ဧရာဝတီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ ကာလနောက်ပိုင်း တလအတွင်း ကိုဗစ် – ၁၉ ရောဂါပိုးတွေ့ရှိသူ အရေအတွက် ၂ ဆကျော် မြင့်တက်ခဲ့သလို သေဆုံးသူ အရေအတွက်မှာလည်း ၆ ဆခန့် မြင့်တက်လာခဲ့ကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်း၌ ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကိုဗစ်အတည်ပြုလူနာ ၁၄၃၀ ဦးရှိခဲ့သော်လည်း တလတာအတွင်း လူနာဦးရေ ၁၉၀၀ ခန့် မြင့်တက်ခဲ့ရာ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ကိုဗစ်လူနာ ၃၃၁၃ ဦးအထိ တိုးမြင့်လာခဲ့သည်။
ထို့ပြင် နိုဝင်ဘာလ ၈ ရက်နေ့အထိ သေဆုံးလူနာ ၃ ဦးသာရှိခဲ့သော်လည်း တလတာ ကာလအတွင်း လူနာ ၁၈ ဦးအသက်ဆုံးရှုံးခဲ့ရာ သေဆုံးလူနာ ၂၁ ဦးအထိ တိုးမြင့်ရောက်ရှိခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနစာရင်းအရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သီဟအောင်က “စက်တင်ဘာလကနေ စတင်ခဲ့တဲ့ ဒုတိယလှိုင်းမှာ ရန်ကုန်တိုင်းနဲ့ထိစပ်နေတဲ့ နယ်စပ်မြို့နယ်တွေမှာ အဖြစ်များ ပါတယ်။ အဲဒီနောက်ပိုင်းမှာ တခြားဒေသတွေမှာပါ ကူးစက်မှုတွေ ပိုများလာတာ တွေ့ရတယ်။ အဓိကတော့ လူစုလူဝေးလုပ်တာတွေ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းလိုက်နာမှု အားနည်းမှုတွေကြောင့် အခုလို အရေအတွက်တွေ မြင့်တက်လာတာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်း၌ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိသည့်လူနာအများစုမှာ ရန်ကုန်တိုင်းမှ ပြန်လာ၍ ကွာရန်တင်းဝင်ရောက်နေသူများ၊ ရွေးကောက်ပွဲနေ့တွင် ဧရာဝတီတိုင်းသို့ ပြန်လာ၍မဲပေးသူများ၊ ကုန်စည် စီးဆင်းမှု မပြတ်တောက်စေရန် ကိုဗစ်ရောဂါ စစ်ဆေး၍ သွားလာခွင့်ပြုထားသည့် ကုန်ကားမောင်းသူနှင့် ယာဉ်နောက်လိုက်များ၊ ပိုးတွေ့လူနာမှတဆင့် ထပ်ဆင့် ကူးစက်ခံရသူများဖြစ်ကြောင်း သိရသည်။
သို့သော် နိုဝင်ဘာလကုန်ပိုင်းနှင့် ဒီဇင်ဘာလဆန်းပိုင်းကာလတွင် ပိုးတွေ့လူနာနှင့် ထိတွေ့မှုမရှိ၊ ခရီးသွားရာဇဝင် မရှိသော၊ ရောဂါပိုးကူးစက်မှု နောက်ကြောင်းရာဇဝင် စုံစမ်း၍မရသည့် ကိုဗစ်လူနာများ ဧရာဝတီတိုင်း၌ တဖြည်းဖြည်း များပြားလာခဲ့ကြောင်း ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဌာန၏ စာရင်းများအရ သိရသည်။
ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သီဟအောင်က “အခုနောက်ပိုင်းမှာ ဒေသတွင်းကူးစက်မှုတွေ တွေ့နေရပြီ။
အထူးသဖြင့် အနံ့ပျောက်လို့ ဆေးရုံရောက်လာတဲ့သူတွေကို စစ်လိုက်ရင်ပိုးတွေ့နေရတယ်။ သူတို့က ခရီးသွား ရာဇဝင်မရှိ၊ ကိုဗစ်လူနာနဲ့ ထိတွေ့မှုလည်းမရှိဘဲ စစ်လိုက်တော့ ရောဂါပိုးရှိနေတာ။ ဒါကြောင့် ပြည်သူများ အနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို တိကျစွာ လိုက်နာပေးကြဖို့ ပန်ကြားလိုပါတယ်” ဟု ပြောသည်။
ဧရာဝတီတိုင်း၌ အောက်တိုဘာလ ၃၀ ရက်နေ့တွင် မြောင်းမြဆေးရုံ၌ ကိုဗစ်လူနာတဦး ပထမဆုံး သေဆုံးခဲ့ပြီး
နိုဝင်ဘာ ၆ ရက်နှင့် နိုဝင်ဘာ ၈ ရက်နေ့တို့တွင် ကိုဗစ်လူနာ ၂ ဦး ထပ်မံသေဆုံးခဲ့သည်။ ထို့နောက် လူနာသေဆုံးမှု ရပ်တန့်နေခဲ့ရာမှ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ဒီဇင်ဘာ ၅ ရက်နေ့အတွင်း ကိုဗစ်လူနာ ၁၈ ဦး အသက်ဆုံးရှုံးခဲ့သည်။
