပိုင်ဆိုင်
နမ္မတူတွင် RCSS နှင့် TNLA တို့ နယ်မြေအငြင်းပွားမှုဖြင့် တိုက်ပွဲပြန်ဖြစ်
အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့ ဖက်ဒရယ် အခြေခံမူများ ဆွေးနွေးရန် ပြင်ဆင်