ရခိုင်ပြည်နယ် စစ်တွေမြို့၌ ယနေ့ကျရောက်သော ဒီဇင်ဘာလ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် လူ့အခွင့်အရေး ကမ်မိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့ရာတွင် ဦးဆောင်သူ ၃ ဦးကို ယနေ့နံနက် ပိုင်းက ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သတင်းရှိသည်။
ဖမ်းဆီးခံရသူ ၃ ဦးတို့မှာ ရခိုင်မျိုးဆက်သစ်ကွန်ရက်မှ ကိုသန်းလှ(ခ) မင်းဘာချေ၊ ကိုနိုင်နိုင်ထွန်းနှင့် မခိုင်မြတ်သူတို့ဖြစ်ကြပြီး လက်ရှိတွင် စစ်တွေမြို့ အမှတ် ၁ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ကမ်ပိန်းလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူတို့ထံမှ သိရသည်။
လှုပ်ရှားမှုတွင် ပါဝင်သူ ကိုအောင်နိုင်က “ကျနော်တို့က BXT ဆိပ်ကမ်း ဘက်ကနေ ပွိုင့်ကမ်းခြေဘက်ကို လှုပ်ရှားသွားကြတာ။ ပွိုင့်ကမ်းခြေမှာပဲ ရဲတွေက ကျနော်တို့ကို လူစုခွဲခိုင်းတယ်။ ပြီးတော့ ဒီကမ်ပိန်းကို ဦးဆောင်တယ်ဆိုပြီးတော့ သူတို့ ၃ ဦးကို ဖမ်းသွားတာဖြစ်တယ်” ဟု ပြောသည်။
ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့သည် နိုင်ငံတကာလူ့အခွင့်ရေးနေ့ဖြစ်သလို နိုဝင်ဘာ ၂၅ ရက်နေ့က ဒီဇင်ဘာ ၁၀ ရက်နေ့ဟာ အမျိုးသမီး အကြမ်းဖက်မှု ပပျောက်ရေးနေ့လည်းဖြစ်သဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသည့်အနေဖြင့် စစ်တွေမြို့ရှိ လူငယ် လူ့အခွင့်အရေးကို စိတ်ဝင်စားသူ ၃၀ ခန့်က ဆိုင်ကယ်၊ ကားများဖြင့် သွားကာ ကမ်ပိန်းပြုလုပ်ရခြင်းဖြစ်ကြောင်း လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူတို့က ဆိုသည်။
နောက်ထပ် ကမ်ပိန်းလှုပ်ရှားရာဝင် ပါဝင်ခဲ့သူ မဦးခင်သိန်း က “ဒီနေ့ဟာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ အတွက် လူသားတယောက်အနေနဲ့ လှုပ်ရှာဖို့ အခွင့်အရေးရှိတယ်။ နောက်ပြီးတော့ ဒီနေ့အထိ အမျိုးသမီး အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုလည်း ရှိသေးတယ်။ နောက်တခါ ရခိုင် စစ်ပွဲတွေကြားထဲမှာလည်း အမျိုးသမီးတွေ အကြမ်းဖက်ခံရတာရှိတယ်။ ဒါကြောင့် ဒီလို လုပ်တာကို ဖမ်းဆီးတာကို လုံးဝရှုပ်ချတယ်။ အစိုးရအနေနဲ့ ဒီလိုမျိုး မလုပ်သင့်ဘူး ” ဟု ဆိုသည်။
ယင်းသို့ ကမ်ပိန်းပြုလုပ်သည့် လူငယ် ၃ ဦး ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး စစ်တွေမြို့အမှတ် ၁ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အောင်မြဦးနှင့် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်တို့ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပေ။
ယနေ့ လှုပ်ရှားမှုတွင် လူ့အခွင့်ရေး၊ အမျိုးသမီးများကို လေးစားပါ။ အကြမ်းဖက်မှုပပျောက်ရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်ပါ စသည့် အချက်များဖြင့် ဗီနိုင်းများ ထောင်ကာ ကမ်ပိန်းပြုလုပ်ခဲ့ကြခြင်းလည်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံထားရသူ လူငယ် ၃ ဦးအား သက်ဆိုင်ရာမှ မည်သည့် ပုဒ်မများဖြင့် အမှုဖွင့် ဆောင်ရွက်သွားမည်ကို လောလောဆယ် မသိရသေးရပေ။
You may also like these stories:
ရခိုင်တွင် ကိုဗစ်ကြောင့် သေဆုံးသူ ၃၀ ကျော်ထိ ရှိလာ
ရခိုင်ဒုက္ခသည်စခန်းမှ မိန်းကလေးငယ်တဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်သူများအား ရှာဖွေနေ