မြောင်းမြခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ နှစ်ဆန်းဦးက “ကိုဗစ်ကြောင့် သေဆုံးသူတွေက မူလကတည်းက ရောဂါအခံရှိသူတွေ၊ အသက်အရွယ်ကြီးသူတွေ သေဆုံးကြတာများပါတယ်။ စည်းကမ်းမလိုက်နာတဲ့သူတွေက ကိုဗစ်ကူးစက်ခံရပေမယ့် သူတို့ကလူကောင်းလိုနေနိုင်ကြတယ်။ အိမ်မှာနေတဲ့ အဖိုး၊ အဘွားတွေ၊ ရောဂါအခံရှိတဲ့ လူတွေက ကိုဗစ်ရဲ့သားကောင်တွေ ဖြစ်ကုန်ကြတယ်။ ဒါကြောင့် ပြည်သူတွေ စည်းကမ်းလိုက်နာမှသာလျှင် ဒီကပ်ရောဂါကို ကျနော်တို့ ကျော်လွှားနိုင်မှာပါ”ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ကိုဗစ်ဒုတိယလှိုင်းကာလအတွင်း ရောဂါကူးစက်မှုမြင့်တက်နေသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်သည့် ပုသိမ်၊ မအူပင်နှင့် ဖျာပုံမြို့နယ်တို့ကို စက်တင်ဘာ ၂၅ ရက်နေ့မှစတင်ကာ ပြည်သူများနေအိမ်၌သာ နေထိုင်ကြရန် Stay at Home အမိန့် ထုတ်ပြန်ကြေညာခဲ့သည်။
Stay at Home အမိန့် ကြေညာပြီးနောက်ပိုင်း ဧရာဝတီတိုင်း၌ ကိုဗစ်ကူးစက်မှုနှုန်း လျော့ကျခဲ့သော်လည်း အောက်တိုဘာ တတိယပတ်မှစတင်ကာ ရောဂါကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရောဂါကူးစက်မှုနှုန်းအပြင် လူနာသေဆုံးသည့်ပမာဏပါ ဆက်တိုက်မြင့်တက် ခဲ့ခြင်း ဖြစ်ဲ့ကြောင်း ဧရာဝတီတိုင်းပြည်သူ့ကျန်းမာရေးဌာန စာရင်းများအရသိရသည်။
ပုသိမ်မြို့အခြေစိုက် ပဒုမ္မာ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဒါရိုက်တာ ဦးမြင့်ဌေးက “Stay at Home အမိန့်ထုတ်ပြန်တာက ကျန်းမာရေးဌာန၊ ဒီအမိန့်ကို ဥပဒေအရ အထောင်အထည်ဖော်ရမှာက ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန။ သို့ပေမယ့် သူ့လက်အောက်မှာရှိတဲ့ မြို့နယ်၊ ရပ်ကျေးအဆင့်ကအစ အကောင် အထည်ဖော်ဖို့ အားနည်းနေတယ်။ ရောဂါကူးစက်မှုတွေ လျော့ကျဖို့ဆိုရင် Stay at home အမိန့်ကို ပြည်ထောင်စုအစိုးရအဖွဲ့ လက်အောက်က ထွေအုပ်ဌာနက တိတိကျကျအကောင်အထည်ဖော်ပေးဖို့ လိုမယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ပြည်သူတွေက လိုက်နာရမယ့်၊ ရှောင်ကျဉ်ရမယ့် ကျန်းမာရေးအသိတွေ လေးလေးနက်နက် ရရှိသွားပါမယ်။ ဒါမှသာ ကိုဗစ်ရောဂါ ကူးစက်မူတွေ တဖြည်းဖြည်း လျော့ကျလာမယ်လို့ ထင်ပါတယ်”ဟု ပြောသည်။
လက်ရှိတွင် ဧရာဝတီတိုင်း၌ ဒီဇင်ဘာလ ၈ ရက်နေ့အထိစာရင်းအရ ကိုဗစ်အတည်ပြုလူနာ ၃၃၁၃ ဦးရှိခဲ့ပြီး အဆိုပါ လူနာများအနက် လူနာ ၂၅၄၂ ဦးမှာ ရောဂါသက်သာပျောက်ကင်းသဖြင့် ဆေးရုံမှဆင်းသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကိုဗစ်လူနာပေါင်း ၇၇၁ ဦးမှာ ဧရာဝတီတိုင်းအတွင်းရှိ သက်ဆိုင်ရာဆေးရုံအသီးသီးတွင် ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန စာရင်းများအရ သိရသည်။
You may also like these stories:
ရခိုင်တွင် ကိုဗစ်ကြောင့် သေဆုံးသူ ၃၀ ကျော်ထိ ရှိလာ
တရုတ် အကူအညီဖြင့် ကိုဗစ် စစ်ဆေးသည့် ဓာတ်ခွဲခန်း တခု “ဝ” ပိုင်ဆိုင်
ကိုဗစ် ၁၉ ကာကွယ်ဆေး ဝယ်ယူ ထိုးနှံပေးနိုင်ရေး မြန်မာပြင်ဆင်နေ